• ဝေသမျှ မကြွေတဲ့ပန်းပါ
မင်းမနမ်းချင်လည်း ပွင့်ခဲ့ပြီလေ …..
• စိမ့်ထွက်သမျှ မခမ်းတဲ့စမ်းပါ
မင်းမသောက်ချင်လည်း စီးခဲ့ပြီလေ …..
• ဆိုနေသမျှ မဆုံးတဲ့တေးပါ
မင်းမကြားချင်လည်း သီခဲ့ပြီလေ …..
• မြူတိမ်ကင်းပြီး သာတဲ့ “လ” ပါ
မင်းအိပ်နေလည်း လင်းခဲ့ပြီလေ ….
• တောင်ထိပ်က သစ်ပင်ရိပ်ထက်
တောင်ခြေက ချောင်းငယ်တခုဖြစ်ချင်ပါတယ်။
မျက်နှာမသစ်တောင်မှ
(မင်းမောတဲ့အခါ …..)
ခြေဆေးလို. ရအောင်ပေါ့ ။
မောင်စိန်ဝင်း(ပုတီးကုန်း)
Posted by Unknown on Wednesday, July 31, 2013
0 comments
categories: | | edit post
အခန်း - ၁
ကြက်ဖက ကြက်မနောက်ကို အသည်းအသန်လိုက်သည်။
ကြက်ဖအတွေး – မိရင်လည်း မိ၊ မမိရင်လည်း သွေးပူလေ့ကျင့်ခန်း ပေါ့။
ကြက်မအတွေး – ငါပြေးတာ သိပ်များ မြန်နေလားမသိ။
ကံဆိုးစွာပင် ပြေးနေသော ကြက်မကို ကားတစ်စီးဖြတ်တိုက် သွားသည်။
ဒါကိုမြင်သော ……
အပျိုလေး အတွေး – သူတို့ရဲ့ချစ်ခြင်းကို ဟို ကားစုတ်က ၀င်ရှုပ်သွားတာပဲ။
အပျိုကြီးအတွေး – တွေ့လား၊ ကြက်မက ကြက်ဖကိုမကြိုက်လို့ သူ့ ကိုယ်သူ
အဆုံးစီရင်သွားတာ။
လူပျိုလေးအတွေး – တောက် – ဒီကောင်တော့ တစ်သက်လုံးနေရ ခက်နေတော့မှာပါ။
လူပျိုကြီးအတွေး – ကြက်ဖပေမယ့် အတွေးကောင်းရှာတယ်။ ဟို
စကားပုံအတိုင်းပေါ့။ တစ်ရက် ပျော်ချင်ရင် လမ်းပေါ်မှာရှာ၊ တစ်လပျော်ချင်
မိန်းမယူ၊ တစ်နှစ်ပျော်ချင် မယားငယ်ထား၊တစ်သက်လုံး ပျော်ချင်
လူပျိုကြီးပဲလုပ်-တဲ့။ အင်း ..ကြက်ဖ ခမျာ တစ်သက်လုံး ပျော်ချင်လို့နဲ့
တူပါတယ်။င်္
အခန်း - ၂
ကြက်ဖက ကြက်မနောက်ကို အသည်းအသန်လိုက်သည်။
ကြက်ဖအတွေး – ဒီတစ်ခါ တော့ မိလောက်ပါပြီ။ အေးလေ- မမိရင်လည်း သွေးပူပေါ့။
ကြက်မအတွေး – ငါပြေးတာ သိပ်များ မြန်နေလားမသိ။
ကံဆိုးစွာပင် ပြေးလိုက်လာသော ကြက်ဖကို ကားတိုက်သွား သည်။
အပျိုလေးအတွေး – အင်း- ကြက်မကိုလိုက်ဖို့ကြက်ဖတစ်ကောင်တော့ ထပ်ရှာရဦးမှာပဲ။
အပျိုကြီးအတွေး – ရှေ့မကြည့် နောက်မကြည့်လိုက်တာကိုး။သေတာတောင်နည်းသေး။
လူပျိုလေးအတွေး – အချစ် အတွက် အသက်ကိုပဓာနမထားဘဲ ချစ်ရဲတဲ့ ကြက်ဖပဲ။
လူပျိုကြီးအတွေး – ဟီဟိ- ဟို ကြက်မတော့ ကြက်ဖမရှိရင် တစ်သက်လုံးနေရခက်ပြီ။င်္
အခန်း - ၃
ကြက်ဖက ကြက်မနောက်ကို အသည်းအသန်လိုက်သည်။
ကြက်ဖအတွေး – မိရင်မိ မမိ ရင်လည်း သွေးပူပေါ့။
ကြက်မအတွေး – ငါပြေးတာ သိပ်များမြန်နေလား။
ကံဆိုးစွာပင် ပြေးနေသောနှစ်ကောင်လုံးကို ကားဖြတ်တိုက်သွား သည်။
အပျိုလေးအတွေး – အစကတည်းက ကြက်ဖမီအောင်လိုက်သင့် တယ်။
အပျိုကြီးအတွေး – ကြက်မ အပြစ်မဟုတ်ဘူး၊ ကြက်ဖအပြစ်။
လူပျိုလေးအတွေး – အမှန်ဆို ကြက်မလေးက အရှိန်လျှော့သင့်တယ်။
လူပျိုကြီးအတွေး – ဟီဟိ.. အေးရော၊ ဟင်းစားတော့ရပြီ။င်္
အခန်း - ၎
ကြက်ဖက ကြက်မနောက်ကို အသည်းအသန်လိုက်သည်။
ကြက်ဖအတွေး – မိရင်လည်း မိ၊ မမိရင်လည်း သွေးပူပေါ့။
ကြက်မအတွေး – ငါပြေးနေ တာ သိပ်များမြန်နေလားမသိ။
ကြက်များခေါင်းထဲတွင် ထိုမျှ သာရှိသော်လည်း ….လူတွေက မျိုးစုံတွေး
မျိုးစုံပြောနေကြလေသည်။ ဟိ..ဟိ..။
(အကြည်တော်) -
Posted by Unknown on
0 comments
categories: | | edit post
ကန်ရေပြင်ကိုဖြတ်တိုက်လာသော လေနုအေးအေးကကျွန်မတို့ စားပွဲဆီသို့  ဝေ့ကနဲရောက်ရှိလာတဲ့အခိုက် ကျွန်မ လေကို အားရပါးရ တ၀ကြီးရှူလိုက်မိပါသည်။ အရမ်းလတ်ဆတ်ကာ သန့် ရှင်းသောလေလေးပါ။ ကျန်းမာရေး လိုက် စားသော ခါဆူကီလည်း ထိုလေကို မျက်စိမှိတ်ရူသွင်းနေသည်ကို တွေ့ ရသည်။
    ဟုတ်ပါတယ်။ ခေတ်မှီဖွ့ံဖြိုးမှုရဲ့ နောက်ကွယ်မှ သဘာဝယိုယွင်းမှုများစွာရှိနေတာမို့  စစ်မှန်သော သဘာဝ အလှတို့ သည် တဖြည်းဖြည်းနှင့် ယိုယွင်းလာနေပါသည်။ အချိန်ကြာလာသည်နှင့်အမျှ သဘာဝတရားများသည်သာ တန်ဖိုးရှိသောအရာများပြန်ဖြစ်လာတော့မည်။ အသစ်ဘယ်လိုကောင်းကောင်း အဟောင်းတလည်လည်သာတည်း။
    " ကဲ…..ကဲ….ဒီနေ့ ဘာလေ့လာမလဲ "
မျိုးမျိုးက စကားစလိုက်ချိန်မှာ ကျွန်မတို့ နှစ်ယောက်လုံး ခါဆူကီထံ အကြည့်ရောက်သွားပါသည်။ ခါဆူကီက ဂျပန် အမျိုးသားတစ်ဦးဖြစ်သည်။ မြန်မာစာနှင့် မြန်မာဓလေ့ထုံးတမ်းများကို လေ့လာလိုသူမို့  ကျွန်မနဲ့ မျိုးမျိုးက ကူညီပေး နေခြင်းပါ။ အသက် ၅၈ နှစ်အရွယ်ရှိသော ထိုဂျပန်အမျိုးသားကြီးသည် အသက်ကွာခြားသော်လည်း ယဉ်ကျေးမှုရှိ လှစွာ ကျွန်မတို့ နှင့်တွေ့ လျှင် မြန်မာဓလေ့အတိုင်း လက်အုပ်ချီကာ မင်္ဂလာပါလို့  နှုတ်ဆက်တတ်သည်။
    ဒီနေ့ ညနေပိုင်းကို ကန်ဘေးရှိအကြော်ဆိုင်တွင် ထိုင်ရင်း စကားပြောကြခြင်းဖြစ်သည်။ ကျွန်မတို့ က သင်ပေး တယ်လို့ ပြောပေမယ့်လည်း ခါဆူကီထံမှ ပြန်သင်ခဲ့ရသည်ကများလှပါသည်။ ကျွန်မနဲ့ မျိုးမျိုးက အကြော်စားမယ်လို့  တိုင်ပင်တော့ အကြော်တစ်ခုမှာပါသော ကယ်လိုရီကိုတွက်ပြတာမို့ တခြားစားစရာတစ်ခုကို မှာစားလိုက်ကြသည်။ ခါဆူကီကတော့ ရေနွေးတစ်ခွက်နှင့် ကော်ဖီမှုန့် ၊ သံပုရာသီးတစ်ခြမ်းသာမှာပါသည်။ သူက သကြားကရုပ်ကိုရင့်စေ တဲ့အတွက် သူ့ ရုပ်ရင့်မှာစိုး၍ မစားကြောင်း ဟာသနှောကာဆိုပါသည်။
    အနေအထိုင်၊ အစားအသောက် သတိထားတတ်သော ဂျပန်ဓလေ့ကိုလည်း သူ့ ဆီက ပြန်သင်ယူရပါသည်။
မိုးစက်ကလေးများ ရုတ်တရက်ကျလာတာကိုကြည့်ရင်း သူက-
" မနေ့ ကမိုးလေ၀သသတင်းနားမထောင်မိဘူး " လို့ ပြောသည်။ ခါဆူကီက ထိုစကားကို တောက်လျှောက်အဖြတ် အတောက်မရှိပြောသွားတာပါ။ ဒါကြောင့် ကျွန်မက မြန်မာဘာသာစကားတစ်လုံးကို အသံထွက်ရွတ်ဆိုလျှင် ၁မတြာ (၁ စက္ကန့် )ကြာကြောင်း၊ သို့ သော် တချို့ စကားလုံးလေးများသည် ၁ မတြာမပြည့်ကြောင်း( မတြာဝက်ခန့် သာရှိ၍) နောက်က ကပ်ပါလာသောစကားသံပေါ်တွင် ပို၍အားစိုက်ဆိုပေးရကြောင်း မိုးလေ၀သ စကားလုံးရှိ (၀ နှင့် သ) ကို ဥပမာပေးပြောပြပေးလိုက်ပါသည်။ ထို့ နောက် စကားလုံး အဖြတ်အတောက်များကို ရှင်းပြပေးလိုက်ရာ ခါဆူကီက နားလည်မှုမြန်စွာပဲ
" မနေ့ က မိုးလေ၀သသတင်း နားမထောင်မိဘူး " ဟု ပြန်ပြင်ပြောပါသည်။
    စကားကောင်းနေစဉ်မှာပဲ မိုးရွာလာတာကြောင့် ကောင်မလေးတချို့ ဆိုင်ထဲ ပြေးဝင်လာကြတာကို တွေ့ ရ သည်။ ကျွန်မနဲ့ ခါဆူကီရှေ့ တည့်တည့်မှ မိန်းကလေးတစ်ယောက် ထိုင်ချလိုက်ချိန်မှာ ကျွန်မ မျက်စိမှိတ်လိုက်မိပါ သည်။ " ဘုရား……..ဘုရား " စိတ်ထဲမှ ဘုရားတရင်း ခါဆူကီနှင့် မျိုးမျိုးကို မျက်နှာပူနေမိပါသည်။
