ဆံပင်၏ကောင်းခြင်းသည် အမျိုးသမီးတို့ ၏ ပင်ကိုယ်အလှ ၈ မျိုးတွင် တစ်မျိုးအပါအ၀င်ဖြစ်၏။ လူတစ်ယောက်လျှင် ဆံပင်ပေါင်း တစ်သန်းခွဲခန့် မျှရှိသည်။ ထိုဆံပင်သားတို့ သည်လည်း အမျိုးမျိုးရှိ ရာ ထိုဆံသားများအလှအတွက် အလှအမျိုးမျိုးဆင်ယင်ကြသည်။ မြန်မာတို့ ၏အယူအဆတွင် မိန်းမတို့ ဘုန်းဆံထုံး ဟု အဆိုရှိခဲ့သည်။ ထိုဆံထုံးများကို ထုံးဖွဲ့  ရာတွင်လည်း စံတင်လောက်သော ထုံးနည်းများရှိခဲ့ပါသည်။ "-အစောတို့ လေ၊ ရတနာထွေ၊ ရွှေမိုးဃ်းစွေ၍၊ သပြေမည်ခံ ပြည်ပုဂံဝယ်၊ နိုင်ငံကျယ်ပြော၊ ရှေးမင်းစောတို့ ၊ မုနောဇမ္ဗူ၊ ခံတော်မူက၊ (၁) မြိတ်ဖြူ၊ (၂) မြိတ်စို့ ၊ (၃) သွယ်ညို့ မြိတ်လွတ် (၄) ရစ်ပတ်စုလည်း၊ (၅) ရော့ရည်းဖွဲ့ ၊ (၆) တုမဲ့ရွှေရောင်တိမ်တောင်တက်သတ် (၇) လျှပ်စစ်ပြက်သို့ ၊ (၈) စ၀ှက်ရောင်ပြေ၊ (၉)နှင်းသွေးမစို့  (၁၀) ကြာညိုဝစ္ဆံ၊ (၁၁) ဓူဝံနိုင်ရှည် ရှုကြည်မငြီး ၊ (၁၂) ဦးပြီးရွှင်ပျော် (၁၃) ဇင်ယော်တန်းဝဲ၊ (၁၄) ပုလဲကိုးပုန်း၊ (၁၅) ဂမုံးငုံအာ (၁၆) လေသာဝေ့လည် ၊ (၁၇) ခြူခြည်မတင်၊ယကင်တုံးတုံး (၁၈) လုံးတင်၊ (၁၉) ခရုချောင်း၊ (၂၀) ထုံးကြောင်၊ (၂၁) ထုံးကြာ (၂၂) ရေးပါမြိတ်စို့ ၊ (၂၃) အောင်မျှို့ နိမိတ်၊ မြိတ်ရစ်လှပ၊ (၂၄) ကရ၀ိကနှုတ်သီး (၂၅) ဆိတ်သမီးနှင့်၊ (၂၆) ဖြန့် ပြီးဆယ်ထွေ၊ (၂၇) နေအရုဏ်ခံ (၂၈) ညဥ့်ယံသောက်ရှုး၊ (၂၉) တိမ်ဦးနဂါး၊ (၃၀) လေးပါးရာသီ (၃၁) နှိုင်းပြီစံလွတ်၊ (၃၂) နဂါးပတ်ကြော့ကွင်း၊ (၃၃) နန်းတွင်းမဉ္ဖူ (၃၄) ထွက်ပြူမုတ်ဝ (၃၅) ပဒုမသိဒ္ဓိ၊ (၃၆) မဏိကိုးပါး (၃၇) ချယားပွင့်သေး၊ (၃၈) ယုန်ရေးလ၀ယ်၊ (၃၉) နေလယ်ဥဒေါင်း (၄၀) သုံးချောင်းခြူးရှက်၊ (၄၁) စရှက်ရောင်ချော၊ (၄၂) သဘောင်္တမ်းခွန် (၄၃) အန္တဖုသျှ၊ မောရဂီဝါ (၄၄)ဟင်္သာစာခွံ့ ၊ (၄၅) ပုဇင်းတောင်ဖြန့်  (၄၆) သည်းညွန့်လက်သင် (၄၇) ကွမ်းလင် (၄၈) နောက်တွဲ (၄၉) မုတ္တရွဲနှင့်၊ (၅၀) ပုလဲကွန်ချာ၊ (၅၁) ရတနာမဏ္ဍိုင် (၅၂) ပွင့်ဆိုင်ပုဏ္ဍရိတ် ၊ (၅၃) နဂါးအိတ်လေးထောင့်၊ (၅၄) ရှစ်မြှောင့် (၅၅) ပြန်ကာဘက်---ပန်းရှက်ခေါင်ဗွေ၊ နန်းလုံးဝေမျှ၊ မြင်ကစံကျော်၊ နှိုင်းမမြော်ကို၊ လွှမ်းတော်မမူလည့်ပြီလော၊ ဘော်ချင်းတို့ လေ၊ ဘော်ချင်းတို့ " အထက်ပါ အဏ်ချင်းလေးက အင်းဝခေတ်က ရဝေရှင်ထွေးရေးခဲ့ပြီး ရှေးပုဂံမင်းတို့ လက်ထက် အသုံး ပြုသော ဥသျှောင်ထုံးနည်း ၅၅ မျိုးကိုကဗျာလင်္ကာဖြင့် ဖော်ပြထားခြင်းဖြစ်ပါသည်။ ရှေးခေတ်ရှေးအခါက အပြုအမူများကို မေ့ပျောက်မသွားရအောင် အမှတ်တရဖွဲ့ ဆိုထားခဲ့သောထူးခြား သည့် ကဗျာကောင်းတစ်ပုဒ်ဖြစ်ကြောင်း ပညာရှိတို့ သတ်မှတ်ခဲ့ကြသည်။ သို့ သော်လည်း ညောင်ရမ်း ခေတ်သို့ ရောက်သောအခါ ဆံပင်ထုံးနည်းမှာ ၃၇ မျိုးသာကျန်တော့ကြောင်းမှတ်သားဖူးပါသည်။ ကုန်းဘောင်ခေတ် ဘကြီးတော်လက်ထက်တွင်မူ ၇ မျိုးသာရှိတော့သည်။ ၄င်းလက်ထက်တွင် နှမ တော်၊ တူမတော်၊ သမီးတော်၊ မင်းသမီးတွေအတွက် ဆံထုံးမင်္ဂလာကျင်းပတာကို ရွှေတိုက်တော်က ထုတ်ပေးရသော ရွှေစာရင်းတွင် ရေးမှတ်ထားကြသည်။ ၁-ရွှေသားပတ္တမြား ၂- ရစ်စီ မြိတ်ဖြူ ဆံထုံး ၂-ရွှေသားပတ္တမြား ၂- ရစ်စီ မြိတ်စုံ ဆံထုံး ၃-ရွှေသားပတ္တမြား ၂- ရစ်စီ မြိတ်လွတ် ဆံထုံး ၄-ရွှေသားပတ္တမြား ၂- ရစ်စီ စုလည်း ဆံထုံး ၅-ရွှေသားပတ္တမြား ၂- ရစ်စီ ယဂင် ဆံထုံး ၆-ရွှေသားပတ္တမြား ၂- ရစ်စီ လုံးတင်ဆံထုံး ၇-ရွှေသားပတ္တမြား ၂- ရစ်စီ မြိတ်ယစ် ဆံထုံး ဟူ၍ ဆံထုံး ၇ မျိုးထုံးတာကို မှတ်တမ်းရေးခဲ့ကြသည်။ ထို ၇ မျိုး၏ထုံးဖွဲ့ မှုကို လင်္ကာဖြင့် - " ရွှေနန်းသုံးကို၊ ပိုက်ကျုံးမှတ်ယူ၊ သိတော်မူလော့၊ မြိတ်ဖြူညို့ ညို့  မြိတ်စို့ ထွတ်ထွတ်၊ မြိတ်လွတ်မည်းမည်း၊ စုလည်းရွှင်ရွှင်၊ ယဂင်ထုံးထုံး၊ လုံးတင်သစ်သစ်၊ မြိတ်ရစ်မြိတ်ခံ၊ မျက်ပျံရတနာ၊ သိင်္ဂါရွှေသား၊ ပတ္တမြားရောင်ပြုံး၊ ခုနစ်လုံးသည် ဆံထုံးမင်္ဂလာတင့်ရွှန်းတည်း " ဟု ဖွဲ့ ဆိုခဲ့ပါသည်။ မင်းတုန်းမင်းတရားကြီးလက်ထက် ၁၂၃၇ ခုနှစ်လောက်မှာ သမီးတော်စုဖုရားလေးနဲ့ အခြား မင်းသား၊ မင်းသမီးတို့ ကို ဆံထုံးထုံး(မိန်းမအတွက်) ဦးသျှောင်ထုံး (အမျိုးသားအတွက်) မင်္ဂလာတွေ ဆင်ယင်ကျင်းပသောအခါ ဆံထုံး ၇ မျိုးအတွက် မင်္ဂလာစကား ၇ မျိုးကို လျှောက်တင်သောအခါ ၁။ ဆံထုံးတော်မြိတ်ဖြူ - နတ်တူစိုးမည့်သူပါဘုရား ၂။ ဆံထုံးတော်မြိတ်စို့  - နတ်သို့  တင့်တယ်မည့်သူပါဘုရား ၃။ ဆံထုံးတော်မြိတ်လွတ် - နန်းထွတ် စံမည့်သူပါဘုရား ၄။ ဆံထုံးတော်စုလည်း - ပစ္စည်းရတနာ ပွားမည့်သူပါဘုရား ၅။ ဆံထုံးတော်ယဂင် - နန်းတွင် စံမည့်သူပါဘုရား ၆။ ဆံထုံးတောလုံးတင် - လ,သွင် တင့်မည့်သူပါဘုရား ၇။ ဆံထုံးတော်မြိတ်ရစ် - သက်ဆစ်ရာကျော် ရှည်တော်မူမည့်သူပါဘုရား ဟု ဆိုင်ရာအမူထမ်း များက လျှောက်ထားကြရသည်ဟုဆိုသည်။ စုဖုရားလတ် မိဖုရာမဖြစ်မီ မြတောင်မင်းသမီးဘ၀က ဆံထုံးကို စောင်းထုံးလေ့ရှိခဲ့သည်။ ပါတော်မူပြီးနောက်ပိုင်း စုဖုရားလတ်ဆံထုံးဆိုပြီး အမျိုးသမီးများက ဆံထုံးကို စောင်းထုံးလေ့ရှိခဲ့ ကြောင်း လူကြီးသူမတို့ က ဆိုပါသည်။ ဤသို့ ထူးခြားပြီး လေးနက်သော အနက်တို့ ဖြင့် ထင်ရှားခဲ့သော မြန်မာတို့ ၏ဆံထုံးထုံးနည်း များကို ယခုအခါစာအသွင်ဖြင့်သာ ကျန်ရစ်နေတော့လေသည်။
  ဧပရယ်ဆွေဆွေ

Posted by Anonymous on Wednesday, July 3, 2013
0 comments
categories: | | edit post


ကမ္ဘာနှင့်အ၀ှမ်းတွင် ရှင်သန်ကြသော လူတို့ သည် ကိုယ်ယုံကြည်ရာ ကိုးကွယ်ရာ ဘာသာကိုယ်စီရှိ တတ်ကြသည်။ သို့ သော် ယုံကြည်မှု ဆည်းကပ်မှုဆိုရာတွင်လည်း အမျိုးမျိုးရှိသေးသည်။ မိရိုးဖလာအားဖြင့် ဘာသာတရားကိုးကွယ်နေကြပြီး တချို့ မှာ သဒ္ဓါတရားစစ်စစ် အားနည်းနေသေးသည်ကို တွေ့ နိုင်ပါသည်။ တကယ်တော့ သစ်ပင်တစ်ပင်သည် မှန်ကန်သင့်လျော်သော ရေခံ မြေခံကောင်းမှသာလျှင် အပင်သန်ကာ မျိုးစေ့ပြန်မှန်မည်ဖြစ်သည်။ ထိုသို့ ပင်မူလမမှန်ဘဲ ဘုရားတရားကို အားထားကိုးကွယ်လျှင် အချည်းနှီး အကျိုး မဲ့ သာဖြစ်ပေလိမ့်မည်။ ယခုဆိုလျှင် အလုပ်တစ်ဘက်၊ စားဝတ်နေရေးတစ်ဘက်နှင့် လုံးချာလည်နေသည့် လူသားများသည် ကိုးကွယ်ရာကို ကဆုန်ပေါက်ဦးချရုံဖြင့်သာ ပြုတော့သည်။ အလုပ်များလွန်းသူ၊ အချိန်နည်းလွန်းသူများ အတွက် စာရေးသူတင်ပြလိုသည်လေးရှိပါသည်။ ဗုဒ္ဓဘာသာဝင်တို့ အတွက် သရဏဂုံတည်ဖို့ ဖြစ်ပါသည်။ အချိန်မရွေး၊ နေရာမရွေး တည်လို့ ရသည်။ စိတ်ညွှတ်မှန်ဖို့ သာလိုပါသည်။ လူ့ လောကတွင် ရွတ်စရာ ဖတ် စရာ ဂါထာ အဆောင်မန္တန်များစွာရှိသည်။ ထိုအရာများထက် အကောင်းဆုံးမှာ သရဏဂုံဖြစ်သည်။ သရဏဂုံ ဆိုသည်မှာ " သရဏ + ဂမန " ဟူသော ပါဠိမှဖြစ်လာသော စကားဖြစ်ပါသည်။ သရဏ = ကိုးကွယ်ရာ ဂမန = အသိအမှတ်ပြုလျက် ဆည်းကပ်ခြင်း ဖြစ်သည်။ ထို့ ကြောင့် ဘုရား၊ တရား၊ သံဃာတို့ အား ကိုးကွယ်ရာအစစ်ဖြစ်ပေသည်ဟု အသိအမှတ်ပြုလျက် ရိုသေ လေးမြတ် ဆည်းကပ်သော