ရင့်ကျတ်မှုတွေနဲ့တစ်ရေးနိုးပေးပါ

ကောင်မလေးရယ်..
လောကကြီးအလယ်မှာ
ရင့်ကျတ်မှုတွေနဲ့တစ်ရေးနိုးပေးပါ..
စိတ်ကောက်မှုတွေကိုချော့ရတဲ့
ငါ့ရဲ့လျှာက
ယောင်းမတစ်ချောင်းမဟုတ်ဘူး...။
မနက်ဖြန်တိုင်းအတွက်
ဘယ်လိုပန်းပင်ကမှလည်း
အစဉ် ပွင့်မပေးနိုင်ခဲ့ဘူး
ကမ္ဘာမြေပြင်ကြီးကတော့
ဘယ်လိုအရာကိုမှမငြင်းဆန်တက်ဘူး
သင်ယူကြည့်ပေါ့..
ကောင်းကင်ဆိုတာ
တိမ်တွေလမ်းသလားဖို့အတွက်
ဖောက်လုပ်ထားတဲ့
အပြာရောင်ပန်းချီကားတစ်ချပ်ပါပဲ။
တို့တစ်တွေဟာ..
ရေမျက်နှာပြင်ထက်မှာ
'ထ' 'ထ'ပြီပွက်တက်တဲ့
ရေပလုံစီအချင်းချင်း
နားလည်မှုတွေနဲ့ရင်ချင်းဆက်ကြမယ်.။
'ဖြတ်ကနဲ'လင်းဝေခွင့်ရတဲ့
'တဒင်္ဂ'လေးများစွာနဲ့ပဲ
ကိုယ့်ပုံတူကို ကိုယ်တိုင်ဆွဲကြမယ်...။
..........................................
ဘာပဲဖြစ်ဖြစ်..
ရင့်ကျတ်မှုတွေနဲ့တစ်ရေးနိုးပေးပါ..။

Posted by ကိုကို ခန့်ချောကြီး on Thursday, January 31, 2013


အဝိဇ္ဇာ အရောင်းပြခန်း

အမဲဖျက်ခံလိုက်ရပြန်ပေါ့
ရွှေသားအတိ အိပ်မက်တွေ
အထည်ကြီးပျက် ကဗျာတစ်ပုဒ်
အဲဒီရုပ်ထု ရေညှိတက်နေပြီ
တစ်ယောက်က သေချင်ယောင်ဆောင်နေသူ
တစ်ယောက်က ရှင်ချင်ယောင်ဆောင်နေသူ
ကျွန်တော်က ပျော်ချင်ယောင်ဆောင်နေသူ
ဒီတောင်ကို ကျော်နိုင်ပါ့မလား
ဘယ်အချိန်ကစပြီး မှားခဲ့တာလဲ
မီးကိုတွေ့ရှိပြီး နောက်ပိုင်းလား
ဘီးကို တီထွင်ပြီး နောက်ပိုင်းလား
သင့် အမျိုးအစားကို သိပါရစေ
ယာဉ်ကြောပိတ်ဆို့မှုကို ကြည့်ရင်း
စိတ်ပျက်နေတဲ့ မိတ်ဆွေ
ခင်ဗျားစိတ်ထဲမှာ ဘာတွေ ပိတ်ဆို့နေပါသလဲ
စာအိတ်ပေါ်က တံဆိပ်ခေါင်းကို ကြည့်ရုံနဲ့
အဲဒီဒေသ အခြေအနေကို ရိပ်မိပါတယ်
အဆင်သင့် ဖြစ်ပြီလား
အချိန်မှန် နောက်ကျခြင်းတွေနဲ့
ဖုတ်သွင်း ရထားဝင်လာပြီ
ကပ်ဆိုက်ခြင်း ဘူတာရုံဆီသို့
မေ့ကျန်နေခဲ့တာက
သံလိုက်အိမ်မြှောင်တစ်ခု
လမ်းညွှန် မြေပုံတစ်ချပ်
စားနပ်ရိက္ခာတော့ လုံလောက်မယ်ထင်ရဲ့
အာရုံ ငါးပါးရဲ့ ရှုမျှော်ခင်းကို
ပုလင်းထဲက သွန်ချလိုက်တယ်
ယခုအချိန်မှစ၍
ကျွန်တော့်ကို မြည်းကြည့်နိုင်ပါပြီ။ ။

ကြည်မောင်သန်း
( ၂၀၀၇ ဇန်နဝါရီ၊ ချယ်ရီ မဂ္ဂဇင်း၊)

Posted by ကိုကို ခန့်ချောကြီး on Tuesday, January 29, 2013

အချစ်ဆုံးငယ်လေ
ကျွန်မရယ်သေကာသွားမှဖြင့်
လွမ်းစရာ့တေးတွေကို
 မောင်မဆိုနေနှင့်။…နော်။
သြော်…နှင်းဆီပင်ဖြစ်စေ
အရိပ်ဝေေ၀သက်ပေးတဲ့
ဆိုင်းပရက်(စ်)ပင်ပဲဖြစ်ဖြစ်
ဘယ်သစ်ပင်တွေကိုမှ
ကျွန်မရဲ့မြေပုံဦးမှာ
အထူးမစိုက်နဲ့ရှင်ရယ်။…နော်။
သြော်…မိုးဖွဲလေးတွေ
နှင်းဥလေးတွေနှင့်ပဲ
ကျွန်မမြေပုံထက်က
မြက်ခင်းလေး စိမ်းမြမြ
သဘာဝအတိုင်းစိုနေပါစေ။…နော်။
သြော်…ပြီးတော့လည်းရှင်
သတိရချင်လည်း…
သတိရနေပေါ့။…နော်။
မေ့ချင်တော့လည်း…
မေ့သာပစ်လိုက်တော့မောင်။…နော်။
 အရိပ်တွေကို ကျွန်မ
မြင်ရတော့မှာမဟုတ်ဘူးလေ။
မိုးရေမြမြကိုလည်း
ကျွန်မ ခံစားရမယ်မဟုတ်ဘူးရှင်။
နာကျင်မှူနဲ့ ညည်းသလို
မပြတ်တမ်းတေးဆိုနေတဲ့
နိုက်တင်ဂေး(လ်)လေးကိုလည်း
ဘယ်လိုမှ ကျွန်မ
ကြားရတော့မှာမဟုတ်ဘူး။
ပျို့ဦးပြီးလည်း တက်မလာ
ငုတ်ကာလည်း သက်မဆင်း
သည်သဘောတွေက ကင်းတဲ့
အရုဏ် မလင်းတလင်းလေး တစ်ကြော
မြောအိပ်မက် မက်ရင်းက
ကျွန်မလည်း….။
ပျော်ပျော်ကြီး သတိရချင်ရနေမယ်
ပျော်ပျော်ကြီး မေ့ချင်လည်း မေ့နေမယ်မောင်။…နော်

                                                                  (ခရစ်စတီးနရိုးဆက်တီ)
(တမ်းတမိခြင်း)ကဗျာစာအုပ်မှ ဘာသာပြန်ကဗျာလေး ဖြစ်ပါသည်။

Posted by ကိုကို ခန့်ချောကြီး on


တစ်တောင်ပေါ် တစ်တောင်ဆင့်၊
တောင်အမြင့် ပတ်ခြံရံ။

တစ်တောင်ဆုံး ပြန်တော့၊
တစ်လုံးပြန်ကျန် ပြန်ပေသမို့၊
အဖန်ဖန်လေ အားအင်နှိုးလို့ရယ်၊
ကြိုးလျှောက်ရပြန်။

တခါတလေ တကယ်ပန်းတာကြောင့်၊
တော်ပါပြီ ဆက်မလှမ်းချင်ဘု၊
ရပ်တန်းက ရပ်မယ်ကြံ၊
အမှန်တော့ ဖြစ်နိုင်မလား။

စခဲ့မိဟာပေါ့၊
တစ်နေ့မှာ ဆုံးရာရောက်ပါလိမ့်၊
အားလျှော့ကာ ဆုတ်ချင်စမ်းပါနဲ့၊
စိတ်နွမ်းအသာဖြေဦး၊
မာလာငွေ ကန်ရေအေးရယ်နှင့်၊
ငှက်တေးကို အာရုံဆင်လို့၊
မူတသွင် အားအင်သစ်လိုက်ပါ့၊
ချစ်ဖွယ့်လူသား . . .။ ။

Posted by ကိုကို ခန့်ချောကြီး on


သူတို့ အဆုတ် ထားခဲ့မြှုပ်သည့်
ဗုံးငုတ်တိုက်မှား မောင်ပြောက်ကျားကို
ရွာသားရွာသူ မေးကြမြူသည်
အူအူယမ်းငွေ့  ထတုန်တည်း။

အမောင် ပြောက်ကျား၊ ချစ်သူအားကို
ဘာများ မှာခဲ့ လိုသနည်း ။

ငယ်က ကြင်မြတ် ၊ မိသက်မှတ်ကို
ခွင့်လွှတ်ခဲ့ကြောင်း ပြောပါလေ။

အမောင် ပြောက်ကျား ၊ မိဖအားကို
ဘာများ မှာခဲ့ လိုသနည်း ။

မွေးသည့်မိခင် ၊ မွေးဖခင်ကို
ဦးတင်ခဲ့ကြောင်း ပြောပါလေ ။

မောင် ပြောက်ကျား ၊ တိုင်းပြည်အားကို
ဘာများ မှာခဲ့ လိုသနည်း ။

ခရီးမတ်တပ် ၊ လမ်းခုလတ်တွင်
ကိုယ်လွတ် ရှောင်ခွာ ၊ ခွဲရပါရ်ျ
အားနာခဲ့ကြောင်း ပြောပါလေ ။

ယမ်းငွေ့အူအူ ၊ တလူလူနှင့်
မေးမြူကြတုန်း ၊ အနောက်ကုန်းတွင်
နေလုံး ကွယ်လေ ပြီတကား ။

…………………………
မင်းသုဝဏ် (မြ၀တီမဂ္ဂဇင်း၊ မတ်လ ၁၉၆၃)

Posted by ကိုကို ခန့်ချောကြီး on


နှစ်တွေကြာခဲ့ပေါ့
ဒီလောက် လောင်မီးကျခဲ့တာတောင်
အဲဒီ မျက်နှာလေးက
ငါ့အတွက် တသွင်သွင် လှပနေတုန်းပဲ။

အနမ်းတွေ ..
ငါ့အတွက်မို့ ရွာသူ ဖမ်းစားတာ ခံရလေတယ်
မြင်းတစ်ကောင်မှ မက တဲ့ ရထားလုံးအိမ်ထဲမှာ
ငါ .. ဘယ်ကိုပြေးမလဲ ..