    ဘောင်းဘီကို ခါးစပ်အထိအောက်ကျအောင်ဝတ်ထားသော ထိုကောင်မလေးထိုင်ချချိန်မှာ အမြင်မတော်တာ ကြောင့် ခါဆူကီကိုလည်း အားနာသွားမိသည်။ မြန်မာဓလေ့ထုံးတမ်းတွေကို လေ့လာနေတဲ့သူရှေ့ မှာမှ ဒီလိုမျိုးဖြစ်ရ သလား။ ခါဆူကီက နားလည်မှုရှိစွာ ကျွန်မကိုပြုံးပြကာ နေရာပြောင်းထိုင်လိုက်ပါသည်။ ရှေးက မြန်မာအမျိုးသမီးများ သည် သူတို့ ၏ အသားများကို လူမြင်မှာ အရမ်းစိုးရွံ့ ကြသည်။ ထမီကိုရှည်ရှည်ဝတ်ကာ ရင်ဖုံးလက်ရှည်လေးများ ၀တ်ဆင်တတ်ကြသည်။ ယခုခေတ်မှာတော့ မပေါ်-ပေါ်အောင်ဝတ်ရင်း အလှဟုထင်ကာ တန်ဖိုးပျက်နေကြသည်ကို မသိတော့။ ကျွန်မကတော့ ထိုနေရာကနေ အဝေးဆုံးကိုသာ ပြေးထွက်သွားနေချင်မိသည်။ အင်း…..မြင်သူကရှက် တော့လည်း မျက်စိမှိတ်ရုံအပြင် ဘာရှိသေးသနည်း။
    ထို့ နောက် ကျွန်မတို့ စကားဝိုင်းက ပြောင်းလဲခြင်းနှင့် ဖွံ့ ဖြိုးရေးဖြစ်စဉ်များဆီသို့ ရောက်သွားကြသည်။ ခါဆူကီက- ပြောင်းလဲခြင်းဆိုသည်ကို လူတိုင်းလုပ်သင့်ကြောင်း၊ လှပသောလိပ်ပြာလေးပင်လျှင် ပေါက်ဖတ်ဘ၀မှ သည် အဆင့်ဆင့်ပြောင်းလဲမှုဖြစ်စဉ်ဖြင့် ရှင်သန်ကြီးပြင်းရကြောင်း၊ ထို့ အတူ လူတို့ သည်လည်း ပြောင်းလဲမှုရှိသင့်ရာ ထိုသို့ ပြောင်းလဲရာ
၁-Why        -ဘာကြောင့်ပြောင်းတာလဲ
၂-What    -ဘာရည်ရွယ်ချက်နဲ့ လဲ
၃-Where    -ဘယ်နေရာလဲ
၎-When    -ဘယ်အချိန်၊ ဘယ်တော့ပြောင်းမလဲ
၅-Who        -ဘယ်သူပြောင်းမလဲ
၆-How        -ဘယ်လိုပြောင်းမလဲ ဆိုသော အချက်များလိုအပ်ကြောင်း ပြောပြသည်။
    ခါဆူကီစကားအဆုံးမှာ ကျွန်မတို့ မြန်မာတွေအတွက် ပြန်စဉ်းစားနေမိပါသည်။ အပြောင်းအလဲတွင် စစ်မှန် သော လမ်းကြောင်းနှင့် မှန်ကန်သော အတွေးအခေါ်များ လိုအပ်နေပါသည်။ ဆက်ပြီး ဖွံ့ ဖြိုးမှုဖြစ်စဉ်အတွက်-
ဖွ့ံဖြိုးလိုသော ဆန္ဒအရင်ဆုံးရှိရမှာဖြစ်ပြီး အဲဒီတွက် လုံ့ လ၊ ၀ီရိယစိုက်ရမှာဖြစ်ကြောင်း၊ ဖွ့ံဖြိုးရေးနှင့်ပက်သက်သော ဆုံးဖြတ်ချက်များကို ခိုင်မာမှုရှိအောင်စိတ်ထဲတွင် တစိုက်မတ်မတ်စွဲနေစေပြီး စည်းကမ်းတကျလိုက်နာမှသာ ဖွံ့ ဖြိုးရေး အသီးအပွင့်ကို ခံစားရမှာဖြစ်တယ်လို့ ဆိုပါသည်။
    ခါဆူကီထံမှ အဖိုးမဖြတ်နိုင်သော စကားလုံးများကြားမိတဲ့ခဏမှာ ကျွန်မကြက်သီးတဖြန်းဖြန်းထမိပါသည်။ ဖွံ့ ဖြိုးမှုနှင့် ပြောင်းလဲခြင်းလမ်းမှားနေကြသော မြန်မာမိန်းကလေးများအတွက်လည်း စိုးထိတ်နေမိသည်။
    ဂလိုဘယ်လိုက်ဇေးရှင်း သဘောတရားအရ တားဆီးမရနိုင်သော Cross Cultureများသည်လည်း စက္ကန့် တိုင်း စီးဆင်းဝင်ရောက်နေပါသည်။ ခေတ်ရေစီးကြောင်းကို အကြောင်းပြကာ ၀တ်စားဆင်ယင်ထုံးဖွဲ့ မှုကို အရေးမကြီးပါဘူး ဟု သဘောထား၍မရပါ။ ကမ္ဘာ့ နိုင်ငံအသီးသီးတွင်လည်း ကိုယ်ပိုင်ယဉ်ကျေးမှုများ မပပျောက်စေရန် ကြိုးစားနေကြ သည်။ ဖွံ့ ဖြိုးမှုနောက်ကျနေသော မြန်မာနိုင်ငံတွင် ဖွံ့ ဖြိုးရန် နေရာများစွာတွင်လိုအပ်နေပါသေးသည်။ ထိုနေရာကို ကျွန်မတို့ လူငယ်တွေရဲ့ အားဖြင့် ဖြည့်မှသာ တိုးတက်နိုင်ပါမည်။ စက်မှုဖွံ့ ဖြိုးမှုတွင် ဂုဏ်ယူဝင့်ကြွားနိုင်မှုမရှိသေး သော်လည်း ရိုးရာလေးများဖြင့် ယဉ်ကျေးမှုဂုဏ်ယူနိုင်အောင် တည်ဆောက်သင့်ပါသည်။
    နိုင်ငံတကာက မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာတော့မည့်အချိန်တွင် ကျွန်မတို့ က နည်းပညာများ၊ အတတ်ပညာများကို အကျိုးရှိရှိ သင်ယူလေ့လာ အသုံးချသင့်ပါသည်။ ထိုနိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှု များနှင့်အတူ နည်းပညာများ၊ ယဉ်ကျေးမှုများသည်လည်း ရောက်လာတော့မည်။ အရှုံးဖြစ်နိုင်သည့် ဆိုးကျိုးပြဿနာ များကို တတ်နိုင်သမျှ ဟန့် တားထိန်းသိမ်းရပါဦးမည်။ အရေးကြီးတာက ဘာလဲ မြန်မာမလေးများ သတိထားကြဖို့ လို လာပါသည်။
    အ၀တ်အစားဆိုသည်မှာ ရာသီဥတုနှင့် သင့်လျော်အောင်၊ခန္ဓာကိုယ်ကြီးသဘာဝတရားနှင့် လိုက်လျောညီထွေ ရှိအောင်၊ အရှက်တရားများ လုံခြုံအောင်ပြုလုပ်ထားသည့်အရာဟု ကျွန်မမြင်ပါသည်။
    ကျွန်မသည်လည်း မိန်းမသားပေမို့ လှချင်ပါသည်။ သို့ သော် ထိုအလှအတွက် ကျွန်မတို့ ဂရုစိုက်စရာ၊ ထိန်းသိမ်းစရာများစွာရှိနေပါသည်။ အပြောင်းအလဲများစွာနှင့် ခရီးဆက်နေပြီဖြစ်သော ယနေ့ မြန်မာနိုင်ငံတွင် မြန်မာ လူငယ်ကလေးများသည် နိုးကြားတက်ကြွ(Motivated)ဖို့ လိုနေသလို ကိုယ့်ကို ယုံကြည် စိတ်ချပြီး ဂုဏ်ယူနေဖို့ ( Self-esteem) လည်း လိုပါသည်။
    မလုံမလဲဝတ်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိသော အလှအတွက် ကျွန်မတို့ ဘာကြောင့် ငွေကုန်၊ အချိန်ကုန်၊ သိက္ခာကုန်ခံနေမလဲနော်။ ခေတ်ကိုမှီရုံဆို မပြောလိုပါ။ရှေ့ ကိုအပြေးလွန်နေသည်ကတော့ တဆိတ်တော့ လွန်လွန်း နေကြသည်။ ဖုံးရမှာမှန်သမျှ အကုန်နီးပါးဖော်ပြထားသော ဒီနေ့ ဖက်ရှင်ဒီဇိုင်းများသည် နိုင်ငံရပ်ခြားတွင်တောင်မှ ရှိုးလျှောက်သောလမ်းပေါ်မှာသာ ၀တ်လို့ ရသည့်ဒီဇိုင်းများဖြစ်သည်ကို သတိထားသင့်သည်။ မြန်မာမျက်စိသည် မြန်မာအလှနှင့်သာသင့်လျော်သည်။ ချိတ်လုံချည်၊ ရင်ဖုံးပဲဝတ်ရမည်ဟု မဆိုလိုပါ။ အမြင်တင့်တယ်စေချင်တာပါ။ မြန်မာမိန်းကလေးတို့ ၏အလှကို အဆင့်အတန်းရှိစေချင်တာပါ။ အရိုးဆုံးသည် အဆန်းဆုံးဖြစ်နိုင်သည်။
ဒီနေ့ အဖို့ ကတော့ ခါဆူကီကို သင်ပေးခြင်းထက် ခါဆူကီက သင်ပေးလိုက်တာက ပိုများပါသည်။ လမ်းဘက်ကိုကြည့် လိုက်တော့ မိုးလည်းစဲသွားသလို ခုနက မိန်းကလေးများလည်း ရှိမနေတော့ပါ။ မျက်စိစိတ်ချမ်းသာသွားရပြီမို့  သက်ပြင်းလေးချကာရှိဆဲ ပလုံးပထွေး လျှာခလုတ်တိုက်လုမတတ် လုဆိုနေကြသောဘုရားစူးပါစေ့ (မြန်မာသီချင်းပါ) ဟု ကျိန်ရလောက်အောင် ဆူလှစွာသော မြန်မာမလေးများ၏သီချင်းသံက နားထဲသို့ ဝင်လာပြန်ပါသည်။
အင်း……
    ကျွန်မ သက်ပြင်းပဲချကာ ခေါင်းငုံ့ နေမိတော့သည်။
                                        ဧပရယ်ဆွေဆွေ
Posted by Anonymous on Tuesday, July 30, 2013
ဗုဒ္ဓဟူသော အဓိပ္ပာယ်မှာ "သိသောသူ" သို့ မဟုတ် "၀ိဇ္ဇာဥာဏ်အလင်းရသူ" တနည်း "သဗ္ဗညုတ ဥာဏ်တော်ရပြီးသူ " ဖြစ်သည်။ ထိုသို့ ဆိုလျှင် ဗုဒ္ဓသည် မိမိကိုယ်တိုင် ကြိုးစားအားထုတ်ကျင့်ကြံမှုဖြင့် သိစရာ ရှိသမျှကို အကုန်အစင်သိမြင်သော သဗ္ဗညုတ ရွှေဥာဏ်တော်ကိုရပြီး၊ သံသရာဝဋ်ဒုက္ခအပေါင်း၏ အဆုံးစွန် ဖြစ်ရာ နိဗ္ဗာန်ကို မျက်မှောက်ပြုခဲ့သည့် အတူမရှိ အတုမရှိသည့် လူသားတစ်ဦးသာတည်း။