ကုသိုလ်စိတ်ကို " သရဏဂုံ " ဟုဆိုပါသည်။ ယခုအခါတွင်ဘုရားရှိခိုးကြရာတွင် ဗုဒ္ဓံသရဏံ ဂစ္ဆာမိ ဟုဆိုနေကြသော်လည်း မြန်မာလို ဘာကိုဆိုလိုကြောင်း သိသူနည်းနေပါသေးသည်။ ထိုသို့ နားမလည်ပဲ ရှိခိုးလျှင် ဥာဏ်နှင့်ယှဉ်သော ဥာဏသမ္ပယုတ် မဟာကုသိုလ် သရဏမရနိုင်ကြောင်း၊ သရဏဂုံမတည်လျှင်လည်း ဗုဒ္ဓဘာသာဝင် မဟုတ်သေးကြောင်း ဆရာတော်ကြီးများ ထံမှ ကြားနာဖူးခဲ့သည်။ မူလပဏ္ဍာသ အဌကထာတွင် အပြစ်ရှိသော သရဏဂုံပျက်ခြင်းနှင့် အပြစ်မရှိသော သရဏဂုံပျက်ခြင်း ဟူ၍ ရှိကြောင်း ကိုဤသို့ ဖွင့်ပြသည်။ အညသတ္ထာရာဒီသု အဟံ အတ္တာနံ ပရိစ္စဇာမိတိ ဧ၀ံ အညသတ္ထာရုဒ္ဒေသ၀သေန သာဝဇ္ဇဘေဒါတိ ၀ုစ္စတိ။ ဘုရား တရား သံဃာမှတစ်ပါး အခြားသော ဘိုးတော်၊မယ်တော်၊ နတ်စိမ်းရုပ်များ၌ တပည့်တော်တို့ ၏ အသက်နှင့် ခန္ဓာကိုယ်ကို အရှင်ကြီး အရှင်ကောင်းတို့ အား အပ်နှင်းလှူဒါန်းပါ၏ ဟူ၍ ရှိခိုးလျှင် သရဏဂုံပျက် ၏။ ဤသို့  ပျက်ခြင်းသည် အပြစ်ရှိသော သရဏဂုံပျက်ခြင်းဖြစ်သည်။ အပြစ်မရှိသော သရဏဂုံပျက်ခြင်းမှာ ဗုဒ္ဓဘာသာဝင်တစ်ယောက်သေဆုံးသွားလျှင် သရဏဂုံပျက်၏။ ဤပျက် ခြင်းမှာ ဓမ္မတာဖြစ်သောကြောင့် အပြစ်မရှိဟုဆိုသည်။ သို့ သော် သေပြီးခါမှ ရောက်ရာဘ၀က သရဏဂုံတည် ပါစေတော့ဟု ရည်မှန်းကာပြုလျှင်မူ သရဏဂုံမရနိုင်ပါ။ ထို့ ကြောင့် ယခုလို ရှင်သန်နေဆဲအခိုက်၊ ဥာဏ် ရှိနေခိုက်တွင် သရဏဂုံမြဲစေရန် အကျင့်လေးများ ပြုထားသင့်သည်။ မနက်အိပ်ရာထစ အချိန်မျိုး၊ အိမ်မှ အလုပ်ကိုသွားခါနီးအချိန်မျိုး၊ ယာဉ်တစ်ခုခုကို စီးတော့မည့်အခြေအနေမျိုး၊ ထမင်းစားသောက်ခါနီးရွတ်ဆိုခြင်း မျိုး၊ အိပ်ရာဝင်ခါနီးအချိန်ခါမျိုးတို့ တွင် နှုတ်မှအကျင့်လုပ်ထားလျှင် ပိုကောင်းပါသည်။ အကျင့်တစ်ခုသည် လုပ်ပါများလျှင် အထုံအဖြစ်သို့ ရောက်ရှိနိုင်ပါသည်။ သရဏဂုံတည်သောအကျိုးကြောင့် သီရီလင်္ကာမှ ဒမိဠမျိုး တံငါသည်တစ်ဦးသည် သေခါနီးကျမှ ရဟန်းတစ်ပါး ဆောက်တည်ပေးသော သရဏဂုံကြောင့် လူ့ အသက်နှင့် အနှစ်ကိုးသန်းရှည်သော စတုမဟာရာဇ်နတ်ဘုံသို့  ရောက်ခဲ့ကြောင်း အင်္ဂုတ္တိုရ်အဌကထာတွင် ဖွင့်ပြထားသည်။ ဤသည်မှာ သေခါနီးမှတည်သော သရဏဂုံသာ ဖြစ်သည်။ တစ်ဘ၀တာတည်သော သရဏဂုံဆိုလျှင် လူ နတ် ဗြဟ္မာ မည်သည့် ဘ၀ ရောက်ရောက်-- ၁- လူအများ၏ ပူဇော်ခံခြင်းကို ခံယူရသည်။ ၂- ထူးထူးခြားခြား သူတကာထက် ဥာဏ်ကောင်းသည်။ ၃- သူ၏အလိုသို့  အများက လိုက်ပါရသည်။ ၄- သတ္တ၀ါအားလုံးက နှစ်သက်သည်။ ၅- သတ္တ၀ါအားလုံးက ချစ်ခင်သည်။ ၆- ရွှေအဆင်းကဲ့သို့ လှပသည်။ ၇- ကျော်စောထင်ရှားသည်။ ၈- စည်းစိမ်များပြားသည်ဟု မှတ်သားဖူးသည်။ သို့ သော် သရဏဂုံ မပျက်စီးဖို့ တော့ အရေးကြီးပါသည်။ တချို့ မှာ ကိုးကွယ်မှု အံချော်နေတတ်ပါသည်။ ဘုရားစင်ပေါ်တွင် အရုပ်ပေါင်းစုံတင်ထား ကိုးကွယ်တတ်ကြ သည်။ ဤသည်မှာလည်း သရဏဂုံညှိုးနွမ်းသည့် အချက်လည်းဖြစ်ပါသည်။ စင်စစ် သရဏဂုံသည် ဗုဒ္ဓဘာသာ၏ အခြေခံ ဖောင်ဒေးရှင်းဖြစ်ပါသည်။အခြေမခိုင်လျှင် ဗုဒ္ဓံချင်းလည်း မတူနိုင်သလို သရဏံချင်းလည်း တူမှာမဟုတ်ဖူးဟု ဆရာကြီး ဓမ္မာစရိယဦးဌေးလှိုင်က ဆိုဖူးပါသည်။ ထို့  ကြောင့် မြန်မာဗုဒ္ဓဘာသာဝင် မိခင်ဖခင်တို့ အနေဖြင့် မိမိတို့ ရင်သွေးလေးများအား ရသမျှအချိန်တွင် သရဏဂုံကို အခြေခိုင်စွာ ပိုင်နိုင်အောင် သင်ကြားပေးသင့်ကြပါသည်။ ဒီဘ၀တွင်ကျရောက်မည့် ဘေးရန်ကိုသာမက အပါယ်ဘေးသို့ ကျရောက်ခြင်းမှပါ ရှောင်လွဲပေးနိုင်သော သရဏဂုံ၏ အနက်ကို ဖော်ပြပေးလိုက်ပါသည်။ -" ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ " " ဗုဒ္ဓံ = သစ္စာလေးပါး မြတ်တရားကို ပိုင်းခြားထင်ထင် ကိုယ်တိုင်မြင်၍ ၊ မြင်စေဟောဖော် ဘုရားရှင် ကိုယ်တော်မြတ်ကြီးကို သရဏံ = ဘေးရန်ပယ်ဖျောက် ချမ်းသာရောက်အောင် စောင့်ရှောက်တော်မူတတ်သဖြင့် အမြတ်ဆုံးသော ကိုးကွယ်ရာဟူ၍ ဂစ္ဆာမိ = ယုံကြည်သိမှတ် ဆည်းကပ်ကိုးကွယ်ပါ၏ ဘုရား။ " -" ဓမ္မံ သရဏံ ဂစ္ဆာမိ " " ဓမ္မံ = မဂ်လေးတန် ဖိုလ်လေးတန် နိဗ္ဗာန်ပရိယတ်၊ ဆယ်ပါးသော တရားတော်မြတ်ကို သရဏံ = ဘေးရန်ပယ်ဖျောက် ချမ်းသာရောက်အောင် စောင့်ရှောက်တော်မူတတ်သဖြင့် အမြတ်ဆုံးသော ကိုးကွယ်ရာဟူ၍ ဂစ္ဆာမိ = ယုံကြည်သိမှတ် ဆည်းကပ်ကိုးကွယ်ပါ၏ ဘုရား။ " -" သံဃံ သရဏံ ဂစ္ဆာမိ " " သံဃံ = သမ္မုတိ အရိယာ နှစ်ဖြာသော သံဃာတော်မြတ်အပေါင်းကို သရဏံ = ဘေးရန်ပယ်ဖျောက် ချမ်းသာရောက်အောင် စောင့်ရှောက်တော်မူတတ်သဖြင့် အမြတ်ဆုံးသော ကိုးကွယ်ရာဟူ၍ ဂစ္ဆာမိ = ယုံကြည်သိမှတ် ဆည်းကပ်ကိုးကွယ်ပါ၏ ဘုရား။ " ပုထုဇဉ်တို့ တွင် ကြိုတင်မသိနိုင်သော အရာငါးမျိုးရှိပါသည်။ ၁- မည်သည့်အသက်အရွယ်တွင် သေမည်။ ၂- မည်သည့်အနာရောဂါဖြင့် သေမည်။ ၃- နံနက် နေ့ လည်၊ ည မည်သည့်ကာလတွင် သေမည်။ ၄- မည်သည့် သုဿန်၌ သင်္ဂြိုဟ်မည်။ ၅- မည်သည့်ဘုံဘ၀သို့ ရောက်မည်တို့ ဖြစ်သည်။ထိုအချက်တို့ ကိုသတိမထား ပေါ့လျော့စွာမနေဘဲ သရဏဂုံ မြဲနိုင်အောင် ကြိုးစားသင့်ပါသည်။ ထို့ ကြောင့် သေခြင်းနှင့်ရင်ဆိုင်ရဦးမည့် ကျွန်ုပ်တို့ သည်လည်း သရဏဂုံအား ၀တ်တစ်ခုအဖြစ် အမြဲ ဆောင်ကာ ရွတ်ဖတ်နိုင်ပါစေကြောင်း ဆုတောင်းပေးလိုက်ရပါသည်။ ဧပရယ်ဆွေဆွေ

Posted by Anonymous on
0 comments
categories: | | edit post


အတွေးတစ် ညဟာ တဖြည်းဖြည်းနဲ့ တိတ်ဆိတ်လို့ လာနေပါတယ်။ ကျွန်မရင်ထဲက နှလုံးခုန်သံတစ်ခုကသာ စည်းချက်မဲ့ တဒိုင်းဒိုင်းခုန်လို့ ပေါ့။ ဒီနေ့  ကျွန်မခံစားခဲ့ရတဲ့ ဝေဒနာတွေကို ပြန်လည်တွေးနေမိပါတယ်။ လိုချင်တာမရသော ဘ၀။လုပ်ချင်တာမလုပ်ရသောဘ၀………။ကျွန်မရှေ့ တည့်တည့်က ကွန်ပျူတာ screen ကိုကြည့်ရင်း ဒီမှန်သား ပြင်ပေါ်မှာ ငါ့ရင်ထဲကရှိတာတွေ ပေါ်လာအောင် ရိုက်ထုတ်ကြည့်ရမလား။ ဒါဆိုရင် ရင်ထဲက ဝေဒနာတွေ သက်သာသွားမည်လား။ ရင်ထဲက ခံစားရသမျှကိုကော screen ပေါ် ငါသေချာထုတ်ပြနိုင်ပါ့မလား။ ရိုက်ထုတ် လိုက်တဲ့ ခံစားချက်တွေကိုကော ဘယ်သူက ကျွန်မနဲ့ ထပ်တူ ခံစားပေးနိုင်မှာလဲ။ မခံစားပေးဘဲ အရူးလို့  အထင်ခံရရင် ဘယ်နဲ့ လုပ်မလဲ။ မေးခွန်းများက များလာပေမဲ့  တကယ်တော့ ဘာမှမသေချာ။ ထပ်တူခံစားပေးနိုင်တယ်ဆိုတာမျိုးလည်း ကျွန်မ မယုံကြည်ပါ။ လူတိုင်းဟာ ကိုယ့်ကိုသာ အချစ်ဆုံး ဖြစ်သည့်အတွက် နောက်ထပ်လူသားတစ်ဦးကို ကိုယ်နှင့်ထပ်တူ ခံစားနားလည်နိုင်ဖို့ ဆိုတာ လုံးဝမဖြစ်နိုင်ပါ။ အတွေး(၂) အတွေးများနှင့် ရှုပ်နေသော ခေါင်းကိုခါယမ်းရင်း ၀ရံတာဘက်ထွက်မိသည်။ မြူတိမ်ကင်းတဲ့ ကောင်းကင်ကြီးထဲမှာ ဆန်းစလကလေးနှင့် သောကြာကြယ်တို့  နီးကပ်နေသည်ကို အံ့သြစွာတွေ့ လိုက်ရ သည်။ တကယ့်ဖြစ်ရပ်ဆန်းတစ်ခုကို ကျွန်မမြင်လိုက်ရတာပါ။ လနဲ့ ကြယ်နီးရင် ဘာဖြစ်တတ်လဲ။ ကျွန်မ မသိ။ ကျွန်မသိချင်သမျှကို ဖြေပေးတတ်တဲ့ ဖေဖေကလည်း ကျွန်မနဲ့ ဟိုးအဝေးကြီးဆီကို ရောက်နေပြီလေ။ " ဒါက ဖျောက်ဆိပ်ကြယ်……ဟိုးဟာက မောင်ရင်ဆိုင်းထမ်း " အရင်က ကြယ်တွေကို နာမည်ပေးတတ်တဲ့ ဖေဖေအသံက ကျွန်မနားထဲတိုးဝင်လာပါတယ်။ ……….