ကိုယ့်ကိုယ်ကို တစ်ပွင့်ချင်း ပြန်ခူးကြည့်တော့လည်း
ဆူး … စူးတာပါပဲ
စားပွဲစွန်းက ဖန်ခွက်လို
ထောင်းလမောင်းကြေကျကွဲပြန်တယ် နှင်းဆီစော်နံတယ်

အချစ်ဟောင်းရေ
ကိုယ်လှေစီးကြောင်းတွေလည်း ပြောင်းပြန်စီးမျောခဲ့ပေါ့
လွန်လေပြီးသော စနေနံနက်တစ်ခုကို လွမ်းမြ ရီဝေရင်း
………………. ……………… ……………
(ဒီကဗျာကို ကိုယ်ဆက်မရေးချင်တော့ဘူး)

မင်း… ချမ်းမြေ့ပါစေ ..။ ။
တာရာမင်းဝေ

Posted by ကိုကို ခန့်ချောကြီး on

ခွေးမကြီးနို့၊ခွေးငယ်စို့သည်


နို့အုံနို့သား၊မဖွံ့ထွားဘဲ


ပြားကပ်ပိန်လှီရှိချေသည်။


အရိုးပေါ်တွင်၊အရေတင်လည်း


မိခင်မေတ္တာ၊ အကြင်နာကား


ရင်မှာပြန့်စည်၊ သွေးကိုတည်သည့်


နို့ရည်မခမ်း၊ သားရွှင်လန်းအောင်


ပေးစွမ်းသမှု၊ ခွေးမပြုသည်


သာဓုခေါ်မိငါ့ရင်ထဲ။



ထိုစဉ်အတွင်း၊ စားကြွင်းစားကျန်


မြင်ပြန်ခဏ၊ ထိုခွေးမသည်


ဘာဝသတ္တိ၊ ပြလေဘိသို့


သူ၏သားငယ်၊နို့ပိန်တွယ်ကို


ရုန်းဖယ်ချန်သွား၊ ဆန္ဒများနှင့်


အစားတစ်လုတ်၊ အားအထုတ်တွင်


သားပြုတ်ကျန်ရစ်ထိုနေရာ။




ရသာမွန်ဦး၊ အစားထူးတွင်


ယစ်မူးတပ်မက်၊ စည်းစိမ်ဖက်ခိုက်


ပေါ်ထွက်အသံ၊ သားငိုသံကြောင့်


လည်ပြန်လှည့်ကြည့်၊ ဇောကပ်ငြိပြီ


သူ၏အစား၊တစ်ဝမ်းလျားနှင့်


သူ့သားခေါ်ငင်၊သံယောဇဉ်သည်


ဆွဲငင်အားပြ၊ ဇောလုံးကြွ၍


ခွေးမအူသံညံသတည်း။ ။

တိုးလူ

Posted by ကိုကို ခန့်ချောကြီး on



 ရေးတဲ့ကဗျာဆရာကိုမသိပါဘူး။ကျွန်တော်အရမ်းခံစားရလို့မျှဝေတာပါ။သည်နေ့ဟာမိခင်များနေ့ပါ။
အမျိုးသမီးတွေရဲ့တန်ဖိုးဆိုတာ ကျွန်တော်ရင်မှာယုံကြည်တာကတော့မိခင်စိတ်ပါပဲ..။မိခင်စိတ်ဆိုတာ
အမျိုးသမီးတိုင်းရဲ့မွေးရာပါ..အလှပဆုံးစိတ်ပါပဲ..။အမေ့ရဲ့ကျေးဇူးတရားတွေ..အမေ့ရဲ့..မေတ္တာတရား
တွေကိုဖွင့်ဆိုခဲ့ကြတဲ့စာဆိုရှင်တွေမြောက်များစွာရှိခဲ့ပါတယ် ...။ကျွန်တော်..တကယ်စိတ်မကောင်းပါ
ဘူး..။သည်ကဗျာကိုရေးဖွဲ့ခဲ့တဲ့..ပုဂ္ဂိုလ်ကဗျာဆရာကိုမသိရတဲ့အတွက်...စိတ်မကောင်းဖြစ်မိပါတယ်။
သိရှိတဲ့သူများရှိခဲ့ရင်...ကွန်မန့်မှာရေးခဲ့စေချင်ပါတယ်..။အမေနဲ့..မိခင်များ..စိတ်၏ချမ်းသာခြင်း..ကိုယ်
၏ကျန်းမာခြင်းနဲ့ထာဝရပြည့်စုံနိုင်ကြပါစေ...။

အမေ...
ကြယ်ကြွေတွေ ကောက်ပြီး
လေထဲမှာ အိမ်ဆောက်မိသူက
ကျွန်တော်ပေါ့......

တိမ်တောက်တဲ့ ညနေတိုင်း...
ကောင်းကင်ကိုကြည့်ငေး
ကျွန်တော်မပါတဲ့...
မိသားစု ထမင်းဝိုင်းလေးဆီကို
စိတ်တွေကပြေးလို့...
အမေ့အနား...
ခုချက်ချင်း ရောက်သွားလိုက်ချင်တယ်.....။

အမေ့ ရင်ခွင်ရဲ့အဝေး..
ခြေစုံကန် ထွက်ပြေးခဲ့မိတာ ၃ နှစ်...
အဲဒီ့ အတောအတွင်းမှာ...
ဒဏ်ရာတွေနဲ့ပဲ..နစ်နေရတယ် အမေ.....။

အမေရေ....
မာယာစုံတဲ့လောကကြီးရဲ့....
မျက်နှာဖုံးတုတွေကြားထဲမှာ..
ရိုးသားစွာ ခရီးဆက်...
သူတစ်ပါးကို နင်းတက်လိုက်ရမှာ...
ကျွန်တော်..ရှက်တယ်.......။

လိုအင်တစ်ခုအတွက်....
အမှန်တရားကို မြိုချ...
လိုအပ်ချက် တစ်ခုအတွက်...
သူများ ခြေထောက်တွေကို လိုက်လိုက်လျက်ရမှာလဲ....
ကျွန်တော် ရှက်တယ်......။

အများနဲ့ တစ်ယောက်....
လူတွေက ကျွန်တော့်ကို..
မျက်မှန် အနောက်နဲ့ ကြည့်ကြတယ်.....

တကယ်တော့ အမေရယ်...
မိုးရွာတုန်း ရေခံဆိုပြီး...
သူတို့ သောက်နေတဲ့ မိုးခါး.....
ကျွန်တော် မမက်မောတတ်တာ အပြစ်လား အမေ.......
မိုးခါး တစ်စက်ကြောင့် ....
ကျွန်တော့်လမ်းလေး ပျောက်သွားမှာ ကြောက်တယ်....။

အဲဒီတော့...
ကျွန်တော့်ကို လူတွေက မေးငေါ့တယ်......
ဂျစ်ကန်ကန် ညစ်ကပ်ကပ်
ဆင်းရဲတွင်း.. နက်မဲ့ ကောင်တဲ့....။

သူတို့ ဘယ်လို ပြောပြော
တစ်လောကလုံးပဲ မှောင်နေပါစေ....
အမှန်တရားကို ဆုပ်ကိုင်လို့...
ကိုယ့်သိက္ခာနဲ့ ကိုယ်..လင်း.....
ကျွန်တော့ မနက်ခင်းတိုင်း.....
ကြောင့်ကြခြင်း ကင်းပါတယ်..အမေ.......။

အဝေးရောက်နေတဲ့....
သားတစ်ယောက်အတွက်..
သောကတွေ မီးမတောက်ပါနဲ့....အမေ
ကိုယ့်လမ်း....ကိုယ်ဖောက်
ချောက်နက်ထဲ မရောက်အောင်....
သား လျှောက်နိုင်ပါတယ်.....။

ကျွန်တော့်အတွက်...
တစ်ခါမှ..ဂုဏ်မတက်ခဲ့ရတဲ့အမေ....
မျက်ရည်လဲ.. မဝေစေရပါဘူး......
သားမိုက် မဟုတ်ပေမယ့်....
သားလိမ္မာလဲ မဟုတ်တဲ့ ..အမေ့သား......
သစ္စာစကား ဆိုပါတယ်..အမေ........။

အမေရေ...........
ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်လေ.......
အရှိန်အ၀ါတွေ ကင်းမဲ့တဲ့...အိမ်အိုလေးထဲမှာ....
အမေ့ရင်ခွင် ပါးအပ်ရင်း.......
ကျွန်တော်.....
တစ်ရေးလောက်...မှေးစက်ချင်တယ် အမေ......။


 http://uofclub.ning.com/..မှကူးယူဖော်ပြပါသည်။

Posted by ကိုကို ခန့်ချောကြီး on Saturday, January 26, 2013

(၁)
ငါတို့ကျောင်းတော်ကြီးရဲ့
မော်ကွန်းထိန်းသိမ်းရေးအခန်းမှာ
ဟစ်တလာရုပ်ထုကို
လူတစုထုဆစ်နေကြတယ်။
သူတို့ဟာ ...
ရုပ်တုရဲ့ရှေ့မှာ ကျိန်စာတွေရွတ်ဖတ်
ပျားရည်စက်တွေကို မီးရှို့ပူဇော်
ဆိုင်ရာနိုက်ဖြူလျော်လျော်တွေ သွန်းကြဲပက်ချ
ဟစ်တလာပါးစပ်ထဲက
ကျည်ဆန်တတောင့် ထွက်အံကျလာတယ်။
သူတို့ဟာ ...
ကျောက်သင်ပုန်းပေါ်မှာ အဲဒီကျည်ဆံနဲ့
“ကျောင်းဖွင့်ပြီ” ဆိုတဲ့ စာကိုရေး
သွေးစွန်းလက်တွေနဲ့ ပျူငှာစွာ
ဖိတ်ခေါ်ကြပါပြီ။

(၂)
ငါတို့ကျောင်းတော်ကြီးရဲ့
ဟောင်းနွမ်းနေတဲ့ အခန်းလွတ်တခုဟာ
တဖြည်းဖြည်း နှစ်ငါးဆယ်လောက်ပြန်ငယ်ရွယ်သွားတယ်၊
အရင်က မမြင်ရတဲ့ ဟိုတုန်းက အရိပ်တွေ
နံရံတွေ၊ ခုံတန်းလျားတွေဆီက လွန့်လူးထ
အဲဒါ ... “အောင်ဆန်း” တို့၊ “ကျော်ငြိမ်း” တို့၊ “သိန်းဖေ” တို့၊ “ညိုမြ” တို့ရဲ့
ဝိညာဉ်တွေပဲ ...
ဗမာပြည်လွတ်လပ်ရေးကို သူတို့မြတ်နိုး
ဗမာပြည်လွတ်လပ်ရေးအတွက် သူတို့ရုန်းကန်
အာဏာရှင်ကို ဖီဆန်ခဲ့ကြတယ်။
ခု ... သူတို့ရဲ့ ၀ိညာဉ်တွေဟာ
“ကမ္ဘာမကြေဘူး ... ... ...
ငါတို့သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတေး ...”
သီချင်းလေး နားဆင်ရင်း
ရာဇ၀င်ရဲ့ တကျော့ပြန်စိမ်ခေါ်ပွဲကို
မျက်ရည်တ၀ဲဝဲနဲ့ စောင့်ကြည့်နေပါတယ်။

(၃)
ငါတို့ကျောင်းတော်ကြီးရဲ့
ဒီဘက်ခေတ် ၁၉၈၇ - ၈၈ နှစ်များထဲမှာပါ
တက္ကသိုလ်စာကြည့်တိုက်ထဲမှာ
ဖြူဝါးဝါးအရိပ်တချို့
စာထိုင်ဖတ်နေကြတယ်။
တချို့ဖတ်တာ .. ကဗျာစာအုပ်
တချို့ဖတ်တာ .. သမိုင်းစာအုပ်
တချို့ဖတ်တာ .. နိုင်ငံရေးစာအုပ်
ရုတ်တရက်
အဖြူရိပ်တခုဟာ ထိုင်ရာကထ
“ဗမာပြည်ကို ကယ်တင်ရတော့မယ်”
နောက်ထပ် အဖြူရိပ်တခု စာအုပ်ပိတ်
“ဗမာပြည်ကို ကယ်တင်ရတော့မယ်
ဗမာပြည်ကို ထိတ်တုံးချွတ်ပေးရမယ်”
သူတို့ဟာ တိတ်ဆိတ်စွာ
အခန်းပြင်ကို ထွက်သွားကြပါတော့တယ်။
စာကြည့်တိုက်ရဲ့ စာအုပ်ပိတ်သံများ
လွယ်အိပ်လွယ်သံများ
ဖိနပ်စီးသံများ အဆုံးမှာ
နောက်ထပ် အဖြူရိပ်တခု ထပ်ထွက် ...
... ... နောက်ထပ် ... ...
... ... နောက်ထပ် ... ...