    ကပိလ၀တ်နေပြည်တော် သုဒ္ဓေါဒနမင်းကြီး၏ မိဖုရား မာယာဒေ၀ီ၏၀မ်းတွင် ၀ါဆိုလပြည့် ကြာသပတေးနေ့ တွင် ပဋိသန္ဓေယူသည်။ လုမ္ဗနီဥယျာဉ်တွင် ဖွားမြင်သည်။ ဖွားရက်မှာ သက္ကရာဇ် ၆၈ ခု (BC 623) ကဆုန်လပြည့် သောကြာနေ့ ဖြစ်သည်။
မွေးဖွားပြီးနောက် " ငါအဦးဆုံး၊ ငါအကြီးဆုံး၊ ငါအမြတ်ဆုံး " ဟူသော စကားကြီးသုံးခွန်းကို ကြွေးကြော်တော် မူခဲ့သည်။ ဘုရားလောင်းကို ဖွားမြင်ပြီးနောက် ခုနစ်ရက်အရတွင် မယ်တော် မာယာစုတေသည်။ မယ်တော် မာယာစုတေရခြင်းမှာ သားဖွားခြင်းနှင့်စပ်သော ဒုက္ခကြောင့်မဟုတ်ပါ။ ဘုရားလောင်းတို့ ကိန်းဝပ်ရာ ၀မ်း တိုက်သည် နောက်ထပ်မည်သူမျှ ပဋိသန္ဓေမနေထိုက်သောကြောင့် စုတေရခြင်းဖြစ်ပါသည်။
    ဘုရားလောင်းကို သိဒ္ဓတ္ထဟုအမည်သညာမှည့်သည်။ ၁၆ နှစ်အရွယ်တွင် သုပ္ပဗုဒ္ဓမင်းကြီး၏သမီး ဒေ၀ဒတ်၏အစ်မ ယသော်ဓရာနှင့်လက်ထပ်သည်။ ရွှေနန်းသုံးဆောင်တွင် တလှည့်စီနေပြီး ထီးနန်းစည်းစိမ် ၁၃ နှစ်စံစားသည်။ ၂၉ နှစ်အရွယ်တွင် သူ၏နှလုံးသားဝယ် သစ္စာဥာဏ်အလင်း ထင်ဟပ်လေသည်။ သတ္တ၀ါ အပေါင်းသည် ခြွင်းချက်မရှိ သေခြင်းတရားကို ရင်ဆိုင်ကြရမည်။ ခပ်သိမ်းသော လောကီချမ်းသာတို့ သည် ဆင်းရဲခြင်း၏ ရှေ့ ပြေးဖြစ်ကြောင်းဆင်ခြင်မိလေသည်။ထို့ ကြောင့် ဒုက္ခအကြောင်းရင်းကို ရှာဖွေလိုသည့် ဆန္ဒ များပြင်းပြလာခဲ့သည်။ ထိုအချိန်တွင် သူအို၊ သူနာ၊ သူသေ၊ ရဟန်းဟူသော နိမိတ်ကြီးလေးပါးကိုတွေ့ ရကာ သံဝေဂဖြစ်ပြန်၏။ သက်တော် ၂၉ ၊ သားတော်လေး ရာဟုလာမွေးဖွားသည့်ညမှာပင် ကဏ္ဍကမြင်းကိုစီး၍ နောက်ပါ ဆန္ဒအမတ်နှင့်အတူ တောထွက်တော်မူခဲ့သည်။
အနော်မာမြစ်ကမ်းအနီးတွင် ဆံတော်ကိုပယ်သည်။ (ထိုဆံတော်ကို သိကြားမင်းက တာဝတိံသာတွင် စူဠာမဏိဟူသော စေတီကိုတည်ခဲ့သည်။)ဃဋိကာရဗြဟ္မာကြီးက ပရိက္ခရာရှစ်ပါးကို လာဆက်သည်။ (သိဒ္ဓတ္ထ ၏ ၀တ်လဲတော်ကို ဗြဟ္မာပြည်တွင် ဒုဿစေတီကို တည်ခဲ့သည်။)
အလောင်းတော်မှတပါး မည်သူမျှ မစွမ်းနိုင် ကျင့်နိုင်ရန်ခက်ခဲ့သည့် ဒုက္ကရစရိယအကျင့်ကို ဥရုဝေလတောတွင် ၆ နှစ်ကြာမျှ ကျင့်ခဲ့သည်။ နောက်ဆုံးတွင် အစွန်းနှစ်ဘက်ရောက်နေသော အကျင့်တို့ ကိုပယ်ကာ မဇ္ဈိမ ပဋိပဒါ (အလယ်အလတ်လမ်းစဉ်)ကို ရှာဖွေမိလေသည်။ ဒုက္ခအပေါင်း၏ ဖြစ်ကြောင်းရင်းမြစ် သမုဒယတရား မှာ ကိလေသာပင်ဖြစ်သည်ဟု ဥာဏ်တွင်သိမြင်လေပြီ။
သက်တော် ၃၅၊ (BC 588) အိန္ဒိယပြည် ဘီဟာနယ် ဂါယာမြို့ အနီး နေရဉ္ဖရာမြစ်ကမ်းရှိ ဗောဓိညောင်ပင် အောက်တွင် ဗုဒ္ဓ ဘုရားရှင်အဖြစ်သို့ ရောက်တော်မူခဲ့သည်။ ဘုရားဖြစ်သည့်နေ့ မှာ မဟာသက္ကရာဇ်အားဖြင့် ၁၀၃ ခု၊ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ ။
ယင်းနေ့ မှအစပြု၍ ဗုဒ္ဓသည် ၄၅ ၀ါကာလပတ်လုံး နေ့ ညမနား လူနတ်ဗြဟ္မာ သတ္တ၀ါအားလုံးတို့ အား သစ္စာနှင့် မဂ္ဂင်၊ ဓမ္မနှင့် ၀ိနယတို့ ကို မရပ်မနား ဟောကြားပြသ တရား ရေအေးတိုက်ကျွေးကာ ဆုံးမတော် မူခဲ့သည်။ သံသရာဝဋ်အပေါင်းမှ လွတ်မြောက်ရန်နှင့် ကိလေသာအညစ် အကြေးတို့ မှ ကင်းစင်စေရန် မိမိ ကိုယ်ကိုသာ မိမိအားကိုး ကျင့်ဆောင်ရမည်ဟုလည်း လမ်းပြတော်မူခဲ့သည်။
ဘုရားရှင် ၄၅ နှစ် ၀ါဆိုသော ဌာနေများမှာ-
ဝါဆိုစဉ်    ၀ါဆိုရာဌာန
၁-         ဗာရာဏသီ မိဂဒါဝုန်တော
၂- ၃-၄-     ရာဇဂြိုဟ် ဝေဠုဝန်ကျောင်း
၅-         ဝေသာလီပြည်
၆-         မကုဠတောင်
၇-         တာဝတိံသာ
၈-         ဘဂ္ဂတိုင်း
၉-         ကောသမ္ဗီပြည်
၁၀-         ပါလိလေယျကတော
၁၁-         နာဠပုဏားရွာ
၁၂-        ဝေရဉ္ဖာပြည်
၁၃-         စာလိယတောင်
၁၄-         သာဝတ္ထိပြည် ဇေတ၀န်ကျောင်း
၁၅-         ကပိလ၀တ်ပြည်
၁၆-         အာဠ၀ီပြည်
၁၇-         ရာဇဂြိုဟ်ပြည်
၁၈-၁၉-     စာလိယတောင်
၂၀-         ရာဇဂြိုဟ်
၂၁ မှ ၄၄ -     သာဝတ္ထိပြည် ဇေတ၀န်ကျောင်း
၄၅- ဝေဠုဝရွာ တို့ တွင် ၀ါဆိုတော်မူခဲ့သည်။ မြတ်စွာဘုရားသည် ၀ါတော် ၂၀ ထိအမြဲနေလေ့မရှိဘဲ ထိုထိုမြို့  ရွာများသို့  လှည့်လည်ပြီးဝါဆိုတော်မူသည်။ထို့ ကြောင့်ဝါတော် ၂၀ထိ အနိဗဒ္ဓ၀ါ ဟုခေါ်ပါသည်။
၂၁ ၀ါမှ ၄၅ ၀ါထိနောက်ပိုင်း ၂၅ ၀ါအနက် ၂၄ ၀ါမှာ သာဝတ္ထိပြည်၌သာ အမြဲဝါဆိုတော်မူ၏။ နောက်ဆုံးဝါကို ဝေဠုဝရွာတွင် ၀ါကပ်တော်မူခဲ့သည်။ ထို့ ကြောင့် ထိုဝါတို့ ကို နိဗဒ္ဓ၀ါ ၂၅ ၀ါဟုဆိုပါသည်။
    ထို ၄၅၀ါကာလပတ်လုံးအတွင်း ဘုရားရှင်တို့ ပြုအပ်သော ဗုဒ္ဓကိစ္စငါးပါးကို နေ့ စဉ်အမြဲအောက်ပါ အတိုင်း ပြုကျင့်တော်မူခဲ့သည်။
၁- ပုရေဘတ္တကိစ္စ    =ဆွမ်းမခံမီ လူတို့ ကို တရားဟောတော်မူ၏။
၂- ပစ္ဆာဘတ္တကိစ္စ    =ဆွမ်းစားပြီးနောက် နေ့ လယ်ပိုင်းတွင် ရဟန်းရှင်လူတို့ ကို တရားဟောတော်မူ၏။
၃- ပုရေမယာမကိစ္စ    =ညဥ့်ဦးယံတွင် ရဟန်းတို့ အား တရားဟော၍ အမေးပုစ္ဆာကို ဖြေကြားတော်မူ၏။
၎- မဇ္ဈိမယာမကိစ္စ    =သန်းခေါင်ယံတွင် နတ်ဗြဟ္မာတို့အား တရားဟောတော်မူ၏။
၅- မစ္ဆိမယာမကိစ္စ    =မိုးသောက်ယံတွင် အချိန်သုံးပိုင်းထားကာ ပထမပိုင်း စင်္ကြသွား၊ ဒုတိယပိုင်း ကျိန်းစက်၊ တတိယပိုင်းတွင် ကျွတ်ထိုက်သော သတ္တ၀ါတို့ ကိုကြည့်ရှုတော်မူ၏။
သက်တော် ၈၀ ၊ ၀ါတော် ၄၅ ၀ါအရ သက္ကရာဇ် ၁၄၈ ခုနှစ်၊ ကဆုန်လပြည့် အင်္ဂါနေ့ တွင် ကုဿိန္နာရုံပြည် မလ္လာမင်းတို့ ၏ အင်ကြင်းဥယျာဉ်တွင် ပရိနိဗ္ဗာန်စံတော်မူခဲ့ပါသည်။(ကုဿိန္နာရုံပြည်မှာ ယခုအခါ အိန္ဒိယပြည် ယူပီ ခေါ် ဥတ္တရာပရာဒေ့ရှ် (ဥတ္တရာပထဒေသ)အရပ်ဖြစ်ပါသည်။)
နောက်ဆုံးမှာကြားတော်မူသော စကားတော်ကား
"ချစ်သားတို့ …… နောက်ဆုံးစကားမှာကြားခဲ့မည်၊ ပြုပြင်မှုကြောင့်ဖြစ်သော သင်္ခါရတရားမှန်သမျှ ပျက်စီးတတ် သောသဘောရှိ၏။ မမေ့မလျော့ မပေါ့ဆသော သတိတရားနှင့်နေထိုင်ကြ " ဟူ၍ဖြစ်၏။
မြတ်စွာဘုရားရှင်၏ ရုပ်ကလာပ်တော်ကို မလ္လာမင်းတို့ က ဦးဆောင်ကာ သင်္ဂြိုဟ်တော်မူသည်။ တေဇော ဓာတ်လောင်တော်မူသော နေ့ မှာ မဟာသက္ကရာဇ် ၁၄၈ ကဆုန်လဆုတ် ၁၂ ရက် တနင်္ဂနွေနေ့ ဖြစ်ပါသည်။ မီးသင်္ဂြိုဟ်ရာတွင် ပင်ကိုယ်အတိုင်း တည်ရှိနေသော ဓာတ်တော်များမှာ
ညှပ်ရိုးတော် ၂ ဆူ
စွယ်တော် ၄ ဆူ