ဖေဖေ……… ကျွန်မကောင်းကင်ကြီးဆီ ခေါင်းမော့ရင်း မျက်လုံးများကိုမှိတ်ကာ နစ်နစ်နဲနဲ ရွတ်ဆိုတမ်းတမိသည်။ ခုဖေဖေ ဘယ်တွေများရောက်နေမလဲ။ ဒီအခန်းလေးထဲမှာ ကျွန်မ ကြိတ်ငိုတတ်တဲ့အချိန်တိုင်း ဖေဖေရောက် ရောက်လာတတ်တယ်။ ဖေဖေ့ ကိုဖက်ပြီး ဖေဖေ့ရင်ခွင်ထဲ မျက်ရည်တွေ ချွဲစိုကုန်အောင် ရှိုက်ကြီးတငင် ငိုတတ်တဲ့ ကျွန်မကို ဖေဖေက " အရူးမလေး " တဲ့။ မျက်လုံး၊မျက်ခုံး အားလုံးနီးပါး ကျွန်မက ဖေဖေနဲ့ တူတာမို့  အဖေတူသမီးလို့ ခေါ်လို့ရတာပေါ့။ ကျွန်မကလည်း ဘာလုပ်လုပ် ဖေဖေ့ကိုသာ တိုင်ပင်သည်။ ဒါကြောင့် ဖေဖေကသာ ကျွန်မရဲ့ ဆရာ၊ ဖေဖေကသာ ကျွန်မရဲ့ သူငယ်ချင်း၊ ဖေဖေကသာ ကျွန်မရဲ့  ………………. မငိုဘဲနဲ့  သူ့ ဘာသာသူကျလာတဲ့မျက်ရည်တွေကို စိတ်ရှုပ်ရှုပ်နှင့် လက်ဖမိုးဖြင့် ခပ်ကြမ်းကြမ်းသုတ်ပစ်လိုက်မိ သည်။ အတွေး(၃) ထိုအခိုက် ကျွန်မခြေထောက်နားကို တိုးဝင်လာတဲ့ အထိတွေ့ လေးကြောင့် ငုံ့ ကြည့်မိတော့ " မှီမှီ " ကျွန်မရဲ့  အချစ်ဆုံး ကြောင်လေးလေ။ " အော မှီလေးလဲ မအိပ်သေးဘူးပဲ " ကျွန်မ သူ့ ကိုကြင်နာစွာ ပွေ့ ပိုက်ရင်း ငုံ့ ကြည့်မိပါတယ်။ မျက်လုံးဝိုင်းဝိုင်းကလေးများနှင့် မှီက ကျွန်မကို ပြန် ကြည့်နေသည်။ တစ်ကိုယ်လုံး အရောင်အသွေးမရှိ မဲနက်နေသော ကြောင်နက်ကလေးကို ကျွန်မမွေးချင်တယ် ဆိုတုန်းက မကြီးက " လှလည်း လှတာမဟုတ်၊ ကြောင်အစား ခွေးမွေးတာကမှ ဟောင်ဖော်ရဦးမယ် " လို့ ပြောပါတယ်။ ဟင့်အင်း… ကိုယ့်ကို အကျိုးပြုမှ ကိုယ်က ချစ်ရမှာလား။ ကိုယ့်ကို အကူအညီပေးမှ ကိုယ်ကသူ့ ကို မွေးမြူရမှာလား။ မှီမှီ ကို ကျွန်မချစ်ခင်ခြင်းမှာ ဘာမျှော်ကိုးမှုမှ မပါ။ မှီမှီ ဘာလုပ်လုပ် ကျွန်မအတွက် ကိစ္စမရှိ။ ကျွန်မကသာ လူဖြစ် သည့်အတွက် တိရစ္ဆာန်ဖြစ်သည့် မှီကို ကျွန်မကသာ နားလည်ရမည်လေ။ မောင်နှမတွေများသော်လည်း သူတို့ အလုပ်နဲ့ သူတို့ ရှုပ်နေကြသည့်အတွက် ကျွန်မမှာ အထီးကျန်လှ သည်။ တခါတရံ အားငယ်သည်။ ကျွန်မ ဘာပြောပြော ဟာသလုပ်ပြစ်ဖို့ ဝန်မလေးသော အစ်ကိုတွေ အစ်မ တွေထက် ကျွန်မဘာလုပ်လုပ် အပြစ်လည်းမဆို ဘာမှလည်း မပြောတဲ့ မှီကိုသာ ကျွန်မပိုချစ်သည်။ ကျွန်မစာတွေရေးဖြစ်တဲ့အချိန်တိုင်း မှီက ကျွန်မရင်ခွင်ထဲမှာသာ နေတတ်သည်။ တခါတလေ ကျွန်မ ကြိုက်တတ်သော သီချင်းလေးများနားထောင်မိတိုင်း မှီကိုလည်း နားကြပ်တပ်၍ နားထောင်ခိုင်းသည်။ ထိုအခါ အံ့သြထူးဆန်းသော မျက်ဝန်းများနှင့်ဂဏှာမငြိမ်ဖြစ်သော မှီကိုကြည့်ရင်း ကျွန်မရယ်မိသည်။ လူတွေ သဘော တကျ နားထောင်တတ်တဲ့ သီချင်းဆိုတာကို မှီက ကြောက်သတဲ့။ အင်း….ခံစားချက်ချင်း၊ နားလည်မှုချင်း၊ ဦးနှောက်ချင်းမှ မတူညီဘဲကိုး။ အတွေး(၄) ကျွန်မနဲ့ အကြိုက်ချင်း တော်တော်များတူတတ်တဲ့ သူတစ်ယောက်တော့ ရှိပါတယ်။ ဒီနေ့ လည်း ကျွန်မ ရင်ထဲက ပေါက်ကွဲမှုတွေပြောပြမိခဲ့သေးသည်။ ကျွန်မ ဘ၀ကို ခပ်တန်းတန်းကြီး လမ်းလျှောက်နေတာနဲ့ တူ တယ်လို့ နာမည်ပေးဖူးတဲ့ သူငယ်ချင်းမလေး ယမင်းက " သူငယ်ချင်းရယ် မင်းမျက်နှာမှာ အပြုံးတွေ ပျောက်နေတာကြာပြီ ….လာ….စိတ်ပါ-ပါ ၊ မပါ-ပါ…..