ကောင်မလေးရေ..
ခွဲခွါခြင်းကဓါးတစ်စင်းလို
ငါတို့နှစ်ယောက်ကြားကိုပိုင်းခြားသွားခဲ့ပြီနော်။
မြဲမြန်တဲ့လက်တွေ
ပြေလျှော့သွားခဲ့ပြီးတဲ့နောက်
အလွမ်းကအင်တိုက်အားတိုက်
ဝင်ရောက်တိုက်ခတ်တယ်…။
ဒီလိုနဲ့…..
မနက်ဖြန်တွေသေဆုံး
ကြေကွဲမှုတွေဘယ်မှာနိဂုန်းချုပ်မလဲ..။
ငါပြောဖူးတယ်..။
အချစ်မရှိသလို..အမုန်းလည်းမရှိချင်ဘူး…။
စပ်ရှားရှားခါးသက်တဲ့
ဒီညနေတွေ…။
ငါဟာအထီးကျန်မှုနဲ့အလွမ်းတွေကို
ခွနင်းဖြတ်သန်းမောင်းနှင်
ဆွေးမြေ့ကြေကွဲမှုတွေအပြည့်တင်ထား
ဘူတာမဲ့ရထားတစ်စင်းပါပဲ..။
လွမ်းတယ်..
ကောင်မလေးရေ….။



ငါ ဖတ်ဖူးတဲ့စာအုပ်လေးထဲကလို
အနမ်းတွေဆေးဆိုးမှားခဲ့တာပါတဲ့…..
လွမ်းလို့သေသွားတဲ့သစ်ပင်က..သူအရွက်တွေကခြွေချရင်း..
ခြွေချရင်း…
ခြွေချရင်း…။

Posted by Unknown on Monday, March 18, 2013
0 comments
categories: | | edit post


ပျဉ်းမငုတ်တို ( မင်းသုဝဏ် )

ဖုထစ်ရွတ်တွ ၊ ငှက်ဠင်းတသို့
ပျဉ်းမငုတ်တို ၊ သက်ကြားအိုသည်
ကုန်းမိုထက်တွင် တစ်ပင်တည်း ။

ခွဆုံအကွေး ၊ သစ်ခေါင်းဆွေးလည်း
အဖေးတက်လာ ၊ အိုင်းအမာသို့
ကျယ်စွာဟက်ပက် ခြအိမ်ပျက် ။

ကုန်းမိုကမ်းပါး ၊ မြေပတ်ကြားတွင်
စစ်သားခမောက် ၊ ပိန်ခြောက်ခြောက်လည်း
စစ်ရောက်စခန်း လက်ပြညွှန်း ။

ထိုပင်ငုတ်တို ၊ ပျဉ်းမအိုသည်
စစ်ကိုလည်းကြုံ ၊ ခြအုံလည်းဖြစ်
ဓားထစ်လည်းခံ ၊ နေလျှံလည်းတိုက်
လေပြင်းခိုက်လျှက် ၊ မငိုက်ဦးခေါင်း
နွေသစ်လောင်းသော်
ရွက်ဟောင်းညှာကြွေ ၊ ရွက်သစ်ဝေ၍
လေပြည်ထဲတွင် ၊ ငယ်ရုပ်ဆင်သည်
အသင် ယောက်ျားကောင်းတကား ။ ။

မင်းသုဝဏ်

Posted by Unknown on Wednesday, March 13, 2013
0 comments
categories: | | edit post

လွမ်းချင်း

လယ်သမားဖွဲ့ (ရေးသူ - ဦးကြီး)

မင်ကော်ရစ်ကယ်နှင့်၊
ကြင်သစ်တဲ့ ပျို့လူ၊
ထွန်ရေးငယ်ပူ၊
ကိုတောင်သူ မနက်စော၊
ကြက်ရော ပြင်ဆင်လို့၊
ထွန်းနှင်မောင်းတဲ့ ဘေကိုလေး။ ။

လယ်ထွန်ပြန်၊
စားရန်အလို၊
ရွှေဂုံညို၊
ယုန်ဖိုနှောချက်၊
တခွက်ကယ် အချဉ်၊
တောပြည့်စင်၊
ရည်ငယ်ရွှန်းစို၊
လယ်ကန်စွန်းရယ်နှင့်၊
မယ်လွမ်းအောင် ကျိုပါ့၊
နကိုလှ ဦးရင်ငယ်၊
လှော်မီးကင် ပုစွန်ထောင်းငယ်နှင့်၊
မောင်းစေ့မယ်လေး။ ။

Posted by Unknown on Friday, March 8, 2013
0 comments
categories: | | edit post

၃၂ ဘူတာကိုကျွန်တော်
ဆိုက်ရောက်ခဲ့တယ်...။
.................
.............................
...................................။
သေဖို့နီးလာတာလား...။
ဘာလဲ....တော့....