နဖူးသင်းကျစ် ၁ ဆူ ပေါင်း ၇ ဆူဖြစ်သည်။ ဓာတ်တော်များကို ခုနှစ်ပြည်ထောင်မင်းများအား ဒေါနပုဏား ကြီးက ခွဲဝေပေးသည်။ အချို့ ဓာတ်တော်များကို အရှင်မဟာကဿပနှင့် အဇာတသတ်မင်းတို့ တိုင်ပင်ပြီး စက်ယန္တယားအစောင့်ထားကာ သိမ်းဆည်းမြှပ်နှံထားခဲ့ရာ နောင်နှစ်ပေါင်း ၂၃၅ နှစ်အကြာ သီရိဓမ္မာသောက မင်းကြီးက တူးဖော်၍ စေတီပေါင်း ရှစ်သောင်းလေးထောင်တည်ထားကိုးကွယ်ကာ သာသနာတော်ကြီး စည်ပင်ပျံ့ ပွားစေခဲ့ပါသည်။
လူတကာ နတ်တကာတို့ ထက်လွန်ကဲလျက် အမြတ်ဆုံး အမြင့်ဆုံးဖြစ်တော်မူသော ဗုဒ္ဓဘုရားရှင်အား ဤစာစုဖြင့် ပူဇော်ကန်တော့ပါ၏။
                                    ဧပရယ်ဆွေဆွေ
Posted by Anonymous on
" နီလာ နီလာ နိစ္ဆရန္တိ၊ ပီတာ ပီတာ စ ရံတိယော၊
လောဟိတာ လောဟိတာ စာဘာ၊ သြဒါတော ဒါတရံ သိယော " အသံကြည်ကြည်သာသာဖြင့် ရောင်တော်ဖွင့် ဘုရားပင့်နေသော ကြီးကြီးကို ယပ်ခပ်ပေးရင်း ကျွန်မ ဘုရားဆင်းတုကြီးဆီ အကြည့်ရောက်နေမိသည်။ ကြီးကြီးရွတ်နေတော် ရောင်ခြည်တော်တို့ သည် ဆင်းတုတော်ကြီး၏ မျက်နှာတော်ဆီမှာ ဖြာကျနေသယောင် ဖူးမျှော်မိသည်။
ကျွန်မတို့ လမ်းနှင့် မျက်နှာချင်းဆိုင်မှာ ၀မ်းတော်ပြည့်ကျောင်းတိုက်ကြီးရှိပါသည်။ သီတင်းကျွတ်ခါနီးတိုင်း ထိုကျောင်းတွင် ပဋ္ဌာန်းရွတ်ဖတ်ပွဲကို နေ့ ညမစဲ ၁၅ရက်တိုင်တိုင် ပြုလုပ်လေ့ရှိပါသည်။ ညစဉ် ၇ နာရီထိုးတိုင်း ကြီးကြီးက သွား ရောက်ရွတ်ဆိုပူဇော်လေ့ရှိရာ ကျွန်မက အမြဲနောက်ကလိုက်လေ့ရှိသည်။ ညနေဘက်တွင် စကြာပန်းဟုကျွန်မတို့ ခေါ်သော ပန်းဖြူဖြူကလေးများကို အဆုပ်လိုက်အဆုပ်လိုက်သီကာ ညဘက်တွင် ကြီးကြီးဘုန်းကြီးကျောင်းသွားတိုင်း လိုက်လှူကာ ကြီးကြီးရွတ်ဖတ်နေသံကြားရလျှင် ကျွန်မစိတ်ကြည်နှူးရသည်။
တကယ်တော့ ကျွန်မကြီးကြီးကို နှစ်သက်တာဆိုလို့  ထိုသို့ ဘုရားပင့်၊ ပဋ္ဌာန်းရွတ်ဆိုမှုနှင့် သီလစောင့်တည်တတ်သည့်  အလေ့များသာဖြစ်ပြီး ကျွန်မ မကြိုက်သည်က အတိုးပေးစားခြင်းဖြစ်ပါသည်။ နှစ်ဦးနှစ်ဖက် နားလည်မှုအပြည့်ဖြင့် ချေးငှားကြ သည်ဆိုသည့်တိုင် အတိုးသည် ချေးငွေ၏ ၅ ပုံ ၁ပုံ ဖြစ်နေသည်ကတော့ တော်တော်ကို များသည်ဟု ကျွန်မထင်သည်။ မရှိလို့ ချေးပါသည်ဆိုမှ နင့်အောင်ပေးရသည့်အတိုးက ၁၀၀ ယူလိုက်ကတည်းက ၈၀ သာမြင်ရသည်။ တရားစာတွေရွတ်၊ သီလတွေ ဥပုသ်တွေနေ့ တိုင်းစောင့်တတ်သည့် ကြီးကြီးသည် အတိုးပေးသည့်အချိန်တွင်တော့ မျက်နှာက အရုပ်ဆိုးလှသည်              တခါတလေ ရောက်လာနေကျအတိုး မရောက်လျှင်ဖြင့် ကျွန်မနှစ်သက်သော ဘုရားပင့်ကို ရွတ်ဆိုတတ်သည့် ကြီးကြီးနှုတ်ခမ်း များသည် ကြမ်းတမ်းသောစကားသံများထွက်ကာ မဲ့လိုက် ရွဲ့ လိုက်ဖြင့် သဏ္ဍာန်မျိုးစုံပြောင်းလဲနေတတ်သည်။
အသက် ၇၀ နီးပါးရှိလာသော ကြီးကြီးသည် မျက်ခမ်းအထက်တွင် အသီးလေးထွက်လာ၍ မန္တလေးသို့  သွားခွဲခဲ့သည်။ ပြန်ရောက်လာသောအခါတွင်မူ အရင်လို ကျွန်မအား ဓမ္မပုံပြင်များ မပြောပြတော့။ ငူငူ ငိုင်ငိုင်နှင့်သာရှိတော့သည်။ ဆေးစစ်ချက် အရ ကြီးကြီးခန္ဓာတွင် ဘာရောဂါမှ မရှိဟုဆိုပါသည်။ ဒါဆို ကြီးကြီး ဘာဖြစ်နေတာလဲ။
ကျွန်မ စာထိုင်ဖတ်တတ်သော ညောင်ပင်အောက်သို့  ကြီးကြီး ရောက်လာသည်။ လက်ထဲမှာလည်း ဇာဂနာအသေးစား လေးနှင့်။ " သမီး ကြီးကြီးကို မျက်ခမ်းပေါ်မှာပေါက်နေတဲ့ မျက်တောင်လေးတွေ နှုတ်ပေးစမ်း၊ နေရဆိုးလွန်းလို့  "
ကျွန်မလည်း ဖတ်လက်စ စာအုပ်ကို လက်မှချကာ ကြီးကြီးခိုင်းတဲ့အတိုင်း လုပ်ပေးလိုက်သည်။ အရင်ခွဲထားသောနေရာ လေးမှာပဲ ထပ်ပြီးထွက်လာသော ဖုသေးသေးလေးပါ။ ထိုဖုလေးပေါ်တွင် မျက်တောင်လေးများပေါက်ပါက အနေရ အကြည့်ရ ဆိုးသည်ဟု ကြီးကြီးက ဆိုပါသည်။ မျက်တောင်မွှေးနှုတ်ပေးနေသည့်ကြားမှ ကြီးကြီးမျက်လုံးတို့ ကုတ်ကျလာသည်မို့  နီးလာ သောခြေသံကိုကြည့်မိတော့ အကြော်ရောင်းသော ဒေါ်ဒေါ်မြ။ မျက်နှာငယ်လေးနှင့် ကြီးကြီးရှေ့ တွင် လာရပ်ကာ အတိုးကိစ္စ အတွက် တောင်းပန်တိုးလျိုးနေသည်။
အတိုးစားချင်လို့  အတိုးပေးတာဆိုပေမယ့် နားလည်သင့်တာတွေတော့ရှိသည်ဟု ကျွန်မထင်သည်။ ယူထားတဲ့ငွေထက် အတိုးက များလွန်းလာသည်။ ကြီးကြီးဒါတွေကို ဘာကြောင့်စားရက်ပါသလဲ။ အာဟာရကော ဖြစ်ပါရဲ့ လား။ ကျွန်မ သက်ပြင်းပဲ ချကာ စာဖတ်လက်စပဲ ကောက်ဖတ်နေလိုက်မိသည်။
အရွယ်လွန်နေသော်လည်း အသိဥာဏ်ရင့်ကျက်ဖို့ လိုနေသေးသည့် ကြီးကြီးကို ဘယ်လိုတရားတွေကမှ ပြုပြင်ပေးနိုင် မှာပါလိမ့်။ ငွေနှင့်ပက်သက်လျှင် " ငါ့ကို လာမစမ်းနဲ့ နော် " လို့ ပြောတတ်သော ကြီးကြီးသည် ဒုတိယအကြိမ် သွားခွဲခဲ့ရပြန်ပါ သည်။
လူ့ ဘ၀တစ်လျှောက်လုံး လူသားတို့ သည် ပရိယေသနအရေးတို့ တွင် ရှာဖွေခြင်းဖြင့်သာ ဘ၀ကိုကုန်ဆုံးတတ်ရာ သေသောအခါ အပယ်သာလားတော့သည်။ ဗုဒ္ဓဘာသာဝင်တို့ သည် ဘုရားရှင်၏ သားသမီးများ ပီပီ ယခုဘ၀တွင် ရှာဖွေစု ဆောင်းထားသမျှထဲမှ ပေးကမ်းစွန့် ကြဲခြင်းဖြင့် နောင်ဘ၀များစွာအတွက် ဘ၀၀ သမ္ပတ္တိရအောင် လှူဒါန်းသင့်ပေသည်။
ဒုတိယအကြိမ် ခွဲပြီးပြန်လာတော့ ကြီးကြီးက ကျွန်မကို ရှေ့ မတိုးနောက်မဆုတ်သော အဖြစ်ကို ရင်ဖွင့်သည်။ ကျွန်မ မကြားဖူးသော ရောဂါဆန်း။ မျက်လုံးကင်ဆာတဲ့။ ကျွန်မ အံ့သြသွားမိသည်။ ကြီးကြီးကို တခါတည်း မျက်လုံးကို ထုတ်ပစ်ဖို့  ဆရာဝန်များက ဆိုသည်။ ထိုသို့ မဟုတ်လျှင် ခုလိုခွဲစိတ်ခြင်းမျိုးက အရေတွက် စိတ်လာမည်ဖြစ်ပြီး အသက်အရွယ်ရလာသော ကြီးကြီးအနေဖြင့် နောင် အခက်အခဲရှိလာနိုင်သည်တဲ့။
မျက်လုံးထုတ်ပစ်ဖို့ ငြင်းဆန်ခဲ့သော ကြီးကြီးသည် နောက်လေးငါးလကြာသောအခါ မျက်ခွံထက်တွင် ဆီးသီးအရွယ် အဖုကြီးဖြစ်လာသည်။ထိုအဖုကြီးပေါ်တွင် ပေါက်တတ်သော မျက်တောင်လေးများကို ကျွန်မက သေသေချာချာနှုတ်ပေးရသည်။
ဆေးအသစ်အဆန်းများဖြင့် ကုရင်း မျှော်လင့်ချက်ကုန်ဆုံးနေသော ကြီးကြီးသည် အသက်ရှင်နေသော်လည်း နှလုံးပူ လောင်ခြင်းရှိဟန်တူသည်။ သားသမီးများက လိုလေးသေးမရှိပြုစုပေးသော်လည်း ပျော်ရွှင်ကျေနပ်ဟန်မပြ။ သူ့ မှဒီရောဂါဖြစ်ရ သလားဟု တွေးထင်နေသည်။ စင်စစ် တဏှာဒိဋ္ဌိတို့ ကြောင့်သာ မိမိတို့ ရုပ်ခန္ဓာတို့ ကို စွဲလမ်းနှစ်သက်နေကြခြင်းသာဖြစ်သည်။ ခန္ဓာရထားတဲ့ သတ္တ၀ါတိုင်းသည် ရထားသော ထိုခန္ဓာ၏ ဒုက္ခကိုတော့ ခံရမြဲသာဖြစ်သည်။
ပိုက်ဆံတွေ ဘယ်လောက်ပေးပေး ကုမရတဲ့ရောဂါတွေ ရှိနေတတ်မြဲမို့ ကြီးကြီး၏ ရောဂါသည် ပို၍ရင့်လာသလို ပို၍လည်းဆိုးလာပါသည်။ မျက်ခွံပေါ်က အဖုကြီးသည် ကြီးမားလွန်းလာကာ မျက်လုံးကိုကျော်၍ ဖုံးသွားသည်။ ထို့ အတွက် ကြီးကြီး၏ ဘယ်ဘက်မျက်စိတစ်ခုလုံးသည် ထိုအသားလုံးအောက်တွင် ရောက်သွားကာ ပျောက်ကွယ်သွားတော့သည်။