ပြုံးပြပါဦး " လို့ ဆိုပါတယ်။ ယမင်းက အတင်းပြုံးခိုင်းပေမဲ့ ကျွန်မမျက်နှာလွဲနေခဲ့မိတယ်။ ကျွန်မမှ မပြုံးချင်တာ။ အတွေး(၅) ညဥ့်သည်နက်ရာမှ အလင်းဘက်သို့ ဦးတည်နေပြီ။ နံနက်ခင်း၏ လေနုအေးအေးလေးတွေက တိုက် ခတ်လာနေသည်။ အတွေးတွေက ရင့်မှည့်၍သွားသလို ညသည်လည်း မှောင်ရာမှ လင်းရဦးမည်။ ဝေဒနာ အတွေးမှ အဖြေရှာလို့ ရတဲ့ အတွေးဖြစ်နိုင်သလို ငိုခြင်းတရားနဲ့ စခဲ့တဲ့ ဘ၀တွေထဲမှာလည်း အဖြေရှိတဲ့ဘ၀ တွေရှိနေနိုင်တာဘဲ။ လာမည့် မနက်ဖြန်…မနက်ဖြန်တိုင်းဟာ မနေ့ က ကျွန်မကြုံတွေ့ ခဲ့ရတဲ့ ဝေဒနာမျိုးတွေနဲ့  တည်ဆောက်ချင်မှ တည်ဆောက်ထားမှာပါ။ အတွေး(၆) " စိတ်သည် မကောင်းမှုမှာသာ မွေ့ လျော်တတ်တယ်၊ ဒါကြောင့် အဲဒီစိတ်ကလေးကို အမြဲစောင့်ကြည့် ကာ ထိန်းအပ်တယ် ယောဂီတို့ ၊ မျက်စိဟာ အဆင်းနဲ့ တိုက်ရင် မြင်စိတ်၊ နားနဲ့ အသံတိုက်ရင် ကြားစိတ်ပေါ် မယ်………" မေမေအခန်းဆီမှ အလုပ်ပေးစိတ္တနုပသနာတရားသံ ကြားလိုက်ရသည်။ နံရံမှ နာရီကို လှမ်းကြည့်မိတော့ ဘုရားရေ ၄ နာရီတောင် ထိုးတော့မည်ပဲ။ ထိုအခါကျမှ ကျွန်မတစ်ညလုံးမအိပ်ဘဲ အတွေးများနှင့် (မောဟ များနှင့်) အချိန်ဖြုန်းနေခဲ့တာကို သတိထားမိသွားသည်။ တကယ် တကယ် ထိုတွေးခဲ့သောအချိန်များကို ကျွန်မ တရားရူမှတ်နေနိုင်မလား မေးမိသည်။ ဟင့်အင်း…လုပ်နိုင်မည် မထင်ပါ။ အော်….ဒါကြောင့်လည်း မြတ်စွာဘုရားရှင်က စိတ်သည် မကောင်းမှု၌ မွေ့ လျော်တတ်၏ လို့ ဟော တော်မူခဲ့တာကိုး။ လူတို့ ၏စိတ်ကို ထိုးထွင်းသိမြင်တော်မူသော ဘုရားရှင်အား စိတ်မှရည်စူး မော်ဖူးမိလိုက် သည်။ တစ်လောကလုံး ဖြစ်ပျက်နေသမျှသည် နာမ်နှင့်ရုပ်မျှသာ ဖြစ်သည်ကို သေချာစွာဟောထားပါလျက် ဒုက္ခတွေ သုခတွေက ငါကျမှဖြစ်နေသလိုလို၊ ငါတစ်ယောက်ထဲပဲဖြစ်နေသလိုလို ခံစားကာ ငါစွက်ပြီး အချိန် တွေဖြုန်းမိနေတာပါလား။ သိသာသိပြီး သိထားတာကို လက်တွေ့ နားလည်အောင် အားမထုတ်မကျင့်ကြံသော မိမိကိုယ်ကို အပြစ်တင်မိသည်။ ဇာတိရလာရင် ဒုက္ခတွေက မတောင်းဆိုလည်း သေချာပေါက်ရောက်လာမှာ အမှန်ပဲလေ။ ပြီးသွားခဲ့တဲ့ အတိတ်ကံကြောင့် ဒုက္ခတုံးဇာတိကြီးကိုပြန်ရပြီဆိုတော့ နောက်ထပ်သာ ဘ၀အသစ်မရအောင် အားထုတ်ဖို့ လို တော့တာပေါ့။ ခုမှ ကျွန်မဘ၀အတွက် ဘာက အရေးကြီးဆုံးလဲဆိုတာကို သဘောပေါက်သွားမိသည်။ ပြီးတော့ လိုချင်တာရလိုက်တဲ့ကလေးတစ်ယောက်လိုမျိုး နှစ်နှစ်ခြိုက်ခြိုက်ပြုံးရယ်လိုက်မိသည်။ မနက်ကျလျှင် ကျွန်မ ဆွမ်းကိစ္စ စီစဉ်ရဦးမည်။ မေမေတွက် မနက်စာစီစဉ်ပေးရမည်။ အိမ်သန့် ရှင်းရေး လုပ်ရဦးမည်။ ၉ နာရီထိုးလျှင် စာသင်ရဦးမည်။ time table ဆွဲထားသလို နာရီတိုင်း အလုပ်လုပ်ရဦးမည်။ စက်ရုပ်ဆန်သော လူသားဘ၀ကို ကျွန်မ လုပ်ချင်ချင် မလုပ်ချင်ချင် ကျွန်မဖြတ်သန်းရဦးမည်ပေါ့။ ဒါပေမဲ့လည်းလေ .…….. ကျွန်မရေးဖူးတဲ့ ကဗျာတစ်ပိုင်းတစ်စတွေကို သွားသတိရမိလိုက်ပါတယ်။ အားတင်းရင်းနဲ့ အားတင်းရင်းနဲ့ ပေါ့။ ကျွန်မအားတင်းရင်း ကြိုးစားပြီး ထပ်မံပြုံးလိုက်မိတယ်။ ပြီးတော့ ကြမ်းပြင်ပေါ်ခင်းထားတဲ့ မွေ့ ယာ ပေါ်တက်ထိုင်လိုက်ရင်း သတိနဲ့ ခန္ဓာကြီးကို စောင့်ကြည့်ဖို့ ပြင်လိုက်ပါတော့တယ်။………. ဘ၀ဆိုတာ ရပြီးရင် ရင်ဆိုင်ဖို့ ပဲရှိတော့တာလေ။
 ဧပရယ်ဆွေဆွေ

Posted by Anonymous on
0 comments
categories: | | edit post