၃၂နှစ်မြောက်မွေးနေ့....။

Posted by Unknown on Sunday, February 17, 2013

တို့ ရွာသမိုင်း

သူတို့လာမှ
တို့ရွာသမိုင်း၊ အဖြစ်ရိုင်းသည်
တွေးတိုင်း တက်ခေါက်မိသတည်း။

ငါတို့ရွာတွင်
မိုးခါမိုးလျောက်၊ ငါးဖားလောက်၏၊
ဆောင်းလျောက်ဆောင်းခွင်၊ သီးပွင့်ရွှင်၏။
နွေလျှင်စုံတော၊ ဟင်းရွက်ပေါ၏။


သူတို့လာမှ
တို့ရွာအိုင်အင်း၊ ငါးဖားကင်းခဲ့။
စိုက်ခင်းစင်အုံ၊ သီးပွင့်ကုန်ခဲ့။
တောစုံမြိုင်ကြား၊ ဟင်းရွက်ရှားခဲ့။

ငါတို့ရွာတွင်
ရှေးခါအရှက်၊ အကြောက်ဖက်၍
ကျင့်ပျက်အမှု၊ မကောင်းစုကို
ပြုခဲပြောခဲ၊ တွေးကြံခဲ၏။

သူတို့လာမှ
ချော့ကာတမျိုး၊ ခြောက်တမျိုးနှင့်
ကျင့်ရိုးပျက်အောင်၊ မျှားသွေးဆောင်၍
ယောင်ယောင်မှားမှား၊ ကျင့်ပျက်ပြားခဲ့။

တက်တခေါက်ခေါက်၊ စိတ်နောက်နောက်နှင့်
တယောက်တမျိုး၊ ထဲကြံခိုး၍
တိုးတိုးတိတ်တိတ်၊ အတွင်းကျိတ်လျက်
စိတ်ချင်းညှိကာ၊ သွေးညှိကာလျှင်
ညီညာသောလိုက်၊ အချိန်ဆိုက်သော်
ကောက်စိုက်စူးတံ၊ ကောက်ဆွလှံနှင့်
ဝါးချွန်ကိုင်စွဲ၊ ဓားကိုင်ဆွဲ၍
ရွာထဲရွာပြင်၊ တောတခွင်၌
(မြို့ထဲမြို့ပြင်၊ ပြည်တခွင်၌)
သမင်ကိုကျား၊ ချောင်းသောလားသို့
စောင့်စားထိုးခုတ်၊ ရန်မျိုးဖြုတ်က
မျိုးယုတ်လူညစ်၊ သူကောင်ပစ်လျက်
လစ်သည်လွတ်ရာ၊ လွတ်ကြောင်းရှာသော်
တို့ရွာသမိုင်း၊ အဖြစ်ရိုင်းမှ
(မြန်မာသမိုင်း၊ အဖြစ်ရိုင်းမှ)
ရှိတိုင်းအမှန်၊ ထွန်းသစ်ပြန်သည်
တော်လှန်ရေး၏ ကျေးဇူးတည်း။ ။


-မင်းသုဝဏ်

Posted by Unknown on Wednesday, February 13, 2013
0 comments
categories: | | edit post


ကျွန်တော် မကျေညက်ခဲ့တဲ့  အမေ့ရဲ့ သင်ရိုး


ဘ၀ရဲ့ နေနည်းထိုင်ပုံတွေကို
သင်ရိုးတစ်ခုလိုသာ ရေးပေးထားခဲ့ရင် . . .
အခုဆို ကျွန်တော့်မှာ ပြန်ထုတ်ကြည့်လို့ အဆင်ပြေတာပေါ့အမေ . . .
အစကတည်းက မကောင်းခဲ့တော့
အနှောင်းကလည်း အလဲလဲ အကွဲကွဲပါအမေ . . .
အမေမရှိတော့တဲ့နောက်
ကျွန်တော်လျှောက်ရတဲ့ ဟောဒီလမ်းတွေ
ရှည်လျားေ၀၀ါးနေလိုက်ပုံများ
မိုးကုတ်စက်ဝိုင်းနားက တိမ်ခိုးသက်တန့် တံတားပါ အမေ . . .။

အမေသင်ခဲ့တဲ့ အမေ့ရဲ့ကျောင်း
ဘ၀ကို စာလုံးပေါင်းနည်းက စ
ကျွန်တော်ကလည်း နည်းနည်း အ တော့
ကျွန်တော့်ကို အမေအားမရခဲ့ဘူးမဟုတ်လား . .

ပညာတွေ မတတ်ပေမယ့်
သားတစ်ယောက်ရဲ့  စိတ်ကို အမေဖတ်ခဲ့တာ . . .
ဗေဒင်ဆရာတွေ ခန့်မှန်းတွက်ချက်တာထက်
ပိုလို့တောင် သေသပ်လှပခဲ့ပါတယ် အမေ . . .

ဒီသားရဲ့  ဒီစိတ်ဓာတ်
ငယ်ထိပ်ကို တက်နေတဲ့ ဒေါသတရားတွေ . . .

ဒီသားကို အနေခက်စေတဲ့
သူများထက်ပိုတဲ့ လောဘတရားတွေ . . .