မျက်မှန်တပ်၍မရတော့သော ကြီးကြီးသည် ယခုနှစ်တွင် ပဋ္ဌာန်းလည်း မရွတ်နိုင်တော့။ တရားစာအုပ်တစ်ချို့ ကိုပင် ကျွန်မက ဖတ်ပြရသည်။
မိစ္ဆာအာဇီဝံ     နည်းလမ်းလွဲမှားမတရားသော အသက်မွေးမူကို
ပဟာယ        ပယ်စွန့် ၍
သမ္မာအာဇီဝေန    နည်းလမ်းမှန်သော အသက်မွေးမှုဖြင့်
ဇီဝိတံ        အသက်မွေးမှုကို ပြုအပ်၏။………….. ကျွန်မ မဟာသတိပဋ္ဌာန်သုတ်လာ စာကြောင်းတွေကိုဖတ်ပြရင်း ကြီးကြီးကို ကြည့်မိသည်။ ကြီးကြီးကလည်း ကျန်သောမျက်ဝန်းတစ်ဘက်ဖြင့်  ကျွန်မအကြည့်တွေကို သဘောပေါက်ဟန်တူပါ သည်။
မရှိလို့ ဆင်းရဲတာထက် မသိလို့ ဆင်းရဲမှာက ပို၍ကြောက်စရာကောင်းလှသည် မဟုတ်ပါလား။ ကြီးကြီး အဆိုးဆုံးအခြေ အနေသို့ ရောက်လာသောအခါ ဘုန်းကြီးများရောက်လာပြီး တရားစာများ ညစဉ်လာရွတ်ပေးကြပါသည်။ တစ်လမျှကြာသော အခါ ပိုးများပင်ဝင်လာသော မျက်လုံးကင်ဆာဖြင့် ကြီးကြီးသည် သေဆုံးသွားခဲ့ပါသည်။
သံသရာကို ဆင်းလိုက်တက်လိုက်ဖြင့် စုန်ဆန်ကူးနေကြသော သတ္တ၀ါတို့ သည် ရခဲသောလူ့ ဘ၀ရခိုက်တွင် လူ့ ဘ၀ အနှစ်သာရကို လူ့ အသိဥာဏ်(သစ္စာဥာဏ်)ဖြင့် သိမြင်ကာ ပုထုဇဉ်မှ တက်လှမ်းဖို့ ကြိုးစားသင့်ပါသည်။
ဆုတောင်းရုံနှင့်မရသလို လှူတန်းရုံဖြင့်လည်း မရနိုင်သည့် နိဗ္ဗာန်ဆိုသည့်နန်းကို ၀ိပဿနာအသိဖြင့်လည်း ကျင့်ကြံဖို့  လည်း လိုအပ်လှပါသည်။
ဘုန်းကြီးကျောင်းဆီမှ ပဋ္ဌာန်းရွတ်သံများကို ကြားနေရသည်။ ကျွန်မ ကြီးကြီး၏ အသံကို လွမ်းဆွတ်နေမိပါသည်။
                                        ဧပရယ်ဆွေဆွေ
                                             (28-12-2012 12း22 PM)
Posted by Anonymous on
 ဦးလူလှတစ်ယောက် အခန်းပြတင်းဆီမှ ခပ်လှမ်းလှမ်းတစ်နေရာကို ကြည့်မိတော့ မြေပြင်မှ တစ်ပေခန့် သာသာအမြင့် တွင် လှပနေကြသော ကျိုင်းတုံပန်းကလေးများကို တွေ့ ရသည်။ လေအဝှေ့ တွင် လေယူရာတိမ်းရင်း လောကအလှကို ဆင်နေ ကြသည်။ ထိုပန်းပင်လေးတို့ ၏ရှေ့ တွင် မားမားမတ်မတ်ရပ်တည်နေသော အဆောင်ကြီးတစ်ခုရှိသည်။ အနာဂတ်လူ့ အဖွဲ့  အစည်းတွင် အားဖြည့်ကြမည့်လူသားငယ်များ လောကအလယ်ခြေချရာဒေသ။
အသားစိုင်၊ အရိုး၊ ခြေ၊ လက် စသည့် အတုံးအခဲတွေကိုဖြစ်စေသော     ပထ၀ီ
ထိုပထ၀ီကို တစ်လုံးတစ်ခဲတည်းစုပေးတာက                 အာပေါ
ထိုအတုံးအခဲကြီးကို ရင့်ရင့်ပြီးမာလာအောင်လုပ်ပေးတာက         တေဇော
ထိုသဏ္ဍာန်ကို ပုံမပျက်အောင် စီမံပေးတာက                 ၀ါယော
ထိုဓာတ်ကြီးလေးပါး အစုအပေါင်းဖြစ်သော ရူပခန္ဓာကြီး စတင်လာချေပြီတကား။ သို့ သော် ထိုခန္ဓာစကတည်းက ငိုခြင်း နှင့်စရပါသည်။
ကလေးငိုသံတွေဆီ အတွေးဝင်ခိုက် အခန်းရှေ့ ကော်ရစ်တာဆီမှ ဘီးလှည်းသံတစ်ခုကြားရသည်။ ကြားဖူးသမျှလှည်းသံ တွေထဲမှာ နားဝင်အဆိုးဆုံးဟု သူထင်သည်။ သံမံတလင်းနှင့် သံဘီးကြမ်းတို့ ၏ ညင်သာမှုကင်းသည့် ပွတ်တိုက်သံ။ ရုတ်တရက် ထိုလှည်းဘီးဆီအကြည့်ရောက်မိတော့ ပိတ်ဖြူဖြူလွှမ်းထားသော အရာတစ်ခုကို သယ်သွားသည့်လှည်း။ တအီအီ ငိုရှိုက်သံတို့ က ကော်ရစ်တာတစ်ဝိုက်တွင် တဒင်္ဂဆူပွက်သွားသည်။ အင်း……အငိုနဲ့ ဆုံးရတာပါပဲလား။
တကယ်တော့လူတွေက ကိုယ့်အိမ်မှာ ဘာရှိတယ်။ မရှိဘူး သိကြပေမဲ့ ကိုယ်ခန္ဓာမှာ ဘာရှိတယ်။ ဘာမရှိဘူးဆိုတာ ဂရု မပြုမိကြပါဘူး။ ရထားတဲ့ခန္ဓာလေးကိုပဲ ငါ့ခန္ဓာဟုထင်နေကြသည်။ စင်စစ်တော့ ရထားတဲ့ခန္ဓာတိုင်းသည် တင့်တယ်သည်မရှိ။ ရွံ့ ရှာစက်ဆုတ်ဖွယ်ရာများချည်းတည်း။ခုကြည့်လေ ဦးလူလှ သုံးလေးရက် ရေမချိုးမပြုပြင်ရုံမျှဖြင့် မတင့်တယ်သော အသွင်ကို ဆောင်လာလေပြီ။
ဒါကိုတောင် ကိုယ့်ခန္ဓာတင်မကဘဲ သူများခန္ဓာကို သွား၍ချစ်ကြ။ တပ်မက်ကြသေးသည်။ စွဲလမ်းမှု လိုချင်မှုစသော လောဘတရားတို့ ၏အဆုံးသတ်သည် ဆင်းရဲခြင်းသာဖြစ်သည်။
တကယ့်အစစ်အမှန်မရှိသော ရုပ်ခန္ဓာပေါ်တွင် အစစ်အမှန်မဟုတ်သောအမည်များဖုံးကာ ထင်မှားမိတော့ အယောနိသော နှလုံးသွင်းမှားတော့သည်။
ငါ့ခန္ဓာ ၊ ငါ့ဥစ္စာ၊ ငါ့သား၊ ငါ့မယား ဟူသော တဏှာဒိဋ္ဌိတို့ ဖြင့် သေလွန်ကြသည်။ ထိုအခါ နောက်ခန္ဓာများစွာဖြင့် သံသရာကို ဆက်ကျင်လည်ရပြန်တော့၏။ သံသရာဆိုရာတွင် ဆင်းရဲသောလမ်းကအများဖြစ်သည်။ သံသရာတွင်လည်း ခိုင်မာတာ၊ ကျေနပ်စရာတစ်ခုမှ ရှိသည်မဟုတ်။ သြော် တကယ်တော့ ဒီရူပခန္ဓာကြီးက နှစ်သက်စရာမရှိ။ မတင့်တယ်ရွံ့ ဖွယ်ရာ ပါတကား။ ခုနကတွန်းသွားသော ဘီးလှည်းပေါ်က ခန္ဓာကို ဘယ်သူက ဘယ်လောက်ချစ်ချစ် နောက်ဆုံးတော့ စွန့် ပစ်ကြတော့ မှာပါပဲ။
သည်လူလှအတွက်ကော……. ။ ခေါ်ရလွယ်အောင် အဖေအမေမှည့်ပေးထားသော်လည်း လူလှဆိုသည်မှာ နာမပညတ် သာဖြစ်သည်လေ။ အတွေးအဆုံးမှာ ဦးလူလှမျက်နှာလေး နွမ်းသွားသည်။
………………… x………………………..x…………………………….x………………………………….
လောကဓာတ်သည် နေ့ မှတဖန် ညသို့ ဆောင်ကြဉ်းပြန်သည်။ ကားလမ်းလေးသာခြားသော ဤဆေးရုံ၏ အခြား တစ်ဖက်တွင် တက္ကသိုလ်အဆောင်များစွာရှိသည်။ နှစ်သစ်ကူးမည့်ညဖြစ်၍ လူငယ်များ ဘာမှမဟုတ်လည်း ပျော်ရွှင်နေကြသည့် အသံများကို ဦးလူလှကြားနေရသည်။
Happy ကိုတန်ဖိုးထားကာ ဆုတောင်းကြသည်။ ဆုတောင်းပေးကြသည်။ ရသည် မရသည် အသာထား။ သူတို့ ပျော်ရွှင် ကြသည်။ ထိုပျော်ရွှင်မှုသည် ရေရှည်ခံသော သုခကားမဟုတ်ပေ။ ဘ၀တဏှာကိုသာ ဆက်ကူးမည့် ဒုက္ခသာတည်း။ သို့ သော် ကောင်းသော ဝေဒနာဖြစ်မှတ်ယူနေကြသည်မှာ လူငယ်မှမဟုတ် လူအများစုလည်း ထိုသို့ ပင်။
လောကသဘာဝအားလုံးသည် မြဲသည် ဟူ၍ ဘာမျှမရှိ။ မိမိသဏ္ဍာန်မှ စိတ်သည်ပင် ၁ စက္ကန့် လျှင် ကုဋေတစ်သိန်း မက ပြောင်းလဲ၏။ သို့ သော် အမှန်မသိမှုကြောင့် မမြင်ကြပါတကား။ သူကိုယ်တိုင်လည်း လူငယ်ဘ၀ကိုဖြတ်သန်းဖူး၍ လူငယ် တွေရဲ့ ရှင်သန်မှုကို နားလည်ပါသည်လေ။
ဦးလူလှ ကုတင်ရဲ့ အခြားတစ်ဘက်ဆီကိုစောင်းဖို့  သူ့ ခန္ဓာကို မနည်းကြိုးစားနေရသည်။ နာကျင်မှုအသီးသီးက ဘယ်ဆီကနာမှန်းမသိအောင် ၀င်ရောက်လာသည်။
ငါ၏သား ငါ၏သမီးဟု ယူဆထားသူများသည် အလုပ်အကြောင်းပြကာ ရောက်မလာကြ။ နေ့ ညစောင့်ကြပ်ဖို့ ငှားပေး ထားသည့် ရူတည်တည်နဲ့ နာစ့်မတစ်ယောက်ကလည်း အမြဲရှိနေတတ်သည်မဟုတ်တာမို့  ကိုယ့်ဘာသာကိုယ်ကြိုးစားစောင်း ကြည့်သည်။ တဆစ်ဆစ်သောနာကျင်မှုတို့ ကို အံတုရင်း………..