(၄)
ငါတို့ကျောင်းတော်ကြီးရဲ့
စာမသင်ဖြစ်တဲ့ စာသင်ခန်းတခုမှာ
အရိုးစုတအုပ် အစည်းအဝေးလုပ်နေတယ်။
အရိုးစုတခုက ... ထိုင်ရာမှ ဖြည်းညှင်းစွာထ
“ကျနော်တို့ တော်လှန်ရေး
အာဏာရှင်တွေ နောက်ဆုံးနေ့အထိ”
စသည်ဖြင့် ပြောကြား
အားလုံးငြိမ်သက်နားထောင်နေကြတယ်။
အခန်းထဲမှာ
အကျဉ်းထောင်က ပြေးထွက်လာတဲ့
ဗိုလ်ချုပ်ရဲ့ မိန့်ခွန်းတွေ
သတ္တိဗုံးကို နှောင်ထုံးခတ်
ပတ်ကြားအက်နေတဲံ ရန်သူ့မျက်နှာတွေ
အဲဒီမှာ ... အရိုးစုတခုက လက်သီးဆုပ်
သူ့နှုတ်က တိုးတိုးလေးပြော
“တောက အဖေနဲ့အမေတော့
ကျနော့်ကို မျှော်နေကြတော့မယ်ဗျာ”
ကြေကွဲစွာ သူ့မျက်လုံးပေါက်တဲက
မျက်ရည်ဖြူတစက်
စီးသက်ကျလာတယ်။

(၅)
ငါတို့ကျောင်းတော်ကြီးရဲ့
ပရ၀ဏ် အ၀င်အထွက်လမ်းတွေမှာ
အချုပ်ကားပြာပြာကြီးတွေ
ဒရကြမ်းနှင်နေကြတယ်။
အဲဒီကားကြီးတွေထဲမှာ
“ကမ္ဘာမကြေ၊ ဗမာပြေ .. ဒါတို့ပြေ
ဒါတို့ပြေ ..တို့ပိုင်တဲ့ မြေ” ဆိုတဲ့
တေးသံသာယာ
ညီညာစွာ ပဲ့တင်ပေါ်ထွက်
ကျောင်းသားလက်တွေ သွေးစိမ့်ယိုစီးခဲ့ပြီ
အချုပ်ကားပြာပြာကြီးရဲ့ ဦးထိပ်မှာ
သူတို့ရဲ့ တံဆိပ် ... တို့ရဲ့အလံ
ဦးခေါင်းခွံမှာ အရိုးနှစ်ချောင်း ကန့်လန့်ဖြတ်ထားတဲ့ သဏ္ဍန်သာ ဖြစ်တယ်။
ကျောင်းခေါင်းလောင်းအိုကြီးဟာ
ထွက်ခွာသွားတဲ့ အချုပ်ကားနောက်
ပြေးလိုက်ခလုပ်တိုက်ပြီး လဲပြိုကျ
ချိုလွင်ရှတတဲ့ ခေါင်းလောင်းသံထွက်ရမယ့်အစား
“သားရေ အမေ လိုက်ရှာနေတယ်လေ .. သားရေ”
ဆိုတဲ့ ငိုရှိုက်ညည်းတွားသံအဖြစ်နဲ့သာ
ရာဇ၀င်တုန်ခါအောင် မြည်ဟည်းလာခဲ့ပြီ။

(၆)
ငါတို့ကျောင်းတော်ကြီးရဲ့
နီမောင်းသောလမ်းကြီး၊ လမ်းငယ်များမှာ
ဒေါင်းအလံတလူလူလွှင့်ထူလို့
ကျောင်းသားတွေ ချီလာပါပြီ
ရင်တအုံလုံးပွင့်ထွက်နေတဲ့ ကျောင်းသားက
ရှေ့ဆုံကအလံကိုင်ပြီး သွေးပွက်ပွက်အန်ထွက်နေတဲ့
ကျောင်းသားတွေက
နောက်က ချီတက်လိုက်ပါလာတယ်။
“ဒီမိုကရေစီရရှိရေး ... တို့အရေး”
“အာဏာရှင်စနစ်ကျဆုံးရေး ... တို့အရေး” တဲ့။
ကိုယ့်ကိုယ်ကိုယ် တခါတည်း အသုဘချရင်း
တိုက်ပွဲဝင်ခဲ့ကြရတဲံ ငါတို့ရဲ့တော်လှန်ရေး
ဘယ်တော့မှ ... အရှုံးမပေးဘူးဟေ့ ...
သေနတ်သံတချက်ဖောက်ရင်
ရာဇပလ္လင်မီးဟုန်းဟုန်းတောက်သွားမယ် ...
နောက်ဆုံးနေ့အထိ ...

(၇)
ငိုက်မြည်းနေတဲ့ အင်းလျားရေပြင်ဟာ
ရုတ်တရက် ရဲရဲနီစွေးသွားတယ်။
ချက်ခြင်းပဲ ရေငွေ့ပျံတက်
ကောင်းကင်ထက်မှာ တိမ်အဖြစ် မိုးစက်ခို
ကျောင်းတော်ကြီးကို မိုးသွေးတွေ ပြန်ရွာချ
လျှပ်တွေပြက်၊ မိုးတွေခြိမ်း ... ... ...
ဒိန်းဒုံး ဆူညံသွားတယ် ...
အဲဒီအခါ ... ကျောင်းတော်မှာ ...
ပန်းတွေ ဖျတ်ကနဲ ပွင့်ကြ
ငှက်ဆိုးတွေ ဝေါကနဲ ထပျံကြ
သစ်ရွက်တွေ တလက်လက်တောက်ပကြ
ခုံတန်းလျားတွေ အုတ်ဂူအဖြစ်ပြောင်းလဲကြ
မြေကြီးတွေ တုန်ခါတော်လဲကြ
တို့အရေး .. တို့အရေး .. တို့အရေး .. တို့အရေး
ကြွေးကြော်သံတွေနဲ့
ဗမာပြည်ကြီး တ၀ုန်းဝုန်းရုန်းကန်
နိုးထပြီး နောက်ဆုံးငြိမ်သက်သွားတဲ့အခါ
ငါတို့ကျောင်းတော်ကြီးဟာ ... ...
တလဲ့လဲ့ တ၀င်းဝင်း
သွေးနီရောင် တောက်ပခါ ...
အာဇာနည် သူရဲကောင်းတို့ရဲ့
ဂူဗိမာန်ကြီးပမာသာ တည်ရှိနေပါတော့တယ် ...။

(၈)
ကျောင်းသားတွေနဲ့ ကျောင်းတော်ကြီးကြား
ခု ... သွေးပင်လယ်ကြီးခြားနေပါပြီ ...
“ကျောင်းဖွင့်ပြီ” ဆိုတဲ့ အာဏာရှင်တွေဟာ
သွေးပင်လယ်ကြီးကို ကျော်နင်း
ထုံးတံတားကြီးကို ကျော်ခင်းပေးတယ်။
တချို့တွေက ကျောင်းတက်လာကြလိမ့်မယ် ...
အဲဒီထဲက တချို့ဟာ ...
“အကြောင်းကြောင်းကြောင့်ပါ” လို့
စိတ်မကောင်းစွာပြောရင်း ...
ထုံးတံတားကို လျှောက်နင်း ...
ကျောင်းခန်းအတွင်း ၀တ္တရားအရထိုင်
ငါတို့ ... နားလည်ခွင့်လွှတ်နိုင်ပါတယ် ...
တချို့ကတော့ ...
“ဂုဏ်တုဂုဏ်ပြိုင်” ကောင်းကြောင်းပြောရင်း
ထုံးနံ့သင်းတဲ့ ပန်းခင်းကိုဖြတ် ...
ရီးစားထားဖို့ ကျောင်းပြန်တက်လိမ့်မယ်။
အဲဒီလို ... လူစားတွေကိုတော့ ...
ငါတို့က ခွင့်လွှတ်သည့်တိုင်အောင်
ရာဇ၀င်က ခွင့်မလွှတ်သရွေ့
သူတို့ဟာ ... သမိုင်းမှာ ...
“သစ္စာဖောက်” များသာဖြစ်တယ်။

(၉)
ကျောင်းသားနဲ့ကျောင်း
တနေ့တော့ ပေါင်းရမှာပဲ
ငါတို့တွေ သွေးပင်လယ်ကို ဖြတ်ကူးပြီး
ကျောင်းကြီးဆီ အရောက်သွားကြမယ်။
သွေးပင်လယ်ကြီးဟာ
တငွေ့ငွေ့ပူခြစ် ဆူပွက်
ထက်ကောင်းကင် မုန်တိုင်းတို့ အစပျိုး
သွေးလှိုင်းတံပိုး တ၀ုန်းဝုန်းပြင်းထန်
ငါတို့တွေ
ငါတို့တွေ လှည့်မပြန်ဘူး၊
ငါတို့ထဲက တချို့ဟာ ...
ကိုယ့်အရိုးကိုယ်ချိုး လှေအဖြစ်ထွင်းထု
ငါတို့အထဲက တချို့ဟာ ...
ကိုယ့်အသားကိုယ်လှီး လှေနံရံအဖြစ် ခင်းရိုက်
ငါတို့အထဲက တချို့ဟာ ...
ကိုယ့်လက်ဖ၀ါး ကိုယ်ရိုက်ဖြတ်
လှေရွက်အဖြစ် စပ်ချုပ်
မုန်တိုင်းကို ခွဲဝင်
သွေးပင်လယ်ကို ဖြတ်ပြီး
ကျောင်းတော်ကြီးဆီသွားဖို့
လုပ်နေတယ်...။

(၁၀)
နောက်ဆုံးမှာ ...
ဒေါင်းအလံကို ... ဇြောင်းဆန်အောင် လွှင့်ထူရင်း
အမှန်တရားတခုထံ
ငါတို့ သစ္စာအဓိဌာန်ပြု
အို ... သူရဲကောင်းတို့
အို ... ကျဆုံးခဲ့လေသော
ဒီမိုကရေစီ တိုက်ပွဲဝင်
သူငယ်ချင်းဟောင်း ...
သူရဲကောင်းတို့
ထာဝစဉ်မပျက်ပြယ်နိုင်လောက်အောင်
မြင့်မြတ်စွာ ကျဆုံးခဲ့သော ...
သင်တို့၏၀ိညာဉ်တန်ခိုးတော်များသည်
ငါတို့၏ရှေ့နောက်ဝဲယာ ...
ထက်အောက်ဝန်းကျင်၌
ပျံ့နှံ့တည်ရှိကြကုန်တော့၏။
ထိုသော ...
သင်တို့၏၀ိညာဉ်တန်ခိုးတော်များသည်
ငါတို့၏ခန္ဓာကိုယ်နေရာအနှံ့အပြားသို့
ထိုးဖောက်ယိုစိမ့်စီးဝင်ကာ
ရဲရင့်ခြင်းမှာ ငါတို့အားဖြစ်တည်စေတော့၏။
အို ... သူရဲကောင်းတို့
အို ... ကျဆုံးလေသော
ဒီမိုကရေစီတိုက်ပွဲဝင်
သူငယ်ချင်းဟောင်း သူရဲကောင်းတို့
ဗမာပြည်ကို ရှိခိုးကာ
ဤသွေးပင်လယ်အား
ငါတို့ ဖြတ်ကူအံ့
မိုးလုံးပြည်ကောင်းချီးသြဘာပေးသံများကြားမှာ
ငါတို့၏ အရေးတော်ပုံ အောင်မြင်ပါစေသတည်း။ ။