နေ နေရတာက တောအုံ ချုံကြား
ကျွန်တော်မှန်းခဲ့တာက ဘုံဖျားရဲ့ အထက်
ဒီသားကို အသေသတ်မှာက
ဒီသားရဲ့ အတ္တတွေပဲတဲ့လား . . .

နားလည်ဖို့ . . . အားမငယ်ဖို့ . . .
စိတ်ရှည်ဖို့ . . . သိပ်မတေဖို့ . . .
သည်းခံဖို့ . . . နည်းမှန်ဖို့ . . .
..........................................
.................................................
ရွှေဥတဲ့ ဘဲ . . .
ရဦးမယ်လို့ ထင်နေသေးရင်
ရင်ကိုခွဲပြီး ရှာချင်ရှာတတ်တဲ့ လူမိုက်တွေရဲ့ အကြောင်း . . .
လူဆိုတဲ့ နာမည်တပ်ပြီး
လူတွေကြားထဲမှာနေ
အဆီကိုစားပြီး အသားကို မျိုတတ်လေတဲ့
လူ့ သဘတ်ကြီးတွေရဲ့ အကြောင်း . . .
ဟိုး ... အမြင့်ကို ရောက်ဖို့အတွက်
တက်ဖို့မသင့်တဲ့ အချို့ သောလှေကားတွေအကြောင်း . . .
အမေကတော့ ထောင်းထောင်းထအောင်
ပြောပြခဲ့တာပါပဲ အမေ . . .

သိရဲ့ လား အမေ . . .
ရေခံမြေခံက ကောင်းပေမယ့်
အမေစိုက်တဲ့ မျိုးစေ့က မမှန်ဘူး . . .
ကျွန်တော်ရှင်သန်ချင်ခဲ့တာက
ခေါင်းစဉ်တစ်မျိုးနဲ့ ဘ၀ အမေရဲ့  .........

"ချမ်းမြေ့ သာယာတဲ့ ဘ၀တစ်ခုအတွက်
ဟောသည့်တောင်ယာက သားတစ်သက်စားမကုန်ဘူး
ဟောသည့်မှာ ခိုင်းနွားတစ်ရှဉ်း
လယ်ထဲဆင်းဖို့မပူရဘူး
ဟောသည့်မှာ ၀က်မိတစ်အုပ်
သားတစ်သက်လုံး ထုတ်စားလို့ရတယ်
ဟောသည့်မှာ လှေငယ်တစ်စင်း
သားခင်းငါးခင်းပဲ ရှာရှာ
ဘယ်ရွာကို ဘယ်လိုသွားသွား
ငါ့သား မျက်နှာမငယ်ဘူးပေါ့"

"ဟား..ဟား....ဟား....ဟား.....
ရွှေပြည်အေးတရားတွေလား အမေ
အမေပေးတဲ့ တောင်ယာအလုပ်
ကျွန်တော်ဖတ်တဲ့ တက်ကျမ်းစာအုပ်မှာ မပါဘူး
နွားတွေနဲ့နေရင် ရွှံ့ စင်တာထက် ဘာများတိုးတက်မလဲ . .
အမေပေးတဲ့ ၀က်မိတစ်အုပ်
တစ်သက်လုံး ဟင်းစားလုပ်လို့ မရဘူး . . .
အမေပေးမယ့် လှေငယ်တစ်စင်း
ကျွန်တော်က မြစ်ထဲဆင်းပြီး ငါးရှာရမလား . . .
ကြည့်စမ်းပါ့အမေ . .
ဒီကောင်က တံငါနားလည်း မနေဘူး
မုဆိုးနားလည်း မသွားဘူး
အနာဂတ်ကို ဖွင့်ထားတဲ့ အိပ်မက်တံတားကို လျှောက်ပြီး
ပန်းတိုင်ကို အရောက်သွားမယ့် ကောင်ဗျ"

"တောမှာနေ ...တောမှာကြီး
ကျွန်တော့်ဘ၀က တောမှာမပြီးဘူး
လင်ကွန်းကို အမေသိသလား
သစ်လုံးအိမ်ကို အမေသိသလား
အိမ်ဖြူတော်ကို အမေသိသလား
ကျွန်တော်ကတော့ သွားမှာပဲအမေ . . ."


ခွင့်လွှတ်အမေ . . .
အဲဒီတုန်းက အိပ်မက်တွေ တစ်နင့်တစ်ပိုးကို
မျှော်လင့်ချက်တစ်ပွေ့တစ်ပိုက်နဲ့ လွယ်ပိုးထားတာဆိုတော့
အမေ့ရဲ့  ငိုခြင်းတရားတွေလဲ
ကျွန်တော့်နားထဲ ဘယ်ဝင်ပါတော့မလဲ အမေရယ် . . .

အမြင့်ကို မှန်းတော့
အကျကလည်း ကြမ်းတယ်အမေ . . .
ကျွန်တော်တက်တဲ့ အဲဒီလှေကားမှာ
လက်ရန်းက မပါဘူးအမေ . . .။

အခုတော့ ကျွန်တော်
ကျားရဲတောထဲမှာပါ အမေ . .
နွားသင်းကွဲလေး ကျွန်တော့်အတွက်
ချိုမြိန်မယ်ထင်တဲ့ အိပ်မက်တွေကလည်း
ခါးသက်လို့ သွားခဲ့ပါပြီ အမေ . . .

