တို့ထိခွင့်လည်းမရှိတော့
ဆုပ်ကိုင်ခွင့်လည်းမရှိတော့
မင်းရင်ခုန်သံကိုလုံအောင်ဖုံးပေးပိုင်ခွင့်လည်းမရှိတော့
မင်းလည်းမေ့လျော့လိုက်ရုံ
ပုံပြင်ကိုပုံပြင်အတိုင်းထားလိုက်ရုံ
ဒီလောက်ပဲတို့တတ်နိုင်ခဲ့..။

သူ့ကိုမင်းမချစ်ပဲနဲ့
မင်းကိုသူဘာလို့သိမ်းပိုက်ခဲ့တာလည်း
မင်းနဲ့ငါနဲ့ချစ်ရက်သားနဲ့ငါတို့ဘာလို့ဝေးကွာခဲ့တာလည်း
ရာဇ၀င်ခေတ်
ပဒေသရာဇ်တို့ရာဂမီး
အတားအဆီးမဲ့ကာမပိုင်ဝတ္ထုမှာ
ချစ်ရသူတို့ဇာတ်နာခဲ့ရဖူးပါပြီ။

အဖြစ်အပျက်တွေဖြစ်ပျက်ခဲ့ပြီးတဲ့နောက်
အငွေ့အသက်တွေကျန်ရစ်ကြရမယ်
ရှုမဆုံးတဲ့အလွမ်းတွေငါပွေ့ရင်း
တောင်ကုန်းလေးပေါ်ငါတက်ခဲ့တယ်။

ညောင်ပင်က
ဓမ္မတေးကိုဆိုနေရဲ့
ရိုးပြတ်တောက
နေပူထဲမှာငိုနေရဲ့
ငါ့နှလုံးသားကလူ့သမိုင်းထဲလဲကျနေခဲ့တယ်
လွမ်းစေတီက
မင်းနဲ့ငါအကြောင်း
နှောင်းလူတွေကိုပြောပြမယ်
တို့နှစ်ယောက်
လျှောက်ခဲ့ရတဲ့ငရဲကို..။


မိုဃ်းဇော်

Posted by Unknown on Tuesday, January 8, 2013
0 comments
categories: | | edit post

'ချစ်တယ်'လို့ ခဏခဏပြောဖို့ မနှမြောစမ်းပါနဲ့။
မျှော်လင့် ချက်တွေ သေဆုံးသွားတဲ့အခါ
ဘာအလွမ်းနဲ့မှ အာပတ်ဖြေလို့မရဘူး . . .။
ငါတို့ ဘာဖြစ်လို့ အငြင်းပွားနေကြရတာလဲ၊
(တစ်ယောက်ကိုတစ်ယောက်) နားမလည်တာလည်း မဟုတ်ဘဲနဲ့။
ငါတို့ ဘာဖြစ်လို့ တစ်ယောက်ကိုတစ်ယောက်
သံသယဖြစ်နေကြတာလဲ . . .၊
'ယုံကြည်ပါ'လို့ ပြောစရာမလိုလောက်အောင်
ယုံကြည်ထားခဲ့ ရဲ့သားနဲ့ . .။
ငါတို့ ဘာဖြစ်လို့ တစ်ယောက်ကိုတစ်ယောက်
ဒေါသတွေဖြစ်နေကြတာလဲ . . .၊
တို့နှစ်ယောက်ရဲ့ အချစ်ဟာ
ကျိုးလွယ်ပဲ့လွယ်လည်း မဟုတ်ဘဲနဲ့ကွယ်။
ငါတို့ လုပ်နေကြပုံက
တစ်ယောက်ခြေလှမ်းကို တစ်ယောက်က
စောင့် ကြည့်အကဲခပ်နေကြပုံမျိုး . . .။
ဒါ စစ်တုရင်ထိုးနေတာလည်း မဟုတ်ဘဲနဲ့ကွယ်။
မင်း ငါ့ကို လွမ်းတဲ့အခါ ပွင့် ပွင့် လင်းလင်းပြောပါ
ငါလွမ်းတာကိုလည်း ပွင့် ပွင့် လင်းလင်းပြောမယ်။
'ချစ်တယ်'ဆိုတဲ့ စကားလုံးကိုမကြာခဏပြောဖို့ မနှမြောစမ်းပါနဲ့။
အချစ်ဆိုတာ တယ်လီဖုန်းတစ်လုံးလိုပါပဲ
မင်းက ဘာစကားမှ မပြောပဲ ဖုန်းကိုပိတ်ထားရင်
ဘာမှအသုံးမ၀င်တဲ့  ပစ္စည်းတစ်ခုကို ကိုင်ထားရတာနဲ့
ဘာထူးတော့မှာလဲ။
မင်းခိုက်စိုးစံ