(ရွှေဘုန်းလူ)တာရာမင်းဝေ

 http://poemyae.blogspot.com

Posted by ကိုကို ခန့်ချောကြီး on Thursday, January 24, 2013

မယ့်လမ်းပါလား

ပန်းနီလာ ဗေဒါ ဆင်သလို့
ယဉ်လှတယ်လေး၊
စုန်ချည် ဆန်ချည်နဲ့
ဒီချောင်းရေ ဗေဒါလမ်းမှာ
တန်းစီလို့လေး၊

အိုအချင်း ကျူရိုးရှင်၊
မဗေဒါ ပြာတဲ့လန်း၊ကမ်း ကပ်မယ် ပြင်၊
စံပယ်လှ ပွင့်ဖြူစင်၊ကမ်းခွင်က ငယ်ကျွမ်း၊
သူ့လိပ်ပြာ ခြံအရံနဲ့
သူစံရာ သူပျော်မွေ့၊ပြေးတွေ့ချင်စမ်း တဲ့၊

တွေ့ချင်တဲ့ စေတနာရယ်၊
ငယ်ကျွမ်းဆွေ လွမ်းဝေတေး ပေမို့
အေးချိုလှတယ်၊

လိပ်ပြာက ဝတ်ရည်သယ်၊စံပယ်က မအား၊
ပွင့်ဖူးတဝေဝေနဲ့
ဒီချောင်းရေ ဗေဒါလမ်း၊မယ့်လမ်းပါလား၊

အိုအချင်း ကျူရိုးရှင်
မဗေဒါ ပြာလဲ့လန်း၊ကမ်းကပ်ပြန်ချင်၊
ဟိုအွေ့မှာလ
ကိုရင်ဖေ့ ချစ်ရေစင်၊ပျိုခင်ရဲ့အနွဲ့၊
ပျို့လက်မှာ မယ်ဗေဒါက
ပျို့မျက်နှာ ချစ်အုန့်ပုန်းကို ပြုံးကြည်ချင်ငဲ့တဲ့၊

ကြည်ချင်တဲ့ စေတနာရယ်၊
သနားဖွယ် ချစ်ဖွယ်တေးပေမို့
အေးချိုလှတယ်၊
ချစ်စနိုးရယ်နဲ့
မြစ်ရိုးက အပြာခြယ်ကို
ပျိုနယ် လိုက်လေမလား၊
ပွင့်ဖူးတဝေဝေနဲ့
ဒီချောင်းရေ ဗေဒါလမ်း၊မယ့်လမ်းပါလား၊

အိုအချင်း ကျူရိုးရှင်
မဗေဒါ ပြာလဲလန်း၊ကမ်းကပ်ပြန်ချင်၊
ထီးတော်က တချွင်ချွင်၊ကွင်းပြင်ကဘုရား၊
နေမင်းညိုချိတန်ပေါ့
နိဗ္ဗာန်ကို စိတ်ကြံကူး၊ဖူးချင်လျက်သား တဲ့၊

ဖူးချင်တဲ့ စေတနာရယ်၊
နိဗ္ဗိန္ဒာ ဂီတာတေးပေမို့၊အေးချိုလှတယ်၊
ကျွတ်ဆုကိုရွယ်၊လွယ်ပါတော့အရ၊
ပွင့်ဖူးတဝေဝေနဲ့
ဒီချောင်းရေ ဗေဒါလမ်း၊မယ်လမ်းသာပါ့၊

ချောင်းရေက ဖောင်၊တောင်လေးကသွေး၊
ရွက်လင်းယဉ် မြိုင်မြိုင်နဲ့
ပန်းတိုင်ကို ပန်းခိုင်ဆိုက်အောင်၊
အားစိုက်ပါလေး။  ။

ဆရာဇော်ဂျီ
 ရန်ကုန်တက္ကသိုလ် နှစ်လည်စာစောင်(၁၉၅၇-၁၉၅၉)

Posted by ကိုကို ခန့်ချောကြီး on Wednesday, January 16, 2013

အပ်နဖား

ထိုးသော်လဲ့ ထိုးသော်
ကြိုးချော်လို့သွား ။
အမယ်အို အမြင်ကပ်တယ်
အပ်ရွှေနဖား ။ ။

                        (ဆရာဇော်ဂျီ)

Posted by ကိုကို ခန့်ချောကြီး on

တစ္ဆေ

အိပ်လို.မရ
ညကြီးမင်းကြီး၊ ထပြီးထိုင်နေ
မွေ.ရာတွေလဲ၊ ကြေမွတွန်.လိပ်
သိပ်စိတ်ညစ်တယ်၊ သတိပြယ်လွင့်
ခိုတွယ်စရာ၊ အတည်မကျ။

အပြင်ဘက်မှာ
သစ်ရွက်တွေကြား၊ ကြယ်လေး ငါးပွင့်
စကားပင်အို၊ ကန်ရေစိုစွတ်
ဟိုမှာ လှုပ်လှုပ်၊ ငုတ်တုတ်လက်ကမ်း
စမ်းလျှောက်သွားနေ၊ မြက်ချုံတွေထဲ
တစ္ဆေ ငါကိုယ်တိုင်ပါပဲ။

ခုတင်ခြေရင်း
ဖြည်းနင်းရှပ်ရှပ်၊ မတ်တတ်ထလိုက်
ခန်းဝကိုလာ၊ ၀ရန်တာမှာ
သည်မှာတစ်ယောက်၊ တစ္ဆေခြောက်လှန်.
ကြောက်ကြောက်နဲ.ကြည့်၊ မျက်နှာလှည့်စမ်း
တည့်တည့်လှမ်းမြင်၊ အော်ငိုချင်မိ
တဆင်တည်းပဲ သူနှင့်ငါ။

မြစ်နက်ထဲမှာ
ငါ ရေနစ်မြှုပ်၊ ချမ်းပြီးကုပ်နေ
ကုက္ကိုကိုင်းကြား၊ ငါနေနားလိုက်
ဘုရားရှေ့မှောက်၊ ဒူးထောက်ရောက်ပြန်။

မောပန်းလျနှင့်
တစ်ယောက်သော ငါ၊ ငါများစွာမှ
ထလာလွင့်ပါး၊ မောင့်အနားကို
စကားထွေရာ၊ ငိုသံပါနှင့်
ဘာမှမကြား၊ မောင့်အနားမှာ
`ထသွား စို.ဆို၊ မေ့ကို အိပ်မက်
မမက်ဘူးလား၊´ တစ္ဆေဖြားယောင်း
မှုန်မွှားစိတ်ဝယ် အရိပ်ထင်။ ။


(တာရာမဂ္ဂဇင်း၊ အတွဲ ၃၊ အမှတ် ၂၀၊ ၁၉၄၇)


ကြည်အေး

Posted by ကိုကို ခန့်ချောကြီး on


တို.တိုင်းပြည်

ထလော့ မြန်မာ၊ အို-မြန်မာတို.
တို.ရွာတို.မြေ၊တို.ရွာမြေ၀ယ်
စေတီစပါး၊များလည်းများ၏
များပါလေလဲ၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
ယာစကာမျိုး၊တညှိုးညှိုးနှင့်
ပုထိုးမြင့်မောင်း၊ကျောင်းကြိုကျောင်းကြား
လှည့်လည်သွားလျက်
မစားလေရ၊၀မ်းမ၀၍
ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။

ထလော့မြန်မာ၊ အို မြန်မာတို.
တို.ရွာတို.မြေ၊ တို.ရွာမြေ၀ယ်
ရေချိုသောက်ရန်၊မြစ်ချောင်းကန်နှင့်
သီးနှံ ချိုပျား၊များလည်းများ၏
များပါလေလဲ၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ကာလကြာလျှင်
မြင်သာမြင်ရ၊ မစားရ၍
တောကပြိတ္တာ ဖြစ်မည်တည်း။

ထလော့ မြန်မာ၊ မြန်မာထလော့
အားမပျော့နှင့်၊ မလျှော့လုံ.လ
သူကစ၍၊ ငါကအားလုံး
လက်ရုံးများမြောင်၊ ဉာဏ်များမြောင်နှင့်
စွမ်းဆောင်ကြလေ၊ ဆောင်ကြလေလော့
ဤမြေ ဤရွာ၊ ဘယ်သူ.ရွာလဲ
ဤယာစပါး၊ ဘယ်သူ.စပါးလဲ
ထားလော့တာဝန်၊ ပွန်လော့ လုပ်ငန်း
ဉာဏ်ရှေ.ပန်း၍

တ၀မ်းတစိတ် ညီစေသတည်း။ ။

ဇော်ဂျီ

Posted by ကိုကို ခန့်ချောကြီး on

မင့်အိမ်

ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်းက မင့်အိမ်၊ လွန်သေးသိမ်ဟု
မငြိမ်မသက်၊ စိတ်စက်မကောင်း
စိတ်ထောင်းကိုယ်ကြေ၊ တခွေခွေသည်
နေထိကြွေမည့် ပန်းယဉ်အိ။

လှိုင်းအိအယောင်
ဆောင်ပြိုင် သာမော၊ သူ့အိမ်ချောသို့
စကြောသပ်ရပ်၊ စံပယ်ထပ်နှင့်
ပန်းကပ် ပန်းကြွ၊ သူ့အိမ်လှသို့
ဝေးက မျှော်မှန်း၊ မင်း ရော်ရမ်းသည်
ပန်းအိ နေထိ ကြွေတော့မည့်။

မကောင်း မင့်အိမ်၊ ကောင်း မင့်အိမ်တည့်
မင့်အိမ် ရွှဲစို၊ အမိုးယိုသော်
မငြိုငြင်သင့်ပါ၊ မင့် တက်ဖာပေါ့
အကာ အခင်း၊ ပျက်ယိုယွင်းသော်
မငြင်းစေချင်၊ မင်းဆက်ပြင်ပေါ့
အခွင် အနဲ့၊ အရွဲ့အစောင်း
မကောင်း မပြေ၊ ဟောင်းထွေထွေကို
အခြေနှင့်မျှ၊ ဉာဏ်ဖြင့် ဆ၍
လုံ့လသက်သွင်း သစ်စေမင်း။ ။
ဇော်ဂျီ

Posted by ကိုကို ခန့်ချောကြီး on

အချစ်ဦး


တစ်သက်တစ်ခါ
တစ်လွှာတစ်ရွက်
တစ်ခက်တစ်ပွင့်
ငုံအဆင့်မို့
ရင့်လို့ပဲဝါ၀ါ
ညှာတံပဲပြုတ်ပြုတ်
ဖြုတ်ခနဲပဲကြွေကြွေ
မြေမှာပဲရောက်ရောက်
ဖွဖွကလေးကောက်လို့
ပန်းခြောက်လေးပဲမြတ်နိုးမယ်။