မြို့ ကြီးကြီး ပြကြီးကြီး
မာယာမီးတွေ ထိန်ထိန်ညီးနေတဲ့ ညနက်တွေမှာ
ကျရာဇာတ်ရုပ်ကို ကြုံသလို ကရင်း
ဖောင်းတာက တစ်ခါ
ပိန်တာက အခါတစ်သောင်း
ပါလာတဲ့ တက်ကျမ်းစာအုပ်တွေတောင်
ကျွန်တော်ရောင်းစားလို့ ကုန်ပြီကော အမေ . . .

သမုဒ္ဒရာ ၀မ်းတစ်ထွာတဲ့လားအမေ. . .
တစ်ကယ်တမ်း ဗိုက်ဆာတဲ့အခါ
စကြ၀ဠာတောင် မကပါဘူးအမေရယ်
ငတ်တာကို ရှက်စရာနဲ့ လဲစားရတာလဲ အခါခါ . . .
အမေ့ကိုတော့ အားနာပါတယ် . . .

ပတ်ဝန်းကျင် ကျွန်တော့်အနားမှာလဲ
အမြီးကျက်ရင် အမြီးဝါး
ခေါင်းကျက်ရင် ခေါင်းစားမယ့်သူတွေ များလွန်းလို့
အားကုန်ထုတ်ပြီးသွားခဲ့တာတောင်
ဟောဒီနေရာထက်ပိုပြီး
ဘယ်ခရီးမှ မနီးသေးဘူး အမေ. . .

" ဒီမယ်ငါ့သား . . .
ချမ်းသာချင်လွန်းအားကြီးတာဟာ
ငရဲပြည်ကို အလည်သွားဖို့
နဖူးကို ထုံးတို့တာနဲ့ အတူတူပဲ" ဆိုတဲ့စကား
အခုမှ ပြန်ကြားယောင်မိတယ် အမေ . . .

အမေသင်ခဲ့တဲ့ အမေ့ရဲ့ကျောင်း
ဘ၀ကို စာလုံးပေါင်းနည်းက စ
ကျွန်တော်က နည်းနည်း အ တော့
အဲဒီကတည်းက အမေ ကျွန်တော့်ကို
အားမရခဲ့တာ မဟုတ်လားအမေ . . .

ငယ်ငယ်တုန်းက တက်ခဲ့ရတဲ့
အမေ့ရဲ့ဘ၀စာသင်ကျောင်းမှာ
ပျော်အောင်လည်း မနေတက်
သင်ရိုးမကုန်ခင် ကျောင်းထွက်ချင်ခဲ့တဲ့ အမေ့ရဲ့ကျောင်းသား
တကယ်တော့ . . .
ကျောင်းပျက်ရက်ကလည်း များတယ် မဟုတ်လား အမေ . . .

ဘ၀ရဲ့ နေနည်းထိုင်ပုံတွေကို
သင်ရိုးတစ်ခုလိုသာ ရေးပေးထားခဲ့ရင် . . .
အခုဆို ကျွန်တော့်မှာ ပြန်ထုတ်ကြည့်လို့ အဆင်ပြေတာပေါ့အမေ . . .။ ။

သုသျှင်

Posted by Unknown on Sunday, February 10, 2013
0 comments
categories: | | edit post

ဒေါက်တာဂျော်နီ



ကျွန်တော်ဂျော်နီ၊ သရီးဒီကြောင့်
အမ်စီကို ရောက်ခဲ့တယ်။

မက်(စ်)၊ ဖစ်ဆစ်၊ အင်္ဂလစ်ရှ်မှာ
ဒစ်စတင်းရှင်းတွေ၊ ဖြိုင်ဖြိုင်ဝေတော့
အိုင်အယ်လ်အေ ကောင်းခဲ့တယ်။
မောနင်းကျူရှင်၊ နိုင်ကျူရှင်နှင့်
ကွက်ရှင်ဟူသမျှ၊ အနံ့ရရာ
အိမ်ကကားနဲ့ ပို့ခဲ့တယ်။

ရီဇာတ်အောက်တော့၊ မျက်နှာမော့၍
ရင်ကော့နိုင်သေး၊ ဘာလိုသေးလဲ
ဆေးကျောင်း ဒါရိုက်ရောက်တော့တယ်။



အမ်စီတက်တော့
ဆိမ်းဗက်ခ်ျက၊ ခပ်ကြွကြွလေး
ကောင်မလေးနှင့်
စာမေးရင်းက ဆုံကြတယ်။
ဒီကောင်မလေး၊ အသွေးဖြူဖြူ
နှတ်ခမ်းထူသနဲ့။
အမူပိုပို၊ အဖိုအရှိုက်
ဘီးဟိုက်အုပ်လုံး၊ နားရွက်ဖုံးသနဲ့။