Posted by Unknown on
0 comments
categories: | | edit post

စိတ်လိုလက်ရလေး နေခဲ့ပါစေကွယ်
မျက်ရည်မခိုင်ဘဲနဲ့တော့
နေရာဟောင်းလေးဆီ ဘယ်လိုပြန်သွားရနိုင်မလဲ။
ရာသီဥတုတွေ ကိုယ့်ဘက်ပါကတည်းက
အသည်းကွဲခြင်းမှာ မွေ့လျော်ဖို့ကို
ငါ့ကိုယ်ကို ကဗျာဖွဲ့ပြီး
ယဲ့ယဲ့လေး လည်စင်းစောင့်နေခဲ့သူပါ။
ဘာမှမလိုချင်ဘူးချစ်သူ
ရဲရဲကြီး ခုတ်ဖြတ်ထားရစ်ခဲ့တော့
တောင်စွယ်နေကွယ်ချိန်မှဆို
မင်းကိုဘယ်သူပြန်ပို့မလဲ
အမှောင်ညထဲ ငါသေလည်း စိုးထိတ်နေဦးမယ်။
တစ်ဘဝလုံးနဲ့ 'က' ခဲ့တာတောင်
ဇာတ်ညွှန်းဖတ်ခွင့်မရတဲ့ ပြဇာတ်ကို
ဘယ်နှစ်ယောက်မြောက် ငါ 'က' မိတာလဲ
အဲဒီခေါင်းစဉ်
''အချစ်''လို့ နင်မတပ်လိုက်ခင်အထိ
ခုတော့
ပိပိရိရိ အလှည့်စားခံ။
သစ္စာပိုင်စိုး

Posted by Unknown on
0 comments
categories: | | edit post

အမုန်းမှာ ဘယ်နှခါ လွမ်းရမယ်
မှာတမ်း မရခဲ့သူ။
ကိုယ့်နှစ်ဆယ့်လေးနာရီ ကမ်းလုံးပြည့်
စပယ်တွေ တဖွေးဖွေြးွေကခန်း
ဘယ်အနမ်းနဲ့မှ မကြေတော့။
သစ္စာတရား အပြိုအပျက်ကြား
ဆွဲမိဆွဲရာ ကိုယ့်ကဗျာအစအနတွေ
အငြိုးနဲ့ ကျွမ်းလောင်။
ရွတ်ဆိုနေကျ
နာမည်လေး ပြေးထွက်အသွားမှာ
ပဲ့တင့်သံတွေ ပြန်မလာဘူး
ရယ်ရင် ပေါ့ပေမယ့်
ငိုပြီး လေးနေမိ။
ကမ္ဘာ့ကြေကွဲစရာများထဲ
ကိုယ့်ရင်နင့်မှု အပြင်းဆုံး
ဒီနေ့သတင်းစာမှာ မပါတာကလွဲရင်
ကိုယ့်အသည်းကွဲခြင်း
တခမ်းတနား ကြီးကျယ်တယ်။
သစ္စာပိုင်စိုး

Posted by Unknown on
0 comments
categories: | | edit post


ငါ့ကဗျာ
နင့်ကိုချစ်တဲ့အကြောင်း
ရေးဖွဲ့ထားတာမဟုတ်ဘူး
ငါ့အသည်းနှလုံးရဲ့
လှုပ်ရှားမှုတွေကို သီကုန်းထားတာပါ။

ငါ့ကဗျာ
နင့်ကိုလွမ်းတဲ့အကြောင်း
ရေးဖွဲ့ထားတာမဟုတ်ပါဘူး
ငါ့ရင်ဘက်ရဲ့
ငိုရှိုက်သံတွေကို သီကုန်းထားတာပါ။