မောင်စိန်ဝင်း(ပုတီးကုန်း)

Posted by ကိုကို ခန့်ချောကြီး on

 လက်ဖဝါးမှာ အရေးအကြောင်းများလွန်းလို့
ဘယ်လမ်းကို လိုက်ရမယ်
ငါမသိဘူး။

စဉ်းစားတွေးခေါ်ခြင်းက
ချောက်ကမ်းပါးအစွန်အဖျားမှာ
ဒီနေ့ကို ဘယ်လိုရောက်လာခဲ့တယ်ဆိုတာ
ထိတ်လန့်အံ့သြစွာနဲ့။

အဖြေမရှိပဲရှေ့ဆက်နေဆဲမေးခွန်းတွေက
''ဒီနေ့ကျွန်တော့်ကို ဘယ်သူယူမလဲ..''
ဖဲငါးချပ်ဘယ်လိုတွဲတွဲ
သုံးဖဲတစ်ဆယ် မပြည့်ဘူး။

ဘဝမှာ
ဘယ်သူ့ရဲ့ ခတ်ချက်မမှန်တဲ့ ခြင်းလုံးကို
ဘယ်သူက အသည်းအသန် လိုက်ဆယ်ခဲ့ဖူးဘူးလို့လဲ
ခန္ဓာကိုယ်ပေါ်က အစက်အပြောက်လေးဟာ
နေရာရွေ့ရွေ့နေရဲ့
မှဲ့ရှင်။

ရင်ထဲတစ်နှစ်ကုန်သွားတော့လည်း
ဖုန်မှုံ့တွေနဲ့နောက်ထပ်စာအုပ်တွေ
စာအုပ်တွေထဲနောက်ထပ်ဖုန်မှုံ့တွေ။

ခုတော့
ဝယ်ပြီးမှ မတီးခတ်ဖြစ်တဲ့ဂစ်တာ
ငါလည်း ရေးပြီးသိမ်းထားရမယ့် ကမ္ဘာ။



စိုင်းဝင်းမြင့်

(ရနံ့သစ်-သြဂုတ်လ၊၂၀၀၃)

Posted by ကိုကို ခန့်ချောကြီး on Tuesday, January 15, 2013

တစ်ဝက်တစ်ပျက်မှတ်တမ်း

ပထမမြောက်ရဲ့ရင့်ခြင်းအဖြစ်
အမေက ငါ့ကို ဆွဲဖွင့်တယ်
ယမမင်းရဲ့သြဝါဒက ပြက္ခဒိန်တွေကိုဟောင်းမြစေရဲ့။

ငါ့ရင်ဘတ်ထဲမှာက မီးပွင့်ဖဲချက်တွေ တစ်ထပ်ကြီး
ငါပြောလိုက်တဲ့ ဓါးသွားတစ်ခွန်းက
နတ်ဆိုးအပေါင်းကို ရေမွန်းစေခဲ့ပြီ တဲ။

ငယ်ငယ်ဝံ့ဝံ့ လောကဓံနဲ့
ဆောင်းဦးလေပြည်ကို ပန်ချင်တဲ့ကောင်
မရေးရသေးတဲ့အက္ခရာတစ်ကြောင်းဟာ
ဘယ်လက်နဲ့...ဝှက်ထားတဲ့ ဗျက်စောင်းပဲ။

သေနတ်တစ်လက်ရဲ့ပြောင်းထဲမှာ
ကျည်ဆန်လို ငါဂူအောင်းနေခဲ့ဖူးတယ်
ငါ့ဝိညာဉ်ထဲက မီးခိုးပျော့ပျော့အသံများ
နက္ခတ်ဦးလို...ပျံစေသား။  ။


တာရာမင်းဝေ
idea-ဇူလိုင်၊၂၀၀၃

Posted by ကိုကို ခန့်ချောကြီး on

သေလူ

ငါဟာ မြှားတစ်လက်ဖြစ်ခဲ့ဖူးတယ်
ဒါပေမယ်...ဘယ်ဝါးကျည်ထောက်ကိုမှ
ဒူးမထောက်ခဲ့ဖူးဘူး။

ငါဟာ ဓားတစ်လက်ဖြစ်ခဲ့ဖူးတယ်
ဒါပေမယ်...ဘယ်ဓားအိမ်ထဲမှာမှ အိပ်မက်မက်
မနေခဲ့ဖူးဘူး။

နောက်တော့
....ငါဟာ အက္ခရာတစ်လုံးဖြစ်သွားတယ်။
ငါ့ကိုယ်ငါပြန်ဖတ်လို့တော့မရဘူး။

အဲသည်လိုနဲ့
ငါဟာအရက်ပုလင်းတစ်လုံးဖြစ်သွားတယ်
ငါ့ကို ဘယ်သူက ဝင်ပလုတ်ကျင်းမလဲဆိုတာကို
...စောင့်နေတယ်။  ။


တာရာမင်းဝေ
IDEA-ဇွန်၊၂၀၀၃

Posted by ကိုကို ခန့်ချောကြီး on


ကိုယ်လိမ်းပေါင်ဒါကအစ
အာကာသခရီးအထိ
ကြေညာမှ လူသိတယ်
“မင်းကို ငါချစ်တယ်”
ဒီမောင်းသံကြား
ပန်းများပွင့်စေသတည်း။

ဟို … လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လောက်ကတော့
သူကလေးရဲ့ ငနဲလည်းဖြစ်ချင်
(သိပ်ကို သေသေချာချာ ဖြစ်ချင်ခဲ့တယ်)
နောက်တော့
ပဉ္စရူပ တကောင်လည်းဖြစ်ချင်
အခုတော့ …

သူတို့ပါးစပ်တွေထဲက ထွေးထုတ်လောက်အောင်
ခပ်ချဉ်ချဉ် စပျစ်သီးတလုံးသာ ဖြစ်ချင်သူ
ကိုယ့်အတွက် လက်ဖက်ရည်ခွက်အရောက်မှာ
ရုတ်တရက် မလိုင်ကုန်သွားတာမျိုး
ပလာတာဆိုင်ကညှော်
ကော်နီရယ် တော်ရုံအော်ပါ။

ခေါင်းကိုက်ပျောက်ဆေးပြားတွေနဲ့
လိင်ကိစ္စသာ မရှိခဲ့လျှင်
ဒီလောကကြီးမှာ အနေခက်မည်ပင်
စိန္တိတကထာ ကိုကြောက်ရ
မိုးပြိုမှာကိုကြောက်ရ
အကုသိုလ်ကိုကြောက်ရ
နောက်ဆုံး ကော်ဖီတခွက်ကိုတောင်ကြောက်ရ
(အမြဲသောက်ရင် ကင်ဆာဖြစ်နိုင်သတဲ့)

(ပွဲတော်ကျရင် ဖောက်မယ်)
အကြွေနည်းနည်းထည့်ထားတဲ့
စုဘူးလေးတစ်ဘူး ငါပိုင်ဖူးတယ်။

“ရှင့်ကိုမချစ်ဘူး”
ရေနွေးပူလည်းလောင်ဖူးတယ်
ထီလက်မှတ်အဟောင်းတွေ ထူထပ်
နောင်တမဲ့ပုံပြင်တွေ ထူထပ်
ဘတ်စ်ကားပေါ်မှာ
ထိုင်စရာတနေရာရဖို့
တိုက်ပွဲစပါပြီ
မိုးလင်းကမိုးချုပ်
(အကြိမ်ကြိမ် ရှုံးနိမ့်၊ အကြိမ်ကြိမ် အနိုင်ရ)
လွင့်စဉ်သွားနေပုံက
ကလေးရဲ့လက်က လွတ်ကျတဲ့ အံစာတုံးလို။

အကြောတွေ အကုန်ဆန့်ထုတ်
ကျန်းမာအောင်လုပ်ရ
သေးသေးမျှင်မျှင်(လက်သန်းလောက်)
မြက်ကလေးတပင်ကလဲ
ကမ္ဘာမြေကြီးရဲ့ ဆွဲငင်အားကိုဆန့်ကျင်
ဒါဝင်ပြောခဲ့သလိုပေါ့။

လာမယ့်တနင်္ဂနွေနေ့လို သေချာခဲ့
ဟောဒီဂစ်တာမှာ
တကြိုးဟာ လဲဖို့လိုနေ
ခင်ဗျား ဆံပင်တိုဖို့လိုနေ
ဝမ်းနှုတ်ဆေးထဲမှာ
ပျားရည်တဇွန်းပါဖို့လိုနေ
ကောင်းကင်ဟာ အရောင်ပြောင်းဖို့လိုနေ ………..
…………………………………………………….
ကြမ်းပိုးများတဲ့ အိပ်ရာပေါ်
မောင်ချောနွယ် ပျော်တာဆန်းတယ်။


သစ္စာနီ
(ရုပ်ရှင်တေးကဗျာ – ၁၉၉၀)

Posted by ကိုကို ခန့်ချောကြီး on


ရင်ကွဲတောင် ဟိုအကွေ့
ရှေ့ဆီမှာ တောင်အရိပ်
ချစ်သူလေးအိပ်နေတယ်။


ကားဆရာကြီးရယ် . . .
ဟွန်းကျယ်ကျယ် မတီးပါနဲ့ . . .
ဂီယာပြင်းပြင်း မထိုးလိုက်ပါနဲ့
ချစ်တဲ့သူ နိုးမှာစိုး။


ညီမလေးတို့ရေ
သီချင်းသီသံတွေ
တဆိတ်ကလေး
တိတ်ပေးလှည့်ပ
သူ . . . အိပ်ရေးမပျက်ရအောင်။


“ဆဒုံးပါ” တောင်ကြော
ကားလေးလျှောအဆင်း
ရင်တွင်းလှိုက်ဆူ
အသက်မျှင်းမျှင်းရှု
ပါးပြင်နှစ်ဖက်ပူနွေး
သေလောက်အောင်ပင် ဆွေးစမ်း
ဝေး . . . ခဲ့ပြီပဲ။


နောက်ဆုံးပြုစုခြင်းအနေနဲ့
ကြေကွဲမှု ယာတစ်ခင်း . . .
ဆုံးရှုံးမှု ပန်းတစ်ခင်း . . .
(သို့မဟုတ်) ငါ့ရင်းတွင်းရစ်သမ်ကို
ဖွဲ့ဆိုရန်အတွက်
ကျန်သူရဲ့လွမ်းချင်း အမြိုက်
ရှိုက်သံတစ်ချက်
မျက်ရည်တစ်စက် ခမျာ
ထာဝရ အနားယူ
အိပ်စက်နေသူအဖို့
အနှောင့်အယှက် ဖြစ်စေမယ့်
အဆိပ်တစ်ခွက် . . . ပမာ ဆိုခဲ့ရင်။

ဘုရား . . . သိကြား . . . နဲ့ ရှင်နတ်များ
စောင့်ရှောက်ကယ်မ သနားတော်မူပါ
ခရီးသွားတို့ရေ . . .