မျက်လုံးကစား၊ ခြေဖျားမြှောက်ချီ
ပိုးတီတွန့်ဟန်၊ ခေတ်ကဆံသနဲ့။

ဟန်ပန်သွက်သွက်၊ လျှပ်လိုလက်တော့
ပရက်တီကယ်မှာ ဆုံကြတယ်။


နောက်တော့....
'ကျမနာမည်၊ မော်လီတဲ့လေ
ဒက်ဒီတို့က၊ အမ်စီသွားပါ
ဆိုလို့သာဘဲ၊
ဝါသနာဆို၊ မပါလိုက်တာ
စိတ်ကုန်ပါရော'
ဘာရယ်ညာရယ်၊ ရယ်ပေါင်းစုံစွာ
ဟန်မူရာနှင့်။

'ဟိုလေ... အန်-အန်၊ ကာလ်တန်မှာ
အီတာလျံကား၊ လဲသွားပြီနော်
အော်- အော် ဟုတ်သား၊ မေ့များနေသေး
ဖရိုက်ဒေးဟာ၊ ကိုယ့်မွေးနေ့ပေါ့
ကိုယ့်မွေးနေ့မှာ၊ ယူလာရမယ်
လာရမယ်နော်၊ ယူ့အဖော်တွေ
ခေါ်ချင်ခေါ်ခဲ့'။

ဘာတဲ့ညာတဲ့၊ မဲ့ချည်နွဲ့ချည်
ဟိုသည်ကြောင်းရာ၊ စုံလေပါရော
ပန်ကာမလေး ဆိုလောက်တယ်။


တလနှစ်လ၊ သုံးလေးလမှာ....
လက်ဖက်ရည်ဆိုင်၊ ထိုင်လည်းတူတူ
လူသူစည်ရာ၊ ကော်ရစ်ဒါမှာ
လာလဲတွတ်ထိုး၊ ခန်းထောင့်ချိုးမှာ
တိုးတိတ်တိုးတိတ်၊ မွတ်သိပ်လှစွာ
ဘာညာဘာညာ၊ ဖြစ်ကြတာတွေ
တခါတရံ၊ အင်းယားကန်မှာ
မှန်ကလေးတချပ်၊ ဖျတ်ကနဲကွဲ
မြက်ခင်းထဲမှာ၊ လှဲကာလူးကာ
ကောင်းကင်ပြာက၊ ဟိုမှာတလုံး
သည်တလုံးဟု၊ ကြယ်ကုံးရေတွက်
တိမ်ကိုဖက်လျက်၊ သစ်ရွက်ဆုပ်ချေ

တညနေက
ရီဝေရီဝေ ထွေခဲ့တယ်။


သည်လိုနှင့်ပင်
ရုပ်ရှင်ကြည့်လိုက်၊ စာကျက်လိုက်နှင့်
တွဲလိုက်လည်လိုက်၊ ဖားခွဲလိုက်နှင့်
အမြိုက်အရသာ၊ ခံစားရာက
ဒေါက်တာဂျော်နီ ဖြစ်ပါရော။
ဒေါက်တာမော်လီ ဖြစ်ပါရော။


ထို့နောက် -
'ဒေါက်တာဂျော်နီ၊ အမ်ဘီဘီအက်စ်နှင့်
ဒေါက်တာမော်လီ၊ အမ်ဘီဘီအက်စ်' ဟု
ပြောင်လက်ကြေးပြား၊ အထင်းသားဝယ်
ကြွားကြွားရွားရွားပေါ်ခဲ့တယ်။
ကားနှင့်တိုက်နှင့်၊ မော်လီနှင့်မို့
တင့်တင့်တယ်တယ် ဖြစ်ခဲ့တယ်။


အို - အလုပ်သမား၊ လယ်သမား
ပြည်သူများတို့......
ဂျော်နီတို့လင်မယား၊ တန်ခိုးထွားအောင်
များများ ဖျားနာကြပါကုန်။

တင်မိုး
တင်မိုး - စိမ်းလန်းသောအိပ်မက်၊ ပထမနှိပ်ခြင်း၊ သမဂ္ဂစာပေ၊ ၁၉၆၉ ဇူလိုင် ၂၅ ရက်