ငါ့ကဗျာ
နင်ထားခဲ့တဲ့အကြောင်း
ရေးဖွဲ့ထားတာမဟုတ်ပါဘူး
ငါ့မာနရဲ့
မျက်ရည်စက်တွေကို သီကုန်းထားတာပါ။

ငါ့ကဗျာ
နင့်အတွက်
ရေးဖွဲတာမဟုတ်ပါဘူး
အစွန့်ပစ်ခံ ငါ့ဘဝအတွက်
နှစ်သိမ့်ခြင်းတွေကို သီကုန်းထားတာပါ။


ဧပရယ်ဆွေဆွေ

Posted by Unknown on Monday, January 7, 2013
0 comments
categories: | | edit post

မင်းနှလုံးသားက
ဖန်ဆင်းတဲ့ချစ်ခြင်း
ပစ်ခွင်းတဲ့ချစ်ခြင်းဟာ
ငါမဟုတ်ခဲ့ပါလား....

ကံထားရာနေ
ကံစေရာသွားရတဲ့
ငါ့ဘဝကတော့
မင်းချန်ရစ်ခဲ့တဲ့
ဒဏ်ရာတွေရယ်
အလျော်တောင်းမရတဲ့ချစ်ခြင်းတွေရယ်
ရင်မှာပိုက်လို့
ဟား....အလွမ်းများနဲ့ခါးလိုက်တာ။

ဧပရယ်ဆွေဆွေ

Posted by Unknown on
0 comments
categories: | | edit post

ငါးအသေကောင် လိုချင်ရင်
ဈေးမှာဝယ်ပါ

ကြောက်လန့်နေတဲ့ ငါးတစ်ကောင်လိုချင်ရင်
ပိုက်ကွန်တွေနဲ့ ဖမ်းပါ

ဒဏ်ရာ ရနေတဲ့ ငါးတစ်ကောင် လိုချင်ရင်
ငါးမျှားချိတ်မှာ အစာတပ်ပြီး မျှားပါ

အရုပ်နဲ့ တူတဲ့ ငါးတစ်ကောင် လိုချင်ရင်
မှန်တွေနဲ့ လုပ်ထားတဲ့ ရေကန်အတုထဲမှာ မွေးပါ

ငါးအစစ် တစ်ကောင် လိုချင်ရင်တော့
ကျောက်ဆောင်တစ်ခုလို ရပ်နေပါ

ရင်ဘတ်ကို ဖွင့်ထားပါ
လမ်းမှားလာတဲ့ ငါးအစစ်တစ်ကောင်က
မင်းရဲ့ နှလုံးသားကိုတောင်
ဝင်ပြီး တိုးခွေ့သွားလိမ့်မှာ

အသက်ရှုသံတွေနဲ့
ရေလှိုင်းတွေကို ဖန်ဆင်းလိုက်တဲ့အခါ
ပျော်ရွှင်စွာ ကစားနေမယ့်
ငါးအစစ်တစ်ကောင် ကိုရရှိမှာ

မင်းရဲ့ လက်ချောင်း တွေနဲ့ သူ့ကို
ဖမ်းဖို့ မကြိုးစားတဲ့အထိသာ။

မြင့်မိုးအောင်

Posted by Unknown on
0 comments
categories: | | edit post

အမှတ်မထင်ပါဘဲ ကံ့ကော်ဝတ်ဆံတွေက ၀ါခဲ့ကြတယ်
နေကွယ်တိုင်း ညှိုးရော်ပေးရတဲ့အထဲမှာ ငါ့လိပ်ပြာတွေ မပါဘူး။
ထူးခတ်ခံထားရတဲ့ ငါ့ရင်ဘတ်တစ်ခြမ်းကို
ငုံ့ကြည့်သံဝေဂရ နောင်တဆိုတာတော့ မရှိခဲ့ဘူး။
ဆိတ်ဖလူးပွင့်တွေကြွေတဲ့နံနက်ခင်းမှာ
မပွင့်ဖြစ်ခဲ့တဲ့ ရနံ့တွေကိုပြန်ကောက်
ကိုယ့်စိတ်ထဲမှာပဲ ကိုယ်ပြန်လမ်းလျှောက်ခဲ့တယ်။
ငါ့လက်နဲ့ မဆောက်ခဲ့တဲ့တောင်တန်းကို
ငါ... မဖြန်သန်းချင်တာ ဆန်းသလား ။