ကဗျာဆရာမ . . . ငဲ့
အင်မတန့် အင်မတန်
သဘာဝကျသတဲ့လား။

စိမ်းရက်တယ် . . .
စိမ်းရက်လေအားတယ် . . . ဆိုပဲ
ဘဝချင်းလည်း ခြားခဲ့ပြီမှန်ရဲ့
မျက်ရည်ကိုသိမ်း
မာနနဲ့ ထိန်းရင်း
ပိန်းပိတ်လုအောင်
မှောင်ကျသွားရတဲ့ ဘဝ
တစ်ဖန် . . .
ပြန်လည်အရောင်ခြယ်ပြရန် ကြိုးစား
တန်ဖိုးများ စုတ်တံတစ်လက်ကိုင်
ကဗျာရွှေလက်တို့ ငါပိုင်ဆဲ။


ဘဝခရီးလမ်း
ပန်းပန်မပျက်
လမ်း . . . ဆက်လျှောက်
ဒူးထောက်ညွတ်ကျ
အရှုံးပေးလိုက်ရမှာ ငါလား။


အနုပညာဂုဏ်ဒြပ်နဲ့
မြင့်မြတ်ချင်သေးသူလေ
သွေးတို့ လှည့်ပတ်နေသရွေ့
ရေးလက်စ ကဗျာ
ဖွဲ့လက်စ သီချင်း
အသက်နဲ့ ရင်း၍ . . .
အသက်နဲ့ ရင်း၍ . . . ။


သားကလေး . . . ရေ
မေမေ့အိမ်အပြန်
နက်ဖြန်နံနက်
ရင်သွေးလက်အပ်ဖို့
အနာဂတ် သစ်သီးခူး
ဆူးများလည်း စူးချင်စူးပေါ့ ။ ။

မအိ
ပန်းဝေသီမဂ္ဂဇင်း၊၁၉၉၃

Posted by ကိုကို ခန့်ချောကြီး on

လမ်းပေါ်မှာ လူတွေတွေ့တိုင်း
လိုက်ပြီး မေးကြည့်ရဦးမယ်...
..... ..... .....
“ချစ်တယ်” ဆိုတာ ကိုယ့်ကိုယ်ကို
သတ်သေတဲ့ နည်းတစ်မျိုးလား... လို့။

ကောင်မလေးရယ်...
ငါဟာ “တေလေ” ပါ။
ဖျားနာမှုကိုမှ တွယ်ကာတတ်သူတစ်ယောက်ပေါ့။

သန့်စင်ချင်လို့
အလင်းထဲမှာ ငါ လမ်းလျှောက်တယ်။
အပြစ်က လွတ်ဖို့အတွက်တော့
ငါ ဒူးထောက်လိမ့်မယ် မဟုတ်ပေဘူး။

မင်းအတွက်တော့ ငါဟာ..
...ဘာမှ မဟုတ်ပါဘူး။
ဒါပေမဲ့.. အဲဒီ “ဘာမှ မဟုတ်ဘူး” ကိုပဲ
ငါ သေသေချာချာ သိမ်းဆည်းထားတယ်
မင်းကို သတိရတဲ့အခါ
မကြာ.. မကြာ.. ထုတ်.. ထုတ်ကြည့်ချင်လို့။

ငါ့ကို
“ပြဿနာကောင်” လို့ မပြောပါနဲ့...။
ဖြစ်သမျှတွေ အားလုံးအတွက်
ငါ့မှာ ဆင်ခြေဆင်လက်တွေ
လုံလုံလောက်လောက်ရှိနေတတ်တယ်။
(လောကကြီးကို ပခုံးတစ်ချက်တွန့်ပြီး ပြုံးပြလိုက်ရဲ့)

လူငယ်တစ်ယောက်ရဲ့ ရင်ဘတ်ဟာ
အဆင်မပြေမှုများများ
အလွမ်းခါးနည်းနည်း
အစွဲအလမ်းကြီးတတ်တဲ့ အိပ်မက်တချို့တလေ
မခံချင်စိတ်တွေ ပေပွ
လူငယ်ပီသတဲ့ ဘ၀င်တစ်မျိုး ခပ်ထွေထွေနဲ့
ငါ နေပျော်အောင် နေတယ်။

ငါဟာ
ရင်ခုန်နေတဲ့ သံဆူးကြိုးတစ်ချောင်းပေါ့။

ငါ့ရှေ့ တိုးဝင်လာတဲ့
ကောင်မလေးတွေ အားလုံးကို ငြိပစ်လိုက်ဖို့
ဟောဒီသံဆူးကြိုးက
အဆင်သင့် စောင့်နေတယ်။

ကဲ.. ဘယ်လောက်ချစ်ဖို့ကောင်းတဲ့ ယဉ်ကျေးမှုလဲကွယ်..။
ဘာရယ် မဟုတ်ပါဘူး (ငါကတော့ နောက်တာပါ)

ငါဆိုတဲ့ တေလေက
မိန်းမတွေကို ချစ်ရတာ
ဂျင်းဘောင်းဘီ ၀တ်ရတာလောက်တောင်
သက်တောင့်သက်သာ မရှိဘူးလို့ ထင်တဲ့ကောင်။

ငါ့ကို နားလည်တယ်လို့ ထင်တဲ့သူတွေအားလုံးကို
ငါ ရယ်တယ်။
အသုဘချပြီးစ အိမ်လို့.. ငြိမ်ဆိတ်
ဟောဒီမှာ.. တေလေတစ်ယောက်ပေါ့။
သူ့ပါးစပ်ကို တင်းတင်းပိတ်ပြီး
(လောကကြီးကို) ပြုံးတယ်။

ငါ့ကို ဘယ်သူမှ နားမလည်ကြပါဘူး...။
ငါ့ကို ဘယ်သူမှ နားမလည်ကြပါဘူး...။


မင်းခိုက်စိုးစံ

Posted by ကိုကို ခန့်ချောကြီး on Sunday, January 13, 2013


(၁)

စံပယ်တွေ တ၀ုန်းဝုန်း ရွာချခဲ့တာတောင်မှ
ငါဆိုတဲ့ကောင်ဟာ
ရနံ့ တစ်ခုတလေတောင် စိုစွတ်ခွင့် မရခဲ့ပါဘူး....

(၂)
သူမရဲ့ နဖူးကို ထိတယ်ဆိုရုံကလေး ငါနမ်းခဲ့တာပါ...။

(၃)
ဒါနဲ့များ...
အလွမ်းတွေ ငါ့ရင်ထဲ ၀င်ခွင့်ဗီဇာ ရသွားတဲ့ကာလက
ရှည်လျားလှချည်လားကွယ်.....
ပြောပါ မင်းငါ့ကို ဘယ်တော့ အိပ်မက်မက်မှာလဲ
မင်းပိုင်ဆိုင်တဲ့ အိပ်စက်ခြင်းရဲ့တံစက်မြိတ်အောက်မှာ
ငါတိတ်တိတ်ကလေး ရပ်စောင့်နေတာကြာပြီကွယ်....

(၄)
ငါဟာမင်းရဲ့ သက်ရှိမှတ်ပုံတင် တစ်ခုပါကွဲ့၊
ဟောဒီကောင်ရဲ့ရင်ဘတ်မှာ မင်းလက်ဗွေရာရှိတယ်လေ....
(မှတ်ပုံတင်တစ်ခုက
သူ့ပိုင်ရှင်ကို လိုက်ရှာနေပုံ
အို....လူတွေကို ပြောပြရင်တောင်
ယုံနိုင်စရာ မရှိပါဘူးကွဲ့)
ငါဆိုတဲ့ကောင်ကလည်း၊ မင်းအတွက်နဲ့
သူများတံတွေးခွက်ထဲ ရောက်ရင်တောင်
ပက်လက်တော့ အမျောခံမှာ မဟုတ်ဘူး၊
မင်းဆီကို လက်ပစ်ကူးပြီး လာခဲ့မယ်

(၅)
စံပယ်ပွင့်ရေ...
အချစ်တွေ ဖျားနာသွားတဲ့အထိ
ငါ့အပေါ်ရွာချလိုက်ပါကွယ်
နှင်းဆီအဖြူတစ်ပွင့် ထိုးစိုက်ထားတဲ့ နံနက်ခင်းနဲ့အတူ
ချစ်သူပြန်လာမယ်.....တဲ့
ရွာလှည့်ပါ......လာခဲ့ပါ......
အချစ်ရေ...
မင်း နောင်တ မရစေရပါဘူးကွယ်။

မင်းခိုက်စိုးစန် (၁၉၉၈)

Posted by ကိုကို ခန့်ချောကြီး on

နွေရာသီ ရောက်လာတာကိုက စောလွန်းတယ်...
အဲသည်လောက် မွန်းကျပ်မယ်မှန်း သိခဲ့ရင်
(အစကတည်းက)
အသက်ရှူတတ်အောင် ငါ မသင်ခဲ့ပါဘူး...

သစ်ပင်တွေ သွေ့ခြောက်
အသံတစ်သံကို ကြောက်နေရသလိုလို..
အချစ်ရေ... တို့စိတ်နဲ့ တို့ကိုယ်ပဲ
သစ်ရွက်တွေလိုပဲ အတူ ကြွေပစ်လိုက်ကြမယ်
“ဘာ...ဖြစ်...လို့...ခွဲ...ရ...မှာ...လဲ...ကွယ်”

မြက်ခင်းတွေ အမြဲစိမ်းနေတာ မြင်ရအောင်
ဘ၀ကို... ဘောလုံးကွင်းပဲ ဖြစ်လိုက်စေ့ချင်တော့တယ်...
အခုတော့...

နွေရာသီ ရောက်လာတာကိုက စောလွန်း
(မင်း...သွားမယ်ဆိုလည်း)
စကားတစ်ခွန်းတော့ နှုတ်ဆက်ခဲ့ဖို့ ကောင်းတယ်။


မင်းခိုက်စိုးစံ

Posted by ကိုကို ခန့်ချောကြီး on

အရေးတကြီး နိုးထစရာမလိုဘူးဆိုရင်
ငါ ဆက်ပြီး အိပ်နေချင်လို့ပါ ..။

“ဘ၀..” ဆိုတာနဲ့ ဘာလို့ “ရှင်သန်ခြင်း..”လို့
အဓိပ္ပါယ်ဖွင့်ဆိုရတာလဲ
ငါကတော့ အိပ်နေရတာကိုပဲ .. ကြိုက်တယ်၊
ရုပ်ရှင်ထဲက ဇာတ်လိုက်လောက်တော့
ငါလည်း တောက်လျှောက်ကြီး မကောင်းနိုင်ဘူးပေါ့..
သံပတ် ခပ်လျော့လျော့နဲ့ပဲ နေတတ်တယ်။

လေ့ကျင့်ခန်း မှန်မှန်လုပ်မှ
ပထမ ရမယ်ဆိုရင်
ငါ ရှင်ဘုရင်တောင် မဖြစ်ချင်ဘူး ၊
ကျေးဇူးပြုပြီး .. ငါ့ကို
“စောက်ရူး..” လို့ ခေါ်ပါ ။

မမြင်ချင်တာတွေ အားလုံးအတွက်
မျက်စိသေးသေးလေးနှစ်လုံးကို ပိတ်ထားလိုက်ရုံပါပဲ
ဟော .. ငါ ဘယ်လောက်လိမ္မာတဲ့ ကောင်လဲကွယ် .. ၊
ဟောဒီ .. စောက်ရူးမှာ
ယဉ်ကျေးမှု ထွန်းကားပါတယ် ။