Posted by Unknown on
0 comments
categories: | | edit post


အဖိုးကြီးစစ်တမ်း


အသက်ကလေးထောက်ခါမှ
အရက်ခွက်ကလေး တမြှောက်မြှောက်
ချက်အောက်စကားတွေ တပြောပြောနဲ့
တသောသောနေ
အမောဖြေနေတဲ့ အဖိုးကြီး။
သေရိပ်နီးခါမှ
စပ်ပုတီး နာနာကိုင်
မဟာမြိုင် တောရမှီးပေမဲ့
ဒေါကလဲ ကြီးတတ်သေးရဲ့
လောဘမီးကလဲ အရှိန်ဟပ်
အိမ်မကပ်နိုင်တဲ့ အဖိုးကြီး။
ရွာလယ်မှာ စွာကျယ် စွာကျယ်နဲ့
ငါဟယ်မင်းဟယ်
ငြင်းမယ်လို့ မကြံနဲ့
မင်းတို့ကမမှန်
ငါသာလျှင် အမှန်လို့၊ ငါမာန်တွေတက်
ငါအရိုးမျက်နေတဲ့၊ လက်တို အခက်ပို အမျက်သိုနေတဲ့ အဖိုးကြီး။
ဒီလို အဖိုးကြီးမျိုးတော့ ဆောရီး..ဆောရီး
မဖြစ်ချင်ပေါင်။
ကြွေခါနီးတဲ့ သစ်သီးလို
အသက်ကြီးတော့လဲ အဖိုးကြီး ဖြစ်မှာပေါ့လေ..
ဒါပေမဲ့ ရိုးရိုးကုပ်ကုပ်
ပုဆိုးစုတ်ကလေးနဲ့ပဲဖြစ်ဖြစ်
ကိုယ့်အလုပ် ကိုယ်ဆင်း၊ ကိုယ့်ယာခင်း ကိုယ်စိုက်
လျှာအလိုမလိုက်၊ ဘာကိုမှ မကြိုက်
ပျော်ပိုက်ရာ တော်ထိုက်ရာနေ
စာပေလဲ မပြတ်၊ ကဗျာတွေလဲ ဖတ်
ရပ်သူရွာသားတွေနဲ့
ထပ်တူမခြားနေတတ်တဲ့
ဇရပ်ငုံးတို တာတမံ ခရိုး အနီးက
မပြတ်ပြုံးချိုနေတဲ့ သာမန် အဖိုးကြီးပဲ ဖြစ်ချင်တယ်။
တင်မိုး

Posted by Unknown on
0 comments
categories: | | edit post


မစ္စတာအာရာဖတ် ခင်ဗျားနဲ့ ကျွန်တော့်ကြားမှာ အရက်တစ်ခွက်ချထားရအောင်


ခင်ဗျားနာမည်နဲ့ အနက်ကို ဖယ်ပြီး နှုတ်ဆက်လိုက်ပါတယ် အာရာဖတ်
အာရာဖတ်ဘူတာရုံလေးထဲက အာရာဖတ်တွေဟာ
နာရီပေါ်က ပုရွက်ဆိတ်တွေ
အာရာဖတ်ကို အစဖျောက်ဖို့ ဘူတာရုံလေးထဲမှာ တစ်ယောက်ကို တစ်ယောက် အနံခံနေကြ
ခင်ဗျားဟာ အာရာဖတ်အကြောင်းပါတဲ့ သတင်းစာအဟောင်းကြီးကို ထိုင်ဖတ်လို့ပေါ့
မစ္စတာအာရာဖတ် ထောင့်ကျကျမှာ ရပ်နေတဲ့ ခင်ဗျားဟာ
အုတ်ပုံကြားထဲက အာရာဖတ်ညစာ အပျက်အစီးတွေအကြောင်း စဉ်းစား
ဒီမှာ အာရာဖတ် ဟောဒီပုလင်းရဲ့တံဆိပ်ဟာ ယစ်ဇတ်ရာဘင်ပဲ၊ သွေးရည်ကြည်တွေပဲ
ခင်ဗျာ့နာမည်နဲ့ အနက်ကို ဖယ်ပြီး ဆုတောင်းလိုက်ရအောင် အာရာဖတ်
အာရာဖတ်ဟာ အာရာဖတ်နေ့တွေအတွက် တစ်ခွက်သောက်သင့်တယ်
ပါလက်စတိုင်းကလေးတွေက အာရာဖတ်စာလုံးကို အဘိဓာတ်ထဲမှာ ရှာကြရ
ပြောင်းပူနေတဲ့ ရိုင်ဖယ်ရဲ့ ထွင်းစာလုံးဟာ အာရာဖတ်
အာရာဖတ်ဟာ ဒီပန်းရိုင်းရဲ့ နာမည်
အာရာဖတ်လေးတွေဟာ ကာရာမဇော့ထဲက မြက်ဖုတ်ကြီးရဲ့သားတွေ၊ အကိုက်အခဲတွေ
သူတို့မှာရှိတာက ချောက်ချားနေတဲ့ အာရာဖတ်ရဲ့ လက်သည်းတွေ သွားတွေ ခဲတွေ
အာရာဖတ်ပုံပါတဲ့ ဖဲချပ်တွေထဲမှာ ခင်ဗျားဟာ သေဆုံးပြီးသား အင်္ကျီထူထူကြီး
နှင်းတွေ သိပ်ကျနေပါတယ် အာရာဖတ်
ရထားက အခုထိဖမ်းရခက်နေတဲ့ ၀ိညဉ်
ဒီတစ်ခွက်ဟာ အာရာဖတ်နေ့ရက်တွေအတွက်ပါလေ
အာရာဖတ်ရဲ့ ဖိနပ်ခွာသံတွေ ခင်ဗျားကို အနံ့ခံရင်း လာနေပြီ
နှင်းမကွဲသေးဘူး အာရာဖတ်၊ ပါလက်စတိုင်း လိမ္မော်သီးတွေက
လူသေ အရေပြားအတိုင်းပဲ တင်းရင်း အေးစက်
အာရာဖတ်ပုရွက်ဆိတ်တွေ ဘူတာရုံနာရီကြီးကို ကိုက်ဖဲ့နေတုန်း
ဒီခွက်နဲ့  ဒီစားပွဲကို ရိုက်မချလိုက်ပါနဲ့ အာရာဖတ်၊
ရထားနဲ့ ဘူတာဟာ သွေးကြောပြတ်နေတယ်
အာရာဖတ်နာမည်နဲ့ အနက်ကိုဖယ်ပြီး ဒီတစ်ခွက်ကို အရသာရှိရှိငုံ့ကြည့်
ဘယ်ထောင့်ကလာတဲ့ ကျည်ဆန်ပဲဖြစ်ဖြစ် အာရာဖတ်၊
သေပြီးရင်တော့ ဘာကမှ သတ်လို့မရတော့ဘူး။
ဇော်လူစိမ်း