စောင်းချင်တာက နာမ်၊ လှုပ်မရတာက ရုပ်။ နာမ်ကစေခိုင်းလို့ ရုပ်ကြီးက ရွေ့ လျားပေးရပေမဲ့  ခုတော့လည်း နာမ်က စေခိုင်းတာတောင် ရုပ်က မနာခံတော့ပါလား။ ထိုခန္ဓာသည် ငါ့ဆန္ဒကို နည်းနည်းမှ မလိုက်ပါလား….။ ရောဂါဝေဒနာကြောင့် သက်သာခွင့်သုခကို တောင့်တ၍နေဆဲမှာပင် ဝေဒနာဒုက္ခကသာ ပြင်းထန်စွာနှိပ်စက်၏။ ကျန်းမာသန်စွမ်းစဉ်က အတ္တဟုထင်ခဲ့ သမျှသည် ခုတော့…………….
အတ္တဒီရေလှိုင်းကို အမြဲစီးကာ လူ့ ဘ၀ရေယဉ်ကြောဝယ် ဦးလူလှ အနှစ် ၆၀ ကူးခတ်ခဲ့သည်။
တဏှာဖြင့် စွဲလမ်းသော ဒီခန္ဓာ
ဒိဋ္ဌိဖြင့် တွယ်တာခဲ့သော ဒီခန္ဓာ တွင် ကိုယ်နှင့်မဆိုင်သော အပြင် ဗဟိဒ္ဓခန္ဓာကိုပဲ ရူမြင်ကာ ကိုယ်နှင့်ဆိုင်သော အဇ္ဈတ္တ ခန္ဓာကို လျစ်လျူရှုခဲ့မိသည်။
ဘ၀နေ၀င်ချိန်သည် နီးလာပါပြီတကား။ ငိုခြင်းတရားတွေ သူ့ အတွက် လောကထဲမှာဖြစ်ပေါ်လာကြဦးမည်။ ငါ့ဘ၀ ငါ့မီးစာသည် ဒီဘ၀တွင်ပင် ငြိမ်းချင်ပါတော့သည်။ နောက်ထပ်ခန္ဓာလည်း မရလိုတော့။
ညည်းသံကြား၍ တစ်ဘက်မှ ကုတင်ကို ကြည့်မိသည်။ ချိုင့်ဝင်နေသော မျက်လုံးအစုံနှင့် ပါးနှစ်ဖက်ကြောင့် ဦးခေါင်းခွံ ပုံသဏ္ဍာန်ပင် အထင်သားမြင်နေရသည့်မျက်နှာ။
ဦးလူလှ မျက်လုံးအစုံကို မှိတ်လိုက်သည်။ ပတ်ဝန်းကျင်မှ ထိုသူ၏အသံကို လျစ်လျူရှူလိုက်သည်။ မိမိခန္ဓာမှ နာကျင်မှု များကိုသာ ရူမှတ်နေမိသည်။
နာကျင်သည်ဟူသော ခံစားမှု
မနာကျင်တော့ဟူသော ခံစားမှု
စိတ်နှလုံးမသာယာမှုဟူသော ခံစားမှု
စိတ်နှလုံးရွှင်ပြသာယာသည်ဟူသော ခံစားမှု စသည့် ဝေဒနာတို့ သည် ပုဂ္ဂိုလ်လည်း မဟုတ်။
ပုဂ္ဂိုလ်၏ အတ္တသာရ လည်းမဟုတ်။
ပုဂ္ဂိုလ်၏ ကိုယ်ထည်လည်းမဟုတ်ဆိုသည့် အရာများသည် သူ့ စိတ်အစဉ်တွင် ထင်ရှားလာတော့သည်။ ထိုအခါ သတ္တ၀ါမဟုတ်။
ကိုယ်ထည်မဟုတ်။
ယောက်ျားမိန်းမ မဟုတ်ဟူသော အနတ္တသဘောကို သိမြင်လိုက်သည့်ခဏမှာ ဦးလူလှ နှုတ်ခမ်းလေး ပြုံးသယောင်ဖြစ်သွားသည်။
……………………….x…………………………………..x………………………………..x……………………………..
လှပသော လိပ်ပြာလေးများသည် ကျိုင်းတုံပန်းကလေးများအနီးတွင် ရစ်ဝဲနေကြသည်။ နေခြည်နုနုတို့ တိုးဝင်နေသော အခန်းပြတင်းဘေးရှိ ကုတင်လေးတွင်မူ လူနာကင်းမဲ့နေလေသည်။
                                    ဧပရယ်ဆွေဆွေ
Posted by Anonymous on
  နည်းပညာတိုးတက်လာသည်နှင့်အမျှ လူသားတို့ နေထိုင်ရာ ကမ္ဘာကြီးသည်လည်း အံ့သြဖွယ်ရာနည်းပညာတို့ ဖြင့် တိုးတက်လာနေသည်။ ပို၍ဦးမော့လာသည့် လူနေမှုအဆင့်အတန်းမြင့်မားမှုသည် လူ့ ဘ၀ကို ပိုမိုစည်ပင်လာစေခဲ့သည်။ သိပ္ပံ ပညာ၏ တီထွင်ဆန်းသစ်မှုဖြင့် လူတို့ သည် ၄င်းတို့ ဘ၀ကို လောကီစည်းစိမ်ချမ်းသာတွင် အသုံးချလာကြသည်။ ခလုတ်တစ် ချက်နှိပ်၍ ထမင်းချက်ထားနိုင်သည်။ ခလုတ်တစ် ချက်နှိပ်၍ ရေကို အပူအအေးလိုချင်တာ ယူတတ်လာသည်။
    သိပ္ပံပညာတိုးတက်မှုက လူ့ ဘ၀ကိုသက်တောင့်သက်သာ စည်ကားအောင်လုပ်ပေးသလို လူ့ လောကကိုခြိမ်းခြောက်မှု ဖြင့်လည်း ဖန်တီးလာတော့သည်။ အဘယ်ကြောင့်ဆိုသော် သိပ္ပံပညာကိုအသုံးချ၍ပင် လူသားတို့ သည် ၄င်းတို့ ၏ ဆန္ဒဆိုးများ ကိုအကောင်အထည်ဖော်လာကြသည်။ ထို့ ကြောင့်လူသားများထဲတွင် ပဋိပက္ခများ၊ အနိုင်ယူချင်မှုများ၊ စစ်ပွဲများဖြစ်လာကြရ တော့သည်။ ခေတ္တတစ်ဘ၀စာလောကီဘ၀ချမ်းသာလေးသာဖြစ်သော ရုပ်ဝတ္ထုပစ္စည်းများအတွက် သူတို့ ၏ဆင်ခြင်တုံတရား များ ပျောက်ဆုံးလာကြသည်။
    စင်စစ်လူဆိုသည်မှာ- မိမိလုပ်မည့်အလုပ်ကို
၁- အကြောင်း၊ အကျိုး
၂- အကောင်း၊ အဆိုး
၃- ဟုတ် ၊ မဟုတ်
၎- မှန်သည် ၊ မမှန်သည်
၅- အကျိုးရှိသည် ၊ မရှိသည်ကို ဝေဖန်စိစစ်တတ်သော အင်္ဂါ၅ရပ်နှင့်ပြည့်စုံမှသာ လူဖြစ်သည်။
    ယခုလက်ရှိလောက၏ လူသားရာခိုင်နှုန်းအများစုသည် အတ္တ၀ါဒီများသာဖြစ်ကာ ကိုယ်ချင်းစာစိတ်၊ သည်းခံစိတ်၊ နားလည်ပေးစိတ်များ ဝေးလွင့်နေကြသည်။ မိမိအကျိုးစီးပွားလည်ပတ်နိုင်မှုအတွက် ကိုယ်ကျင့်တရား၊ ယဉ်ကျေးမှုနှင့် ကိုးကွယ် မှုများအထိပါ ပျက်စီးလာနေပြီး ဂါရ၀တရား၊ နိဝါတတရားစသော စံတန်ဖိုးများ ယိုယွင်းလာသည်။
    စင်စစ်ဘ၀သည်နေတတ်ရင် ချမ်းသာကြောင်းဖြစ်သော်ငြား လူအများစုမှာ မနေတတ်၍ ဆင်းရဲများနှင့်ပြည့်နေရသည်။ လိုချင်ဆန္ဒများကြောင့် ဖြစ်လာသောဆင်းရဲ၊ ရလာသောအရာများကို ပျောက်ကွယ်သွားမှာကြောက်သည့်ဆင်းရဲများဖြင့် ဒုက္ခ၏ သားကောင်များဖြစ်လာနေရသည်။
    လူဖြစ်လာတော့ ပညာတတ်ချင်သည်။ ပိုက်ဆံရှိချင်သည်။ ရာထူးလိုချင်သည်။ အာဏာရှိချင်သည်။ ထိုဆန္ဒများအတွက် သူတို့ ရသော ရက်ပေါင်း ၃၀၀၀၀ ကျော်မှ တစ်ဝက်ခန့် ကို ရက်ရက်ရောရောပေးပစ်လိုက်ကြသည်။
    သူတို့ လိုချင်တာ ရလာသောနေရာအရောက်တွင် သားတွက်မယားအတွက် တရားသည်ဖြစ်စေ မတရားသည်ဖြစ်စေ စုဆောင်းကြသည်။နွေအတွက် မိုးအတွက် ရာသီစာမျိုးစုံသိုလှောင်မှု၏ အကုသိုလ်ကတော့ သူ့ အတွက်ရှိနေသည်ကို ဂရုမပြုမိ ကြ။ အတူတူစားသောက်ကြသော အစာများထဲတွင် ကိုယ်စားသောအစာက ဘာကြောင့် အဆိပ်ဖြစ်နေလဲ သူတို့ မသိကြ။ ဤ သည်မှာ အင်္ဂါ၅ရပ်နှင့်ပြည့်စုံသောလူ မဟုတ်သောကြောင့်ဟုဆိုရပေမည်။
    ကြားဖူးသောပုံပြင်တစ်ပုဒ် ပြောပြလိုပါသည်။ လူသားတစ်ယောက်သည် မျက်ရည်လည်ရွဲဖြင့် ငိုနေသောကြောင့် ဤသည်ကို မကြည့်ရက်သော တိရစ္ဆာန်လေးများက အကူအညီလိုလျှင် ပြောပါဟုဆိုကြသည်။ ထိုအခါ လူသားက
" အမြင်အာရုံကောင်းကောင်းနှင့် သန်မာချင်သည် " ဟုဆိုရာ ကျားသစ်က " သင်ကျွန်ုပ်ကဲ့သို့ သန်မာစေ " ဟု ပေး၏။
နောက်တဖန် ကမ္ဘာကြီး၏လျို့ ဝှက်ချက်ကို လူသားက သိလိုပြန်သည်။ ထိုအခါ မြွေက " ကျွန်ုပ်ပြပါ့မယ် " ဟုပြောသည်။
တိရစ္ဆာန်အားလုံးက လူသားလိုအင်ဆန္ဒများဖြည့်ပေးပြီးကြသောအခါ ဇီးကွက်က
" သူတော့ အားလုံးကို သိသွားပြီ။ လူသားမှာ လိုချင်တာတွေရနေပြီမို့  သူ့ ဆန္ဒတွေ ပြည့်နေပြီ " လို့ ပြောလိုက်ရာ
အဲဒီအချိန်မှာ သမင်လေးက ဘာပြောသလဲဆိုရင်……
" တကယ်တော့ လူသားရဲ့ ဆန္ဒဆိုတာ ဘယ်တော့မှပြည့်မှာ မဟုတ်ဘူး။ ကမ္ဘာမြေကြီးက ငါ့မှာပေးစရာတွေ မရှိတော့ဘူးလို့  ဆိုတဲ့အထိတောင် သူက တွင်းတူးယူမဲ့ လောဘသားကောင် " လို့ ဆိုပါတယ်။ ကျွန်မ ထိုပုံပြင်ကို သဘောကျပါသည်။ ရာခိုင်နှုန်း နီးပါးမှန်သည်။
တွင်းနက်နက်တူး၍ လိုချင်မှုများရခြင်းမှာ အ၀ိဇ္ဇာကြောင့် တဏှာလောဘကြောင့်ဟု မသိလျှင်ထားတော့ မိမိလုပ်သော အလုပ်သည် တစ်ပါးသူ မနစ်နာဖို့  လိုသလို မိမိမထိခိုက်ဖို့ လည်း လိုပါသည်။ ပြင်းပြစွာစွဲလမ်းနေသော ဤစည်းစိမ်ဥစ္စာများ သည် ရုပ်ဘ၀၏လောကီချမ်းသာသာ ဖြစ်သည်။ ခဏလေးသော ပျော်ရွင်မှုပေးသည်ကို သတိချပ်ဖို့ လိုသည်။