ငါ့ဆီ ဂုဏ်ပြုဖိတ်စာ ပို့ဖို့မလို
ငါ့လိပ်စာကို ငါမသိ
ငါ့ အုတ်ဂူကိုလည်း မင်းတို့
အလေးပြုဖို့ အကြောင်းမရှိပေဘူး ။

အို ... မိတ်ဆွေတို့
နိုင်ငံကြီးသားအပေါင်းတို့ ..
သွေးနဲ့ကိုယ် သားနဲ့ကိုယ်
မှားယွင်းကြ၊
ပက်လက်မျောဖို့အတွက်
တံတွေးခွက်ကြီးကြီးလိုက်ရှာကြ၊
ငါကတော့
စောင်ထူထူကို ခေါင်းမြီးခြုံ
ကိုယ့် ကိုယ်ကျင့် .. ကိုယ်
စိတ်လုံလုံနဲ့ အိပ်တယ်။

နိုင်ငံကျော်တွေအားလုံးကို .. သနားတယ်၊
မင်းတို့ ငါ့လောက်
ဘယ်သူမှ အိပ်ရေးမ၀ခဲ့ကြပါဘူး ။


မင်းခိုက်စိုးစန်

Posted by ကိုကို ခန့်ချောကြီး on

သည့်ထက်ပိုပြီးမှောင်စရာ...
ဘာကျန်သေးလို့လဲ
လျှပ်စီးတွေ လက်လက်ပြနေတာကိုပဲ
ယုံကြည်ပစ်လိုက်ရတော့မယ်။

ကောင်...မ...လေး...ရေ...
စပယ်တွေ တ၀ုန်းဝုန်း ရွာချခဲ့တာတောင်မှ
ငါဆိုတဲ့ကောင်က
ရနံ့ တစ်ခုတစ်လေတောင်
စိုစွတ်ခွင့် မရပါဘူး။

စိတ်ကူးတွေ အအေးပတ်တာပဲ
အဖတ်တင်တော့ရဲ့...

အရောင်းပြခန်းတစ်ခုရဲ့ နံရံမှာ
ကိုယ့်ကိုကိုယ် ချိတ်ဆွဲပြသထားတာလည်း
၂၆ နှစ်သာ ကြာသွားတယ်
တစ်ခါမှ ဈေးကောင်းပေးဝယ်တာ မခံရပါဘူး။

အခုတော့ ... ဟောဒီ ကောင်မလေးကိုပဲ
ကျေးဇူးတွေ တင်ပစ်လိုက်ရတော့မယ်...
ဝယ်သူမရှိတဲ့ ငါ့ကို
နံရံပေါ်က ဖြုတ်ချ ခိုးယူသွားလို့...

ငါ့ရဲ့ မွတ်သိပ်ခြင်းတွေကို သယ်ပိုးသွားတဲ့
ချစ်လှစွာသော သူခိုးမလေးရေ...
ပေးပါ... ပေးခဲ့ပါ...


မင်းခိုက်စိုးစံ

Posted by ကိုကို ခန့်ချောကြီး on

တောင်ပံမီးစွဲနေတဲ့ ငှက်တစ်ကောင်
ဖြောင့်ဖြောင့်တန်းတန်း မပျံနိုင်ဘူး
*မြို့ရဲ့အူသံတွေဆီ
ဘယ်အကိုင်းမှာ နားမလဲ
ရင်ကို မြားတစ်စင်းလာစိုက်တယ်
ရွပ်ရွပ်ချွံချွံ လမ်းမှားပုံက
ကိုယ့်အမည် ကိုယ်မှန်းလောက်အောင်ပါပဲ။
လေထဲပျံတာတောင်
အရိပ်ကို ကြောင်ခုတ်ခံရတယ်
စက္ကူပန်းတွေလိုပဲ
ရနံ့မပါဘူး
စက္ကူပန်းတွေလိုပဲ
အရောင်မလွင့်ဘူး
ဒုက္ခစစ်စစ်တွေ မာခဲပုံက
ကဗျာတွေတောင် ဖျတ်ခနဲသေတယ်
သိပ်သိပ်သည်းသည်း လမ်းကလေးအတိုင်း
အတွေးတွေ တွယ်စီးလာရ
မြို့အူသံထဲက
တိုးထွက်လာခဲ့ပေမယ့်
တည့်တည့်မတ်မတ် မပြန်နိုင်တော့ဘူး
ဦးခေါင်းမီးစွဲလာတဲ့ ငှက်တစ်ကောင်။ ။
*မြို့အူသံ။ ။ အရှင်ဇနကာဘိဝံသ၏ အခြေပြုပဌာန်းစာအုပ်မှ
ကိုရွေး
ရုပ်ရှင်တေးကဗျာ
ကြည်လင်သောရေတံခွန်၊ ပကြိမ်၊ မတ်လ၊ ၂၀၁၁

Posted by ကိုကို ခန့်ချောကြီး on

 ခြုံထည်ကြီးထဲက ရုန်းထွက်လို့မရတော့ဘူး
ကတ်ကြေးသံတချပ်ချပ်က နားယားတယ်
ငါ့ကိုကြည့်နေတဲ့ မှန်ထဲက မျက်လုံးဟာအသည်းယားစရာ
မှန်အပြင်က ငါ့ခေါင်းကိုစမ်းကြည့်မိတယ်၊ ရှိသေးတယ်
ဆံသဆရာဟာ ဘောလုံးပွဲမှာ
သူကိုယ်တိုင်ဝင်ကန်ခဲ့သလိုမျိုးပြောတယ်
ဒိုလေး၊ ဘက်ခမ်း၊ ဘန်ပါစီ၊ မက်စီ၊ ကာကာ
ငါ့ရှေ့ရောက်လာသလိုပဲ
ငါတွေ့နေရတဲ့ မှန်ထဲက ဂျာနယ်အပုံဟာ ထခုန်နေတော့တာပဲ
ဘရိတ် ခဏခဏအုပ်တယ်
အဆိုတော်ဟာ သီချင်းဆိုရင်း စာသားမေ့သွားဟန်ရပ်တန့်
စဆိုတဲ့ စာသားက တီးလုံးရှေ့ ပြေးထွက်လာ
သရဲနဲ့ ရုတ်တရက်တွေ့လိုက်ရသလိုမျိုး
သရဲဆိုလို့ ညက သူကြည့်ခဲ့တဲ့ သူရဲကားအကြောင်း
စိတ္တဇလူသတ်သမားဟာ ကြည့်သူကိုတောင်
စိတ္တဇဖြစ်လာစေတယ်ဆိုပဲ
မြို့ကြီးတစ်မြို့မှာ စိတ္တဇလူသတ်သမားဟာ ဆံသဆရာဆိုလား
ဆံသဆရာဟာ မြို့ကြီးတစ်မြို့မှာ စိတ္တဇလူသတ်သမားဆိုလား
သူကိုယ်တိုင်က ဆံသဆရာလား၊ စိတ္တဇဝေဒနာသည်လား
သူ့အမူယာတွေ လေယူလေသိမ်းတွေ ခွဲခြားရခက်လာ
ဘုရား ဘုရား ငါ ထပြေးရမလား
တစ်ခြမ်းပြောင်၊ တစ်ခြမ်းမှောင်နေတဲ့ ငါ့ဦးခေါင်းနဲ့ ဖြစ်ပါ့မလား
တကယ်တော့ဗျာ နံရံမှာချိတ်ထားတဲ့ ကျားခေါင်းနေရာမှာ
ခင်ဗျားဆံပင်ပုံမျိုးနဲ့ လူဦးခေါင်းတစ်ခု ချိတ်ထားရမှာ
ဒါမှ ဆိုင်ရဲ့ကြော်ငြာဟာ ပေါ်လွင်မှာမဟုတ်လား
လူတွေ စိတ်ဝင်စားမှာ မဟုတ်လား
ဘုရား ဘုရား ဒီလူ အတည်ပြောနေတာများလား
သူ့ခြေထောက်ကို ပွတ်သပ်နေတဲ့ ကြောင်ကလေးကို ကန်ထုတ်လိုက်ပုံ
ကြောင်ကလေး ဘောလုံးတစ်လုံးလို လွင့်သွားပုံ
နံရံနဲ့ထိပုံ၊ ပြုတ်ကျလာပုံ၊ ကြောင်ကလေးညည်းညူနေပုံဟာ
တစ်စက္ကန့်အတွင်း အဖြစ်အပျက်
သူ့မျက်နှာဟာ သူဘာမှ မလုပ်လိုက်သလိုမျိုး အေးစက်
ဓားအိမ်ထဲမှာ ဘလိတ်ဓားအသစ်ထည့်နေပုံက
အေးဆေး တိကျ မြန်ဆန်လွန်းတယ်
သူ့မျက်နှာရှေ့ တဝီဝီပျံသန်းနေတဲ့ ယင်ကောင်ကို ပိုင်းချလိုက်ပုံဟာ
ငါ့ ပါးစပ်ကို အဟောင်းသားပွင့်သွားစေတယ်
ငါ့ ဝတ်ရုံအဖြူပေါ် ပြုတ်ကျလာတဲ့ ယင်ကောင်တစ်ပိုင်းဟာ
ငါ့ဆံပင်နဲ့ရောထွေးလို့ တောင်ပံတစ်ဖက် ခတ်နေတုန်းပဲ
ငါ့ ကုတ်ပေါ်မှာ ဆံပင်မရှိတော့ဘူး
ငါ မျက်တောင်မခတ်ရဲဘူး မျက်တောင်တွေပြတ်ကျမှာစိုးလို့
ငါ မျက်စိမမှိတ်ရဲဘူး မြင်ကွင်းတွေပြတ်ကျမှာစိုးလို့
ထွက်ပြေးတဲ့ ငါ့စိတ်ဟာ ငါ့ခန္ဓ္ဓာထဲကထွက်မရဘူး
တဖျတ်ဖျတ်ခတ်နေဆဲ ယင်ကောင်တစ်ပိုင်းကို ကောက်ယူပြီး
သူ့လက်နဲ့ချေမွလိုက်တယ် အေးဆေးပဲ
သူ့အပြုံးဟာ ပန်းပွင့်သလို အနှေးပွင့်လို့
တရုတ်သိုင်းကားထဲက သူရဲကောင်းလိုလို
စိတ္တဇလူသတ်သမားလိုလို မျက်လုံးဟာ အေးစက် မာကျော တောက်ပ
နှုတ်ခမ်းကို တင်းတင်းစေ့လို့ မှန်ထဲက ငါ့မျက်လုံးကို
သူ့မျက်လုံးနဲ့ထိုးစိုက်ထားတယ်
သူ့လက်ဟာ တဆတ်ဆတ်တုန်လို့
ကျုပ်မှာ လိုင်စင်ရှိတယ်လို့ပြောတယ်။
ကိုရွေး
Idea မေလ၊ ၂၀၀၉
ကြည်လင်သောရေတံခွန်၊ ပကြိမ်၊ မတ်လ၊ ၂၀၁၁

Posted by ကိုကို ခန့်ချောကြီး on

ဒီညနေခင်းဟာ သူ့ညနေခင်းလို့
ဒီကြိုးနဲ့ ဒီစွန်လေးဟာ ထာဝရဆက်သွယ်ခြင်းလို့
ဖေဖေဟာ အရာရာကို အောင်နိုင်သူလို့
တွေးထင်ထားတဲ့ မျက်ဝန်းလေးတစ်စုံ၊ ပျော်လို့