Posted by Unknown on
0 comments
categories: | | edit post


ပုဂ္ဂလိကပိုင်အလွန် ငါးမိနစ်ဘက် ရောက်သွား
မနေ့ကအထိ စစ်နဲ့ပတ်သက်ပြီး အဖျားတက်ခဲ့၊ စစ်တုပ်ကွေး
ဗိုက်ဆာပြီ၊ အခုသုံးမိနစ်ပြာကျသွားပြီ၊ ကဗျာကို ကဗျာနဲ့ တုံ့ပြန်တာ
အခေါက်ကင်ဟာ ခေါက်ထားရာကနေထာလာ၊ ခွတော့ကျပြီ
ဟုတ်၊ ကျုပ်ဘက်က သုံးမိနစ်ဟာ အဖတ်မတင်တော့ဘူး
ပျက်ကျသွားတယ်၊ ထိုးဆင်း
စောင့်နေရင်းက အရေပြားရဲ့ အရောင်တွေ ပြောင်းသွားတာ
ပိုးတုံးလုံးပြင်ဆင်ချက် လျှောက်ထားခြင်း
ဝန်ခံချက်၊ ကတိတွေ တတိတိနဲ့ ခွေးတွေ လျက်ကုန်တာ၊
အဆိုပါ အငွေ့ပြန်လွယ်သော
မီးလောင်သစ်ငုတ် ငုတ်တုတ်လူနှင့် ပတ်သက်၍ အရေပြားနုလေးတွေဆီက
ဖွေးကနဲ ဖြစ်ရပ်ဆန်းများ ပေါက်ချလာပြီဆိုတော့၊ ကာမဂုဏ်တွေ
ဖဲ့ရွဲ့လိုက်မယ်
ဆီးလမ်းကြောင်းထဲက ကြေငြာချက်၊ သစ်သီးနံ့ပါတဲ့ အမျိုးသားသီချင်းနဲ့
အလံဟာ လေမှာ တဗျင်းဗျင်းကုတ်နေတယ်၊ နှာချေမယ်၊
အမည်မဗိုင်းယပ်စ်နဲ့ ၀င်ဆောင့်တာ
သွားဖုံးတွေ အကြည်ညိုပျက်အောင် သွားတွေကို ဖိစေ့ထားမိပါရဲ့
ကျုပ်ဘက်က လေးမိနစ်ကတော့ အရိုးတခြား အသားတခြားပဲ
ဗလောင်းဗလဲ
အပျင်းကြောတွေကို ယုယထားရတာကိုက ငရဲ့ကြီးတော့မယ်၊
မြွေကိုက်၊ ဘုရားစူး
အခု ကျုပ်ထိုင်ခုံလေးကို ဖင်ခုထားရင် အဲဒါကို ကန်ထုတ်ပြီး
ထရပ်လိုက်တော့မယ်
ဘောင်းဘီအပြာရောင်ကို ၀တ်ထားရင် ဘောင်းဘီဖင်ကို ဖုန်ခါပြီး
ဖျတ်ဖျတ်လူးတော့မယ်
လည်စည်း စည်းထားမိရင်တော့လား ကျုပ်လည်ပင်းကို သစ္စာဖောက်
ဆွဲညှစ်မိတော့မယ်
ဟုတ်လို့လား၊ ပြီးခဲ့တဲ့ ငါးမိနစ်လောက်က
အထက်လွှတ်တော် အောက်လွှတ်တော် လာသွားလား
ဟုတ်လို့လား၊ လည်စည်းအ၀ါနဲ့ လူ ဘောင်းဘီအပြာနဲ့လူ လာသွားလား
ဟုတ်လို့လား၊ အလံစီးလာတဲ့ လေဆိပ်တွေ၊ ဆိပ်ကမ်းတွေ၊
ဟိုတယ်တွေ မီးနီဖြတ်လာတုန်း
ကျုပ်ဖနောင့်ဟာလည်း
နောက်ကို တစ်လှမ်းခေါက်ထွက်ပြီး ခုန်ရှောင်လိုက်ရတယ်
ဟုတ်လို့လား၊ ကျုပ် လာ/သွားတယ်မို့လား။