(ခွဲခွာခဲ့ရတဲ့နေ့ကစလို့)
ချစ်သောတစပြင်လေးမှာ ကဗျည်းပြာရီတွေလွင့်ဝေ ။
ဘာတတ်နိုင်ဦးမှာလဲ
ဟိုးမှာ... အမှောင်ဖြူဖြူတွေက မြူးလွင့်နေတယ်။
နောက်ဆုံးတော့...
ရထားက ဘူတာရုံကိုထားပြီး ထွက်ခွာသွားရရဲ့
ဥသြသံရယ်၊ ဖိနပ်ကလေးတစ်ဖက်ရယ်... စကားပွင့်လေးတွေရယ်
မိုးရွာပြီးကျန်ခဲ့တယ်... ။


မနော်ဟရီ

Posted by Unknown on
0 comments
categories: | | edit post

သစ္စာနဲ့ဝေးခဲ့လို့ ... တဲ့။
ဘယ်လိုမှဆေးဖက်မ၀င်နိုင်တော့တဲ့ နွယ်မြက်သစ်ပင်တွေ
တရွေ့ရွေ့ရွာသွန်းပေါက်ရောက်လာကြ
ကျွန်မရဲ့ဆောင်းရာသီ ယာခင်းကလေး
ပေါင်းပင်တွေနဲ့ တအိအိညွှတ်ကွေးနေခဲ့။
နတ်ဝှက်ခံထားရတဲ့ မယ်ဇလီပွင့်လေးများ
ကြေးစားမဆန်တဲ့ လရောက်အောက်မှာ ယိမ်းနွဲ့လဲ့ဝါ။
ဆေးပေါင်းမခခင်မှာပဲ အဆိပ်ပေါင်းခခဲ့ရလို့
ကျွန်မရဲ့တန်ဆောင်မုန်းလပြည့်ညလေး
ကိုယ်ပိုင်မေးခွန်းတွေနဲ့ လန့်နိုးခဲ့ရ ။
ဆုတောင်းတိုင်းရတတ်တဲ့အရာတွေထဲမှာ
ကတိသစ္စာ မပါဘူး
လက်မှတ်တွေအပြည့်ထိုးထားတဲ့စွယ်တော်ပင်က
လောကအဖို၊အမအကြောင်း ပြောပြတယ် ။
ယတြာချေဖို့တစ်ခုပဲ ကျန်တော့တယ်
ဒါမှမဟုတ်
ဒါဟာ ဘုရားသခင်ရဲ့အလိုတော်ပါ လို့ ၀န်ခံလိုက်ရရင်ကောင်းမလား
ကိုယ့်ကိုယ်ကို မကြားတကြား ရယ်မိတာများပြီ။
ဖြေသိမ့်လိုက်ပါတယ်
တစ်ခါတစ်ခါ... ဘ၀ဟာပျင်းရိမနေဖို့
ဝှက်ဖဲတစ်ချပ်တော့ လိုလိမ့်မယ်... လို့။


မနော်ဟရီ

Posted by Unknown on
0 comments
categories: | | edit post

လူတွေ...
ပါးစပ်တစ်ပေါက်နဲ့...
အဆက်မပြတ်
သောက်နေလိုက်ကြတာများ....။

              ကိုကိုခန့်ချော

Posted by Unknown on Sunday, January 6, 2013
0 comments
categories: | | edit post

ကလေးရေ...
မုန်တိုင်းတွေဟာမောပန်းလာတယ်
ဘယ်မှာလဲ... ခိုလှုံနားစက်ရာတဲ့
မနက်ဖြန်တွေဟာ
အိပ်ချင်ယောင်ဆောင်နေကြလေရဲ့။