အပြာရောင်နောက်ခံမှာ
အနီစက်လေးတစ်စက်
သူခတ်နှိပ်ထားတဲ့ကောင်းကင်ရဲ့ တံဆိပ်တော်

မြင်ကွင်းထဲ ရုတ်တရက်
ထောင့်ဖြတ်ဝင်လာတဲ့စွန်ကလေး
သူ့အဖော်လို့ထင်ခဲ့

သူ့လက်ဟာတုံ့ခနဲ
သူ့ရင်ဟာဆတ်ခနဲ

သူ့နှုတ်ခမ်းမှာ မှန်စာမပါတဲ့မေးခွန်း
သူ့မျက်ဝန်းမှာ အံ့သြတဲ့ နားမလည်ခြင်း

“ဖေဖေ
တခြားစွန်တွေမှာ ဓားပါသလား
သားစွန်လေးက ပြန်မလာတော့ဘူးလား”
ကျွန်တော်
အဖြေကိုစဉ်းစားရင်း
သူ့မေးခွန်းတွေကို
ရစ်ဘီးထဲ ရစ်သွင်းနေမိတယ်
ကျွန်တော်နဲ့သား လွင့်ငေး၊ ငေးနေရ
ပြတ်သွားတဲ့စွန်ကလေးကို စိတ်နဲ့ လိုက်ဆယ်နေကြ

အမှောင်တွေ ပြိုဆင်းလာပြီသားရေ
မှန်စာတိုက်ထားတဲ့ လမ်းကလေးအတိုင်း
ကျွန်တော်က သားလက်ကိုဆွဲလို့
သားက စွန်မပါတော့တဲ့ ရစ်ဘီးကလေးကိုကိုင်လို့။

(သားငယ်လေးစွန် စ လွှတ်သောနေ့ အမှတ်တရ)
ကိုရွေး
ရတီ၊ ဒီဇင်ဘာ၊ ၂၀၀၄
ကြည်လင်သောရေတံခွန်၊ ပကြိမ်၊ မတ်လ၊ ၂၀၁၁

Posted by ကိုကို ခန့်ချောကြီး on



ဘာလုပ်လုပ်
ဇွဲမရှိတဲ့ ကျွန်တော်က
ပွဲဈေးတန်းတစ်ခုမှာ
ဇွဲ ဆိုတဲ့ စာလုံးကို
လက်ဖျံမှာ ရေးထိုးလိုက်တယ်။
အသားနည်းနည်း နာပေမယ့်
ကျွန်တော့်မှာ ဇွဲ ရှိနေဖို့ လိုအပ်တယ် မဟုတ်လား။
ပြီးတော့
တခြားလူငယ်တွေလိုပဲ
ပင်လယ်ကို ရင်ဆိုင်ဖို့ သဘောင်္ပေါ် ကျွန်တော် တက်သွားတယ်
နှစ်အနည်းငယ်ကြာတော့
တခြား သဘောင်္သားတွေလိုပဲ
လှတပတ ရေသူမ ပုံတွေ၊ ရောင်စုံ နဂါးရုပ်တွေ၊ လက်ဝါးကပ်တိုင်တွေ၊ အရိုးခေါင်းတွေ၊ ကျောက်ဆူးတွေ
အမိနိုင်ငံတော်ရဲ့ အမည်စာလုံးတွေ
ကိုယ်ခန္ဓာ အနှံ့ စုံလင်အောင် ရေးထိုး ဝတ်ဆင်ရင်း
မုန်တိုင်းဆန်တဲ့ နေ့ရက်များရဲ့ အတိုက်အခိုက်ကို ကာကွယ် ငြင်းဆန်ခဲ့ရတယ်။
ချစ်သူရေ
နောက်ဆုံးမှာတော့
မင်းရဲ့ ခါးသည်းရက်စက်လှတဲ့ အချစ်များမှာ
သဘောင်္မပျက်ပဲ ရေမျောကမ်းတင် ဖြစ်ခဲ့ရ။
ရင့်ကျက်ခြင်းကို အလိုရှိဖို့ အနေအထိုင်ကို ဆင်ခြင်ရမယ်။
ရေကြောင်း လေကြောင်းနဲ့ ကံကြမ္မာရဲ့ စေစားရာ တစ်နေရာရာကို လွင့်သွားလိုက်တော့မယ်။
ညနက်နက် မြေအောက် ဘူတာရုံတွေက နံရံများပမာ
ခံစားချက် ၊ အနုပညာနဲ့ အတွေးအခေါ်များကို
ငါ့စိတ်မျက်နှာစာပေါ် ကျဲပက်
ဆေးရောင်စုံတွေ ပြည့်နှက် တောက်ပနေဆဲ
လျှို့ဝှက်သော အနက်အဓိပ္ဗာယ်များဟာ ဘဝရဲ့ နောက်ဆုံး တက်တူများပါပဲ။ ။



နိုင်မွန်အောင်သွင်
(၂၀၀၇ သြဂုတ်၊ ချယ်ရီ မဂ္ဂဇင်း)

Posted by ကိုကို ခန့်ချောကြီး on


အမြစ်တွေ ရှည်လျားလွန်းလိုက်တာ ...
ငါဟာ ဘာသစ်ပင်ပါလိမ့်ကွယ်။

မျှာ်လင့်ချက်တွေကလည်း သစ်ရွက်တွေလိုပဲ...
တစ်ဖွဲဖွဲကြွေ (ဒီက...)
လေပြေလေညှင်းတိုက်မှာကိုတောင်
ကြာက်နေရတဲ့ကောင်ပေါ့။

နေ့ခင်းကြောင်တောင်မှာမှ အလွမ်းတွေက
တောမှောက်ရက်လေတယ်။ 
(တစ်ဖက်သတ်ပဲ စိမ်းလန်းခွင့်ရတဲ့
ဟောဒီ့ တောအုပ်တဲမှာ
ငါ.. ဘာလို့ဆက်ရှင်သန်မှာလဲ)
လူတွေရဲ့ မျက်ဝန်းကိုက ညှီစော်နံတယ်။
ထားလိုက်ပါတော့လေ..
မနက်ဖြန်ဆိုရင်ပဲ 
မနက်ဖြန်ဟာ ဒီကနေ့ဖြစ်တော့မယ်။

နာကျင်ခြင်းဆိုတဲ့အမြစ်တွေနဲ
မြေကြီးနက်နက်ထဲတွယ်ကုပ်
ဟောဒီ့မှာ မျက်ရည်တွေ
ငုတ်တုတ်ခြောက်ခဲ့ရတဲ့ သစ်ပင်ဟာ ငါ... ပါပဲ။

သေချာသထက် သေချာချင်လို့
တက်ခဲ့ရတဲ့
လှေခါးထစ်တွေသာ များလာတယ်။
ကမ်းဝေးသွားတဲ့ လရောင်ကတော့
ရွက်လွှင့်ထွက်သွားလိုက်တာ
ပြန်ကိုမလာတော့ဘူး။ 


မနက်ဖြန်ဆိုရင်ပဲ
မနက်ဖြန်ဟာ ဒီကနေ့ဖြစ်တော့မယ်
ငါဟာ.. ဘာသစ်ပင်ပါလိမ့်ကွယ်။

မင်းခိုက်စိုးစန်

Posted by ကိုကို ခန့်ချောကြီး on Tuesday, January 8, 2013


ကိုယ့်လက်ခုပ်ထဲ ပြန်ကြည့်မိတော့မှ
အလွမ်းက တစ်ပွင့်နှစ်ပွင့်နဲ့ ... ခြောက်ကပ်ကပ်
ငါ ... ရေငတ်လာတယ်။

တေလေလို ရွက်လွှင့်နေခဲ့ရာက
ငါ့ဝိညာဉ်ရဲ့ ကျောက်ဆူးကိုချ
ဒီညတော့ မင်းရင်ခွင်ထဲမှာပဲ
စိတ်ချလက်ချ ... အိပ်စက်ပါရစေ။

ကောင်မလေးရယ်
ငါဟာ
ဖျားနာမှုကိုမ
ှ တွယ်တာတတ်သူပါ
တစ်စုံတစ်ခုဖြစ်လာမှာကို
ငါ စောင့်မျှော်နေမိ ...
တံခါးဖွင့်သံ ..
ခြေသံ
လာ ..
မြန်မြန်သာ ၀င်ခဲ့ပါတော့။

လူ ၈၀% က အလုပ်လုပ်ကြတယ်
(ဒါပေမယ့်)
ကျန်တဲ့လူ ၂၀% က ဆုရတယ်
ငါကတော့ သူတို့ကို
ရယ်ရယ်မောမောနဲ့သာ ထိုင်ကြည့်နေမိ
သွေးအေးအေးရက်စွဲတွေကိုသာ
အသိအကျွမ်း ဖွဲ့နေခဲ့တယ်။

ကောင်မလေးရယ် ငါဟာ .. "တေလေ" ပါ
ဆောင်းဦးပေါက်နှင်းတွေနဲ့
ကောင်းကင်မှာ တိမ်တွေက အပြာနုနု
ဟော .. အရပ်ပုပု ကောင်မလေးတစ်ယောက်
လမ်းလျှောက်လာနေတယ် !
အို .. မဟုတ်သေးပါဘူး
ကယောင်ကတမ်းနဲ့
အရောင်ကန်းနေတဲ့ အိပ်မက်တွေ
ငါမက်နေမိ
ချစ်လှစွာသော
ငါ့ရဲ့ညီမသေးသေးလေးရေ ..
လွမ်းတယ် .. 
ဒါပဲတတ်နိုင်တာမို့ လွမ်းပါရစေ။

မင်းခိုက်စိုးစန်

Posted by ကိုကို ခန့်ချောကြီး on

မေမေက

သူ့အိပ်မက်တွေ

ပုခက်ထဲထည့်ထည့်လွှဲ


ကျွန်တော်က

သားချော့တေးတွေစီးရင်း

ကြယ်တွေဆီ ရွှက်လွှင့်

အနားသတ်မရှိတဲ့လောဘထဲ

မျောလွင့်သူဖေဖေ

ကျွန်တော်နဲ့ဘယ်မှာဆုံမလဲ။ ။


ကိုရွေး

Posted by ကိုကို ခန့်ချောကြီး on
Related Posts Plugin for WordPress, Blogger...

۞۞۞အချိန်သည်လူ၏တန်ဖိုး۞۞۞

۞۞۞နွေးထွေးစွာကြိုဆိုပါတယ်۞۞۞


hit counter

۞۞۞ကိုယ်တော်စာပေ۞۞۞

http://www.kotawsarpay.com/

۞۞۞အွန်လိုင်းရွှေဝထ္ထုတိုဆု۞۞۞

۞۞۞ဘလော့ခရီးသည်۞۞۞

http://www.aungsanmks.com/

۞۞۞like လုပ်ပေးခဲ့ပါဦးနော်۞۞۞

Popular Posts

Blog Archive

Member ဝင်ပေးဖို့ဖိတ်ခေါ်ပါတယ်

သီချင်းလေးတွေနားထောင်ကြမယ်

dancer photo dancer_zpsbd8f2ed7.gif
သီချင်းတောင်းချင်ပါက dj@mmyos.com ကိုအပ်၍ တောင်းဆိုနိုင်ပါသည်

လိုအပ်သည်များပြောကြားခဲ့ပါနော်

Total Pageviews

လာရောက်အားပေးကြသူများ

လာရောက်သူတို့ရဲ့စကားသံလေးများ

flag counter

Flag Counter