ဇော်လူစိမ်း

Posted by Unknown on
0 comments
categories: | | edit post


နင်နဲ့ငါ သဘာဝတရားဆီ ပြန်ဆုတ်ခွာ
ပြန်တွေ့တော့ ပြောမိတယ် ဆူးလေ ၆ခ/၇၁၈၅
ခေါက်ရိုးတွေက စုတ်ပြတ်ထွက်
အပြန်အလှန်ကျေနပ်မှုကို ထုခွဲကြည့်တာ
နင်က သာမန်ထက် နှစ်ဆ ချောမွေ့ပျော့ပျောင်းစေတာချည်းပဲ
တစ်နေကုန်နေမှ တစ်နေကုန်
နင်နေတဲ့ မြို့ကြီးဟာ ဖုန်းလိုင်းတွေထဲမှာ
ဖြူဖပ်ဖြူရော် စကားလုံးတွေချီပြီး လျှောက်ပြေးနေတဲ့ ကြွက်တွေ
ကြွက်တစ်ကောင်ဟာ နင့်နာမည်ကို ချီပြီးမှ
အများသုံးဖုန်းထဲကနေ လှစ်ခနဲ
နင်အိပ်နေတုန်း တံခါးကို ကိုက်ဖဲ့နေရတာ မောတယ်။
ဝရန်တာပေါ်က ပန်းအိုးတွေ မမြဲဘူးလို့ နင်ပြောတာ
ငါပြောတာက
ချစ်ခဲ့ရတာ ကပ်ဆိုက်တာပေါ့ဟာ
တကယ့်ဒုက္ခက
နင်နဲ့ ငါ့ကြားမှာ လမ်းကူးမျဉ်းကျားတွေ ရုပ်သိမ်းဖို့
မလိုအပ်ဘဲ ဟွန်းမတီးဖို့
မှန်တံခါးနောက် ဖြတ်ကျန်ခဲ့တဲ့ အပြာရောင်(ဇ)
နင်က ပြုပြင်ဆဲ ယာဉ်
ပွတ်မိတဲ့ ရွက်ကြမ်းရေကျိုစိတ်လေးမှာ
အတွင်းသား ပွန်း၊ စပ်၊ အစိုင်အခဲ
စက္ကူပုံးခွံကြီးတွေ ငုတ်တုတ်၊ ဒီမျက်နှာကြီးတွေ
ကော်ဖီဆိုင်ဟာ ဘာယားယံခြင်းမှ မရှိဘဲ တိုးတိတ်ပဲ့ရွဲ့လို့
မှန်ထဲကနေ တစ်ယောက်မျက်နှာတစ်ယောက်ဆီ သရိုးသရီဖုပိမ့်
လမ်းမပေါ်က ပလပ်ဂ်ပေါက်တွေအတိုင်း စီးဝင်ကြတယ်မဟုတ်လား
ဖရေဇာဟာ ရေကြီးတယ်၊ အရိုင်းအရွတ်တွေ ဖွေးဖွေးလှုပ်
ဝတပြီးသား အထည်ဆန်းတွေက ဇာတ်ကြောင်းပြန်နေတဲ့ ညနေ
မီးပွိုင့်နီနေတုန်း ငါနင့်ကို လက်နက်ချလိုက်တာ
ဆယ့်ငါးစက္ကန့်
နင်ချွတ်ချလိုက်တဲ့ အ၀တ်တစ်ခုလို ငါ့မြို့ပြက ပုံလျက်သား
အဲဒီပလက်ဖောင်းပေါ်မှပဲ နင်နဲ့ ငါသစ်တောပြုန်းခဲ့တာ ကောင်းလား။

ဇော်လူစိမ်း

Posted by Unknown on
0 comments
categories: | | edit post
Related Posts Plugin for WordPress, Blogger...

۞۞۞အချိန်သည်လူ၏တန်ဖိုး۞۞۞

۞۞۞နွေးထွေးစွာကြိုဆိုပါတယ်۞۞۞


hit counter

۞۞۞ကိုယ်တော်စာပေ۞۞۞

http://www.kotawsarpay.com/

۞۞۞အွန်လိုင်းရွှေဝထ္ထုတိုဆု۞۞۞

۞۞۞ဘလော့ခရီးသည်۞۞۞

http://www.aungsanmks.com/

۞۞۞like လုပ်ပေးခဲ့ပါဦးနော်۞۞۞

Popular Posts

Blog Archive

Member ဝင်ပေးဖို့ဖိတ်ခေါ်ပါတယ်

သီချင်းလေးတွေနားထောင်ကြမယ်

dancer photo dancer_zpsbd8f2ed7.gif
သီချင်းတောင်းချင်ပါက dj@mmyos.com ကိုအပ်၍ တောင်းဆိုနိုင်ပါသည်

လိုအပ်သည်များပြောကြားခဲ့ပါနော်

Total Pageviews

လာရောက်အားပေးကြသူများ

လာရောက်သူတို့ရဲ့စကားသံလေးများ

flag counter

Flag Counter