ကလေးရေ
နှုတ်ခမ်းတွေကိုကြားရလား...
စကားလုံးများစွာက ခုန်ထွက်လာရဲ့
အသိသညာတွေဟာ... ကွန်ပျူတာတွေလိုပဲ
အီလက်ထရောနစ် ခလုတ်တစ်ခု ပိုင်ဆိုင်ထားရမယ်... ။

ကလေးရေ...
မျက်ဝန်းတွေကိုဖတ်တတ်ပြီလား...
ယောင်မှားသံသယတွေသာရရှိခဲ့
ယုံကြည်မှုတွေဟာ... အိပ်ရာမထနိုင်ကြသေးဘူး
မူးယစ်နေတာမျိုးမဟုတ်ဘူးလေ... ။

ကလေးရေ...
နှလုံးသားတွေပျောက်နေတယ်
ဘယ်သူများခိုးယူသွားပါလိမ့်
တစ်ယောက်တည်းကလား...
အများကြီးကလား...
နှလုံးသားတွေကိုရှာဖွေဖို့
နှလုံးသားများစွာ ဖွင့်ရှာရတော့မှာ။

ကလေးရေ...
ပန်းတွေကိုခိုးခူးမထားနဲ့နော်
အပျော်ဆိုတာတခဏ...
ကြွေကျသွားတဲ့ပန်းပွင့်တွေလိုပဲ
ထာဝရမတည်မြဲဘူး
ဆူးစူးတတ်သေးတယ်... ။

ကလေးရေ...
အိပ်မက်တွေကိုတော့
ချိုးမကွေ့ခဲ့လိုက်ပါနဲ့
ပစ္စုပ္ပန်ရဲ့အရှိတရား
ခါးသက်လွန်းလှပါတယ်...
တွယ်ငြိနေတာလည်း မဟုတ်ပါဘဲ
ခွာချမရနိုင်ခဲ့...
ကိုယ်တို့ရဲ့အဆောင်အဖြစ်
အိပ်မက်တွေကိုပဲ ချစ်ရတော့မှာ... ။

ကလေးရေ...
ခန္တီစတရား... တဲ့
ပညာရှိစကားနဲ့သာဆိုခဲ့ရ
သက်သာရာရအောင်လေ...
အမှန်က... အားမတန်၊ မာန်ချ... တဲ့
အဲဒါတွေနဲ့ပဲ
ကိုယ့်ဘာသာကိုယ်လှည့်စားနေခဲ့ရ
တစ်ဘ၀စာမို့သာနော်... ။

ကလေးရေ...
သင်ခန်းစာတွေလေ...
သင်ခန်းစာတွေ...
ပျားရည်ဖွပ်ထားရသလိုပါပဲ
အရသာကတော့ချိုပါရဲ့...
ဒါပေမယ့်... ဒဏ်ရာတွေက နာကျင်လွန်းတယ်။


မနော်ဟရီ
၀၁.၀၈.၁၉၉၄

Posted by Unknown on Thursday, January 3, 2013
0 comments
categories: | | edit post
Related Posts Plugin for WordPress, Blogger...

۞۞۞အချိန်သည်လူ၏တန်ဖိုး۞۞۞

۞۞۞နွေးထွေးစွာကြိုဆိုပါတယ်۞۞۞


hit counter

۞۞۞ကိုယ်တော်စာပေ۞۞۞

http://www.kotawsarpay.com/

۞۞۞အွန်လိုင်းရွှေဝထ္ထုတိုဆု۞۞۞

۞۞۞ဘလော့ခရီးသည်۞۞۞

http://www.aungsanmks.com/

۞۞۞like လုပ်ပေးခဲ့ပါဦးနော်۞۞۞

Popular Posts

Blog Archive

Member ဝင်ပေးဖို့ဖိတ်ခေါ်ပါတယ်

သီချင်းလေးတွေနားထောင်ကြမယ်

dancer photo dancer_zpsbd8f2ed7.gif
သီချင်းတောင်းချင်ပါက dj@mmyos.com ကိုအပ်၍ တောင်းဆိုနိုင်ပါသည်

လိုအပ်သည်များပြောကြားခဲ့ပါနော်

Total Pageviews

လာရောက်အားပေးကြသူများ

လာရောက်သူတို့ရဲ့စကားသံလေးများ

flag counter

Flag Counter