ယနေ့ ကမ္ဘာတွင် လူသားတို့ ဖန်တီးကြသော ရုပ်ဝတ္ထုများကို ခံစားကာနေနိုင်ဖို့ ပဲ အားထုတ်ကြသည်။ ထို့ ကြောင့် AD ၂၁ ရာစုမှလူသားများသည် ရုပ်ဝါဒ၏ လွှမ်းမိုးမှုကို ခံနေကြရတော့သည်။ အလိုဆန္ဒပြည့်ဝမှု၏ ပန်းတိုင်ဆိုသည်မှာ သူတို့  အတွက် ရှိပါ၏လော။ သေချာသော သေရေးကို မေ့ကာ မသေချာသော နေရေးထဲတွင် ခဏတာခံစားရသောစည်းစိမ်တို့ ကို မက်မက်မောမောဖက်တွယ်ခဲ့ကြသည်က အခုမှတော့မဟုတ်ပါ။
 " စည်းစိမ်ချမ်းသာကို အပြည့်အ၀ခံစားရတာက အကောင်းဆုံး"
( Pleasure is the highest good )
အထက်ပါအယူအဆသည် BC ၃၀၀ စုလောက်က ဂရိနိုင်ငံမှ အက်ပီကျူးရီးယန်းများလက်ထက်က ပေါ်ပေါက်ခဲ့သော အယူအဆတစ်ခုပါ။ ယနေ့ ခေတ် လူတွေရဲ့ အပြုအမူတွေနဲ့ နှိုင်းယှဉ်ကြည့်ပါဦး။ ယနေ့  ၂၁ ရာစုဆိုသောခေတ်မှလူသားများ သည် BC ၃၀၀ရာစုက လူများ၏ အတွေးအခေါ်နှင်နှင်သာဖြစ်နေသည်။
ဘာကို တိုးတက်သည်ဆိုပါသလဲ။
ဘာကို ခေတ်မီသည်ဆိုပါသလဲ။
ရုပ်ဝါဒတွေ တိုးတက်သလောက် နာမ်ဝါဒအတွေးအခေါ်များက ဘာကြောင့်နောက်ကျနေကြရသေးတာပါလဲ။
ဆန့် ကျင်ဘက်အတွေးအခေါ်များကြောင့် ၀ိရောဓိများဖြစ်ကာ ပဋိပက္ခဖြစ်နေကြသော စစ်ပွဲများ၊ အဓိကရုဏ်းများ ရပ်စေလိုသည်။ တစ်ခဏတာ ဆင်ခြင်တုံတရားမရှိမှု၏နောက်တွင် ဖြစ်လာကြသည့်အပျက်အစီးများကို မကြည့်လိုပြီ။ မိမိ၏ မတော်လောဘကြောင့် တစ်ပါးသူ၏မျက်ရည်တို့ လည်း မကျစေလိုပြီ။ ထို့ အတူ မိမိကိုယ်တိုင်လည်း မနစ်နာစေလိုပြီ။
BC ၃၀၀ ရာစုကထက် ရုပ်ဝတ္ထုပစ္စည်းများ တိုးတက်ဖွ့ံဖြိုးလာသလို BC ၃၀၀ ရာစုကနှင့်မတူသော အတွေးအခေါ်များ လည်းတိုးတက်ဖို့ လိုနေပြီဟုထင်သည်။
အစမထင်သော သံသရာမှ အဆုံးမရှိသော သံသရာထဲ ဆက်မလည်လိုလျှင်ဖြင့် လူ့ အင်္ဂါ၅ရပ်ဖြင့်ညီအောင် နေထိုင် သွားရမည်။ များများလိုချင်လျှင် များများပင်ပန်းမည်။ လူဖြစ်၍ သူများထက်သာချင် ချမ်းသာချင်သည်ကို လက်ခံပါသည်။ သို့ သော် ထိုအရာများအတွက် မိမိ၏လက်ရှိဘ၀၏ သိက္ခာ၊ နောင်ဘ၀၏ လားရာများကို အစွန်းအထင်းမဖြစ်စေသင့်ပါ။ ဘာသာ အယူဝါဒဘယ်လိုပဲကွဲပြားပါစေ အားလုံးဟာ လူသားများဖြစ်သည်မို့  တစ်ဦးနှင့်တစ်ဦး စာနာနားလည်မှုဖြင့်လည်းကောင်း အသိ တို့ ဖြင့် နေထိုင်သင့်သည်။
အကန့် အသတ်မဲ့သော လိုအင်များကိုလျော့ ကာ စိတ်၏ချမ်းသာမှုများများတည်ဆောက်ယူပါ။ အာဏာ၊ လာဘ်လာဘ နှင့် ကျော်ဇောခြင်းတို့ ကို မက်မောမှုကင်းလျှင် ဘ၀အသစ်အတွက်လည်း အကုသိုလ်ပြုနေမှုများနည်းသွားမည်။ ဆန္ဒလိုအင်များ ကို သင့်လျော်သော အကွာအဝေးတွင်ထား၍သာ လူသားပီသစွာနေထိုင်နိုင်ဖို့ ရည်ညွှန်းပါသည်။
                                ဧပရယ်ဆွေဆွေ
Posted by Anonymous on
မျက်လုံးထဲမှာ
ကြယ်အတုတွေ ထည့်ထည့်ပြီး ညှို့ ယူခဲ့လေတော့
ယုံလွယ်လွန်းတဲ့ ငါ့ရင်ဘတ်က ကပ်ပါသွား
ရင်ခုန်ခြင်းတွေက မရပ်နားတော့ဘူး။
အပြုံးထဲမှာ
မိုနာလီဇာတုကာ ပြုံးတတ်လေတော့
ရှောင်ရန်ခက်တဲ့ ငါ့ခြေလှမ်းက လျှောက်ကာသွား
ရင်ခုန်ခြင်းတွေက မရပ်နားတော့ဘူး။
နှလုံးသားထဲမှာ
အချစ်အတုတွေ ဖြည့်စွက်ပြီး
စွဲဆောင်ခဲ့လေတော့ အရောင်ကင်းတဲ့ ငါ့အချစ်က ကပ်ပါသွား
ရင်ခုန်ခြင်းတွေက မရပ်နားတော့ဘူး။
မာတိကာကမှား နိဒါန်းကတည်းက
မသေချာခဲ့တာတောင်
အနာဂတ်ကို အပေါင်ဆုံးခံပြီး
ရနံ့ ပါးပါးကို ရှုရှိုက်ရင်း
နင့်ခြေရင်းမှာ ကျဆုံးနေခဲ့သူပါ။
                        ဧပရယ်ဆွေဆွေ
Posted by aprilsweswe on
0 comments
categories: | | edit post
 နှောင်ကြိုးမရှိတဲ့ ကမ္ဘာမှာ
ကကြိုးပုံရိပ်တွေနဲ့  ကဗျာတွေဖွဲ့ သီပြီး
ငါနေချင်တယ်။
ခြောက်သွေ့ ခြင်းမရှိတဲ့ ကမ္ဘာမှာ
မြက်ခင်းစိမ်းတွေနဲ့  ရောင်စုံပန်းခင်းစိုက်ပျိုးရင်း
ငါနေချင်တယ်။
အာဏာတွေမရှိတဲ့ ကမ္ဘာမှာ
ကော်ဖီရနံ့ တွေနဲ့  သီချင်းတွေနားဆင်ပြီး
ငါနေချင်တယ်။
အမှောင်မရှိတဲ့ ကမ္ဘာမှာ
အလင်းရောင်တွေနဲ့  ထပ်ပြီးထွန်းညှိရင်း
ငါ့ကမ္ဘာကို ပြိုးပြိုးပြက်နေအောင်
ခြယ်သချင်လိုက်တာ။
  ဧပရယ်ဆွေဆွေ
Posted by aprilsweswe on
0 comments
categories: | | edit post
 ငါ့ရဲ့ စိမ်းစိုလှတဲ့ အိပ်မက်တွေမှာ
နင့်ကို နတ်ဆိုးအဖြစ်
မလာစေချင်ဖူး။
ငါ့အိပ်မက်တွေက ပျက်သုဉ်းဖူးလို့ ပါ။
 ငါ့ရဲ့ ရွှင်မြူးလှတဲ့ ကဗျာတွေမှာ
နင့်ကို ဗီလိန်အဖြစ်
မဖန်တီးချင်ဖူး။
ငါ့ကဗျာတွေက အရုပ်ဆိုးဖူးလို့ ပါ။
ငါ့ရဲ့ အေးချမ်းလှတဲ့ ကမ္ဘာလေးမှာ
နင့်ကို လိပ်ပြာအဖြစ်
မရှိစေချင်ဖူး။
ငါ့ကမ္ဘာက ၀ိညာဉ်လန့် ဖူးလို့ ပါ။
                ♥♫ ♥♫    ဧပရယ်ဆွေဆွေ ♥♫ ♥♫
Posted by Anonymous on Saturday, July 27, 2013
0 comments
categories: | | edit post
 ကျွန်မ ဒီနေ့ လိုင်းပေါ်မှာ ရန်ဖြစ်ခဲ့ရသည်။ ကျွန်မကိုက စွာလွန်းနေတာလား ဒါမှမဟုတ် ဆတ်ဆတ်ထိမခံ တတ်သော စိတ်ကြောင့်လားတော့ မသဲကွဲတော့။ ကျွန်မ ကိုယ့်လူမျိုးကိုတော့ တော်တော်ချစ်ပါသည်။ စကားလုံးကြီးတွေက ကြီးလိုက်တာ ဟုဆိုလျှင်လည်း ခံရုံပင်။ မတိုးတက်သည်- ဖွံ့ ဖြိုးမှုအားနည်းသည်- လိုအပ်ချက်များရှိသေးသည်ကို ကျွန်မလက်ခံပါသည်။ သို့  သော် မြန်မာမိဘများက သားသမီးအပေါ် ထိန်းကွပ်မှုလွဲမှားနေသည်တဲ့။ ပြီးတော့ သာယာသောလမ်းကိုလိုက်ကာ မိသားစုကို လျစ်လျူရူသည့် မိဘများမြန်မာပြည်မှာ အများကြီးပဲတဲ့။ သူက အဲလို ပြောသည်။
အင်္ဂလန်လူမျိုး၊ ယခုထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမားများကို စာသင်ပေးနေသည့် ထိုသူက ပြောခြင်းဖြစ်သည်။ ပါဠိသက္ကတများကို လေ့လာနေသူဆို၍ ကျွန်မလက်ခံစကားပြောခဲ့သော ထိုသူအား ကျွန်မက မြန်မာစာ သာမက မြန်မာလူမျိုး များအကြောင်းကိုထပ်ပြီး လေ့လာလိုက်ပါဦးဟု ပြောခဲ့ပြီး ယဉ်ကျေးမှုခြင်းရော ဓလေ့ထုံးတမ်းတွေပါ ရှင်တို့ နဲ့ လာမနှိုင်းပါနဲ့ လို့  စွာခဲ့မိသည်။
သူကလည်း ကျွန်မကို ပြန်ပြောပါသည်။
" မင်း..မျက်လုံးတွေကို ထပ်ဖွင့်ကြည့်ပါဦး " တဲ့။
ကိုယ့်လူမျိုး မကောင်းကြောင်းကို တိုင်းတစ်ပါးက ပြောတာမျိုး ကျွန်မ မခံချင်ပါ။ ပြောရလောက်အောင်ဖြစ်နေပါစေ သူတို့ ပြောတာမျိုး မလိုချင်ပါ။ ကျွန်မတို့ လူမျိုးအကြောင်း ကျွန်မတို့ သာလျှင် အသိဆုံးဖြစ်ရမည်။ လူတိုင်းတွင် ကိုယ့် အကြောင်းတရားကိုယ်နှင့်ပင် ရှိကြမည်သာ။ ကိုယ့်ထင်မြင်ချက်တစ်ခုသည် လူမျိုးတစ်မျိုးကို ထိခိုက်စေသည်အထိ ဖြစ်ဖို့ မလို အပ်ပါ။ ထို့ ကြောင့် ကျွန်မ စိတ်တိုတိုနှင့် ပြန်ပြောခဲ့ခြင်းဖြစ်သည်။
………………………………………×………………………………..×……………………..
" ရှင် လုပ်ရပ်က ကောင်းသေးရဲ့ လား "
" ဒီမှာ မင်းလိုက်လာတာကိုက ရှက်စရာကွ …ငါ..ဘယ်လောက် မျက်နှာပျက်ရလဲ "
အိမ်ရှေ့ လမ်းမထက်ဆီမှ စကားသံတချို့  ကျွန်မကြားလိုက်ရသည်။
" ဘာ မျက်နှာပျက်စရာ ဟုတ်လား အဲဒီနေရာမျိုးမှာ သွားတဲ့ ရှင့်မှာဘာကောင်းတဲ့မျက်နှာရှိနေလို့ လဲ ဟင်..ပြောစမ်းပါဦး "
ကျွန်မတို့ အိမ်ရဲ့ မျက်စောင်းထိုးအိမ်မှ အန်တီနုရဲ့ အသံမှန်း ကျွန်မကောင်းကောင်း မှတ်မိသွားသည်။ အန်တီနု နှင့် သူမ၏အမျိုးသား ဦး…..
ကန်ထရိုက်လုပ်ငန်းများနှင့် စီးပွားရေးပြေလည်နေသူ မိသားစုကလေးပါ။ ၁၀ တန်းတက်နေသည့် ဖိုးသား ဆိုသည့် သားတစ်ယောက်ရှိသည်။ ချစ်စရာ့ မိသားစုကလေးပေါ့။ အနေအေးသော အန်တီနုသည်လည်း လှပပြီး ချော မောသည့် အမျိုးသမီးတစ်ဦးပင်။
အေးဆေးစွာနေတတ်သော အန်တီနုရဲ့ အသံက လမ်းမထက်မှ ကျွန်မတို့ အိမ်ထိ ပျံ့ လွင့်လာသည်ဆိုတော့…
ခြံထဲမှာလမ်းလျှောက်နေသော ကျွန်မ ခြံတံခါးနားထိ လျှောက်သွားမိသည်။ မိမိခြေထောက်နှစ်ချောင်းကိုပင် အခြေခိုင်အောင် မရပ်နိုင်သော ဦး….နှင့် အန်တီနု။
" နောက်ထပ် ငါ့ကို လာမခေါ်နဲ့  ကြားလား " ဦး….ရဲ့ အသံ။
" တကယ်ဆို ရှင် ကျွန်မကို မဟုတ်တောင် သားရဲ့ မျက်နှာကို ငဲ့သင့်ပါတယ်။ သူသာ ဒီလိုဆိုင်မျိုးတွေကိုသွားတဲ့ အဖေမျိုးဆိုတာသာ သိရင်……….. "
" တော်စမ်းပါကွာ ငါမွေးထားတာ သားကွ….မင်းတို့ အတွက် လိုလေးသေးမရှိ ငါ ရှာဖွေ ကျွေးမွေးထားတယ်… ငါ့ ပျော်ရွင်မှုကိုတော့ ငါ့ရှာပါရစေ…သွား…..သွားကွာ……"
ဦး….က မူးမူးနှင့်ရမ်းလိုက်တာကြောင့် အန်တီနုရဲ့  အားကိုးတကြီး ကိုင်ထားတဲ့ လက်အစုံကော လူပါ လမ်းမထက်မှာ လဲကျသွားပါတယ်။
ကျွန်မ အန်တီနုအဖြစ်ကို ကြည့်ရင်း ရင်ထဲမှာ နင့်နေပါတယ်။ ဘာလုပ်ပေးရမှန်းမသိအောင် ကြက်သေ သေနေမိ သည်။ ဖေဖေတို့  မေမေတို့ မှာ ထိုအဖြစ်မျိုးမရှိ၍ ထိုခံစားချက်မျိုး မသိခဲ့။ မခံစားခဲ့ရပါ။ အန်တီနု ဘယ်လောက်ခံစား လိုက်ရမလဲ။ တသက်စာအတွက် ရည်စူးအားကိုး၍ အိမ်ထောင်ပြုခဲ့သူက…ထိုသို့ ဆက်ဆံသည်ဆိုတော့……………
" ရွှင်လန်းနိုင်ကြပါစေ..ချစ်သောမိတ်ဆွေ…အပေါင်းအသင်းများတို့ ရေ "
ကျွန်မတို့ နဲ့ သိပ်မဝေးတဲ့နေရာဆီက လွင့်လာတဲ့ သီချင်းသံပါ။ ထိုစားသောက်ဆိုင်၏ အဖွင့်သီချင်းလေးပေါ့။ ဘာတဲ့ ရွှင်လန်းနိုင်ကြပါစေတဲ့..။
ကျွန်မ ကျွတ်တစ်ချက်စုပ်ကာ မျက်လုံးများကို မှေးစင်းပြစ်လိုက်သည်။ မျက်စိရှေ့ လမ်းမထက်က မြင်ကွင်းနဲ့ နားထဲက တိုးဝင်လာတဲ့ သီချင်းသံတို့ ၏ဆက်စပ်မှု။ ကျွန်မ ဘယ်သူ့ ကိုအပြစ်တင်ရမည်လဲ။
    အိမ်ထောင်ဦးစီးသူများကော မဦးစီးသူများပါ အချိန်တန်၍ နေ၀င်လျှင် ထိုနေရာသို့ ရောက်ကြသည်။ ကိုယ် တစ်နေ့ လုံး ချွေးတလုံးလုံးနှင့်ရှာဖွေထားသမျှသည် တခါတရံ ပန်းကုံးဖိုးဖြစ်သွားကြသည်။ တော်တော်ပင်မိုက်သောငါ …..လို့ မတွေးမိကြလို့ ဆက်မိုက်နေကြခြင်းဖြစ်မည်ဟု ကျွန်မထင်သည်။
    မီးရောင်အောက်က မမတို့ အလှသည် မိမိအိမ်ရှင်မတို့ ထက် သာနေသည်လား။
    မမတို့ ငှဲ့ ပေးသောအရက်သည် အိမ်ရှင်မတို့ ကမ်းလင့်သော ရေတစ်ခွက်ထက် သာနေသည်လား။
    ဆူညံနေသော ထိုဆိုင်ထဲက အသံတို့ သည် မိမိရင်သွေးလေးများ၏ အသံထက် သာနေသည်လား။
ကျွန်မအမေးကို ကျွန်မဘာသာပြန်မဖြေနိုင်သော်ငြား ဦး…..တစ်ယောက်ကတော့ ထိုဆိုင်ဘက်ဆီသို့  တယိမ်းတယိုင် ဖြင့် ဆက်ချီတက်နေလေသည်။ ဦး….ရဲ့ ကျောပြင်ကို မျက်ရည်များကြားမှ လှမ်းကြည့်နေသော အန်တီနု၏မျက်နှာ လေး။ ကျွန်မအရမ်းသနားသွားမိသည်။ အိမ်ထောင်ဆိုသည်မှာ……လွယ်ကူစွာဖြစ်တည်ခဲ့တာမှ မဟုတ်တာ။ အရင်က သူတို့ ထားရှိခဲ့သည့် ချစ်ခြင်းမေတ္တာတွေ ခု ဘယ်ရောက်ကုန်တာလဲ။
    ကျွန်မမိဘတွေသာဆို ကျွန်မဘယ်လောက်ခံစားမိမလဲမသိတော့။ ခုလိုမြင်လိုက်ရတာကိုပင် မျက်ရည်ဝဲမိ သည်။ ကျွန်မ ရုတ်တရက် ဖိုးသားကို သတိရလိုက်မိသည်။
ယဉ်ကျေးပြီး အေးဆေးစွာနေတတ်သော ဖိုးသား
အမေ့စကားကို နားထောင်ပြီး စာကိုသာ ဂရုစိုက်တတ်သည့် ဖိုးသားလေး၏စိတ်ထဲကို နာကျင်စရာတွေ မရောက်ရှိစေ ချင်ပါ။ ကျွန်မ ယောင်ယမ်းပြီး အန်တီနုတို့ အိမ်ဘက်ကြည့်မိတော့……………….
အိမ်ရှေ့ မှာထွန်းထားတဲ့ လမ်းမီးရဲ့ အလင်းရောင်ကြောင့်ကော- သူတို့ ခြံဝက အလင်းရောင်ကြောင့်ပါ သူ့ မျက်နှာ ကလေးကို ကျွန်မကောင်းကောင်းမြင်လိုက်ရသည်။ ခြံတံခါးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသော သူ့ လက်များ၊ ပြီးတော့ ပြတ်လုမတတ်ကိုက်ထားသော သူ့ နှုတ်ခမ်းများ…ပြီးတော့ မျက်ရည်လေးများ ရစ်ဝိုင်းနေတဲ့ သနားစရာ မျက်ဝန်းအစုံ….
ထိုမျက်ဝန်းများက ကျွန်မခံစားချက်ထက်သာသော သူဝမ်းနည်းမှုများကို တွေ့ ရသည်။ ကြည့်၍မြင်ရသော မျက်ဝန်း များမှ မျက်ရည်များကျလာခြင်းမှာ တော်ရုံခံစားရမှုကြောင့် မဟုတ်ပေ။ ရင်ထဲမှာ နင့်နင့်နဲနဲခံစားရမှသာ ထွက်ပေါ်လာ သော အရာသာဖြစ်သည်။
ကျွန်မတသက်မမေ့ဖြစ်တော့မဲ့ မျက်ဝန်းအစုံ…..
ကလေးတွေမှာလည်း ခံစားချက်တွေရှိတာပဲလို့  မိဘတွေကို နားလည်စေချင်လိုက်တာ။
" မင်း မျက်လုံးတွေကို ထပ်ဖွင့်ကြည့်ပါဦး " 
ရုတ်တရက် သူ စကားလုံးများက နားထဲသို့ ပင် ၀င်လာသည်။
" ဟင့်အင်း…..ဟင့်အင်း ဒါမျိုးတွေ ကျွန်မထပ်မကြည့်ပါရစေနဲ့ တော့.."
                                    ဧပရယ်ဆွေဆွေ
Posted by Anonymous on
Related Posts Plugin for WordPress, Blogger...
۞۞۞အချိန်သည်လူ၏တန်ဖိုး۞۞۞
۞۞۞နွေးထွေးစွာကြိုဆိုပါတယ်۞۞۞
hit counter
۞۞۞ကိုယ်တော်စာပေ۞۞۞
http://www.kotawsarpay.com/
۞۞۞အွန်လိုင်းရွှေဝထ္ထုတိုဆု۞۞۞
۞۞۞ဘလော့ခရီးသည်۞۞۞
http://www.aungsanmks.com/
۞۞۞like လုပ်ပေးခဲ့ပါဦးနော်۞۞۞
Popular Posts
Blog Archive
Member ဝင်ပေးဖို့ဖိတ်ခေါ်ပါတယ်
သီချင်းလေးတွေနားထောင်ကြမယ်
dancer photo dancer_zpsbd8f2ed7.gif
သီချင်းတောင်းချင်ပါက dj@mmyos.com ကိုအပ်၍ တောင်းဆိုနိုင်ပါသည်
လိုအပ်သည်များပြောကြားခဲ့ပါနော်
Total Pageviews
လာရောက်အားပေးကြသူများ
လာရောက်သူတို့ရဲ့စကားသံလေးများ
flag counter
Flag Counter