ကမ္ဘာ့ လူဦးရေ သန်း ၇၀၀၀ ကျော်တွင် သန်း ၉၀၀ နီးပါးသည် မျက်မှောက်ခေတ် အမျိုးသမီးငယ်လေးများဖြစ် ပြီး ကမ္ဘာ့ မိသားစုအနာဂတ်ဘ၀အတွက် ဖန်တီးရှင်များလည်းဖြစ်ကြပါသည်။ ဤမျိုးဆက်သည် အဖိုးတန် ရတနာလေးများပင်ဖြစ်သည်။ ကမ္ဘာ့ နိုင်ငံများတွင် အသက် ၂၀ မှ ၂၄ နှစ်ကြား အမျိုးသမီး ၆၄ သန်းသည် အသက် ၁၈ နှစ်မတိုင်မီ လက်ထပ်ထိမ်းမြားခဲ့ကြပြီး၊ အမျိုးသမီး ၁၄ သန်းသည် အသက် ၁၅ နှစ်မှ ၁၉ နှစ်ကြား မီးဖွားနေကြကြောင်း၊ UNICEF ကထုတ်ပြန်သော ၂၀၀၉ ခုနှစ် ကမ္ဘာ့ ကလေးသူငယ်များ၏ အခြေအနေအထူးထုတ်စာစောင်တွင် ဆိုထားသည်။ သမိုင်းတစ်လျှောက် အမျိုးသမီးများသည် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ လူမူရေးစသည့် ကဏ္ဍများစွာတို့ တွင် အခွင့်အရေးမရသည့်အပြင် အချို့ နေရာများတွင်နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုများရင်ဆိုင် ခဲ့ကြရသည်။ ၁၉၄၅ ခုနှစ် ကုလသမဂ္ဂပဋိညာဉ်စာတမ်းနှင့် ၁၉၄၈ ခုနှစ် လူ့ အခွင့်အရေးကြေညာစာတမ်းတို့  တွင် အမျိုးသမီးတို့ သည် အမျိုးသားများနှင့် တန်းတူညီတူဖြစ်သည်ဟု ချမှတ်ခဲ့သည်။ မည်သို့ပင်ဆိုစေ မြန်မာနိုင်ငံ၏ ရတနာလေးများမှာမှု အခြားနိုင်ငံများနှင့်မတူ တမူထူးခြားစွား ရှင်သန်ကြီးပြင်းကြရသည်။ မိဘဘိုးဘွားများ၏ အုပ်ထိန်းမှုအောက်တွင် သေတပန်သက်တဆုံး အေးချမ်းစွာ နေရသည်။၁၈နှစ်ပြည့်သော်လည်း ကလေးငယ်အဖြစ်သာရှုမြင်ခံရတုန်း။ ဗိုင်းကောင်းကျောက်ဖိ မိန်းမကောင်း လေးများကို မြန်မာနိုင်ငံတွင် ယခုတိုင်ရှာဖွေတွေ့ ရှိနိုင်ရခြင်းမှာ မြန်မာအမျိုးသမီးများအတွက် တန်ဖိုးတစ်ရပ် ဟုလည်းဆိုနိုင်သည်။ သို့ သော်လည်း မိဘဘိုးဘွားတို့ ၏ ဂရုစိုက်မှုသည် သူမ၏ အမူအကျင့်နှင့် ဓလေ့စရိုက်တို့ ကို အတားဆီးများမဖြစ်သင့်ပါ။ မိန်းကလေးများအဖို့ အမှားအယွင်းသည် ဓားတစ်စင်းနှင့်တူသည်။ ထို့ ကြောင့် အစစအရာရာ မိဘစကားနားထောင်သင့်သလို ကိုယ်ပိုင်ဥာဏ်ဖြင့်လည်း ဝေဖန်တတ်ဖို့ လိုပါလိမ့်မည်။ မိန်းကလေးတစ်ယောက်သည် မိမိခန္ဓာကြံ့ခိုင်ရန် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ဖို့  လိုသလိုပင် မိမိစိတ်ဓာတ်မြင့်မားစေရန်အတွက် ဆင်ခြင်တုံတရားနှင့် အသိဥာဏ်လည်းလိုပါသည်။ အနောက်နိုင်ငံများတွင် လူတစ်ဦးချင်းစီသည် သူတို့ အသိ သူတို့ ဥာဏ်ဖြင့်သာ သူတို့ ကိုယ်တိုင်ပြန် အုပ်ချုပ်သော အကျင့်ရှိသည်။ အရှေ့တိုင်းကတော့ မိသားစုအတွင်း စည်းကမ်း၊ အမိန့် နာခံမှုတို့ ဖြင့် နေထိုင် ရသောအလေ့ ရှိသည်။ နေရာဒေသ၊ လူမျိုးကွဲပြားမှုအရ မည်သို့ ပင်ဖြစ်စေကာမူ တူညီသောအချက်မှာ မိန်းကလေးများမှာ အမှားမခံခြင်းဖြစ်သည်။ မိမိဝတ်ဆင်လိုက်သော အ၀တ်အစား၊ မိမိပြုမူနေသော အမူအကျင့်၊ မိမိသုံးနှန်းလိုက်သော စကား တို့ သည် ထိုမိန်းကလေးများတွက် တန်ဖိုးများပင်ဖြစ်ပါသည်။ လူအများအထင်ကြီးဖို့ မလိုသော်လည်း လူအများ အထင်မသေးဖို့ လိုအပ်ပါသည်။ချီးမွမ်းကဲ့ရဲ့ သည် လူတို့ သက်တမ်းတွင် မရှည်ကြာနိုင်သော်လည်း မြန်မာမလေးများအတွက် အရှက်သည် အသက်ထက်ပင် တန်ဖိုးရှိပါသည်။ ခေတ်ကာလနှင့်အညီလျော်ညီအောင် ၀တ်ဆင်နိုင်ပါသည်။သို့ သော် လုံခြုံမှုဖြင့်အလှကို တန်ဖိုးမြှင့်ရန် လိုသေးသည်။ ခေတ်ကာလနှင့် ကိုက်ညီအောင် သွားလာနိုင်ပါသည်။ သို့ သော် အများအမြင် တင့်တယ်ဖို့ ရန် သတိထားကြရဦးမည်။ အမြင်သည် လူကိုသင်သလို အပေါင်းအသင်းသည်လည်း လူကိုပြင်ပါသည်။ ကောင်းသော အသင်နှင့် ကောင်းသောအပြင်ဖြစ်ဖို့ သာ အရေးကြီးသည်။ မရှိလျှင် ရှာဖွေရနိုင်သည်။ မသိလျှင် သင်ယူနိုင်သည်။ သို့ သော် မိမိရှာဖွေ သင်ယူလိုက်သောအရာများသည် မြန်မာမိန်းကလေးတို့ ၏ အမူအကျင့်များ၊ ဓလေ့ထုံးစံ များနှင့် သွေဖည် မနေသင့်ပေ။ လူတစ်ယောက်ဘ၀သည် ထိုလူ၏ အတွေးအခေါ်ဖြစ်သည်ဆိုလျှင် မြန်မာမလေးများ အတွေးအခေါ် ကောင်းအောင် စာဖတ်ဖို့ လည်းလိုပါလိမ့်မည်။ လိုတာတွေများလှချည်းလား ဟုမေးစရာရှိလာမည်။ ဟုတ်ပါ သည်။ မိန်းကလေးများအတွက် လိုအပ်တာများစွာရှိပါသည်။ အနေအထိုင်နှင့် အ၀တ်အစားသည် ထိုမိန်းက လေး၏ တန်ဖိုးဆိုလျှင် ဥာဏ်ပညာသည် ထိုမိန်းကလေး၏ အရည်အချင်းဖြစ်ပါလိမ့်မည်။ ရုပ်ရည်လှပခြင်း သည် အရေပြားဆုံးလျှင်ပြစရာမရှိတော့ပေ။ ဥာဏ်ပညာဖြင့်လှပခြင်းသည်သာ အတင့်တယ်ဆုံးဟု စာရေးသူ ထင်မြင်မိပါသည်။ ဇူလိုင် ၃ ရက်သည် မြန်မာအမျိုးသမီးလေးများအတွက် သီခြားသတ်မှတ်ပေးထားသော မြန်မာ အမျိုးသမီးများနေ့ ဖြစ်သည်။ ခေတ်မီဖွ့ံဖြိုးပြီး စည်းကမ်းပြည့်ဝသော ဒီမိုကရေစီတည်ဆောက်ရေး အစတွင် အမျိုးသမီးတို့ ၏ လုပ်အားသည်လည်း အမှန်တကယ်လိုအပ်လှပါသည်။ လူ့ သမိုင်း၏ အကြီးမားဆုံး စွမ်းအား ရှင်များသည် ပညာပြည့်ဝကာ နှလုံးလှသောသူများဖြစ်ပါစေကြောင်း ဆုတောင်းရပါသည်။
 ဧပရယ်ဆွေဆွေ

Posted by Anonymous on
0 comments
categories: | | edit post


ဇူလှိုင် ၂၀ ရက်နေ့ က အမေရိကန်နိုင်ငံ ကောလိုရာဒိုပြည်နယ်၊ အော်ရိုရာမြို့ ရှိ Century 16 ရုပ်ရှင်ရုံတွင် ပစ်ခတ်မှုဖြစ် ပွားခဲ့သည်။ ဖြစ်ရပ်ကြောင့် သေဆုံးသူ ၁၂ ဦးနှင့် ဒဏ်ရာရရှိသူ ၅၈ ဦးရှိခဲ့သည်။ ကျူးလွန်သောသူမှာ အသက် ၂၄ နှစ် အရွယ် ပါရဂူတန်းတက်နေသော ကျောင်းသားလေးပါ။ သူက သူ့ ကိုယ်သူ The Joker ဖြစ်တယ်လို့ ဆိုပါသည်။ ( The Joker ဆိုသည်မှာ Batman; ရုပ်ရှင်ကား The Dark Knight Rises ) မှ ဗီလိန်ဇာတ်ကောင်ရဲ့ နာမည်ပါ။ ရုပ်ရှင်ထဲက ဗီလိန်ဇာတ်ကောင်ကို စွဲလမ်းကာပြင်ပလောကကို လက်တွေ့ ဖျက်ဆီးကြည့်ခဲ့ခြင်းပါ။ ပါရဂူတန်းတက်နေတယ်လို့ ဆို သော ထိုကျောင်းသား၏ အသိဥာဏ်ကို ကျွန်မတော်တော်လေး အံ့သြခဲ့မိပါသည်။ အခင်းဖြစ်ပွားချိန်က ထိုရုပ်ရှင်ရုံမှာ ဤ The Dark Knight Rises ဇာတ်ကားကို ကိုပြသနေချိန်ဖြစ်သည်။ အနုပညာ၏ သက်ရောက်မှုက အင်မတန်မှ ကိုကြောက်စရာကောင်းနေခဲ့ပါသည်။ ထိုကားဟာ သီတင်းတစ်ပတ်အတွင်းမှာ ၀င်ငွေ အမေရိကန်ဒေါ်လာ ၁၅၈.၄ သန်း ရရှိခဲ့သည်။ ၀င်ငွေနှင့် အကျိုးသက်ရောက်မှုကလည်း လူငယ်များကြားတွင်ပျံ့ နှံ့ ခဲ့ပါသည်။ ထိုကားနှင့်အပြိုင် ၀င်ငွေ ၁၅၅ သန်း ရသော မြောက်အမေရိကနှင့် ဥရောပနိုင်ငံများ၏ ဟောလိဝုဒ်သမိုင်းတွင် သီတင်းတစ်ပတ်အတွင်း တတိယမြောက် ၀င်ငွေစံချိန်တင်ခဲ့သော ဇာတ်ကားသည်လည်း The Hunger Games ဟူသောဇာတ်ကားဖြစ်သည်။ ရန်ငြိုးမရှိသော လူအချင်းချင်း၊ သတ်ဖြတ်မှုကို ဂိမ်းအဖြစ် လူသားတို့ ကိုစေခိုင်းသည့် ဇာတ်လမ်းဖြစ်သည်။ ထိုကားများသည် ကမ္ဘာတွင် ၀င်ငွေအကောင်းဆုံးဖြစ်နေကြသည်။ လူကြိုက်အများဆုံးဖြစ်နေကြ သည်။ ဘာကြောင့်လဲ….။ ဂိမ်းကစားရင်း ဂိမ်းတွင်းကဇာတ်ကွက်အတိုင်း ပြစ်မှုကျူးလွန်နေမူများ ကမ္ဘာတလွှားတွင် မကြာခဏ ဆိုသလို ဖြစ်ပေါ်နေပါသည်။ ဂိမ်းထဲကအတိုင်း လူသတ်နေသူတစ်ဦးကို ရဲက ဂိမ်းကစားကွက်အတိုင်း တစ်ကွက်ကြောကာ ဖမ်း ဆီးခဲ့ရသော ဇာတ်ကားတစ်ကားလည်း ကျွန်မကြည့်ဖူးသည်။ နှစ်ခြိုက်စွာ ကစားမှု၏အဆုံးမှာ လက်တွေ့ ကွင်းဆင်းလာကြခြင်းဖြစ်ပေလိမ့်မည်။ ဂိမ်းထဲတွင် စိတ်ရောက်ကာ ပတ်ဝန်းကျင်ကိုလည်း သတိမမူမိဘဲ ပါးစပ်မှ အသံပေါင်းစုံမြည်တမ်းကာ ကိုယ်ရော စိတ်ပါပျောက်နေသည့် ဂိမ်းကစား သူလူငယ်များကို အင်တာနက်ဆိုင်များတွင်တွေ့ နေရသည်။ တခါကများဆို စိတ်ဝင်စား၍ ခြေပါ ပါသွားကာ အောက်က CPU ပုံးကို ခြေထောက်နှင့်ကန်ချခဲ့သူကိုလည်း ကျွန်မမြင်ဖူးသည်။ ကျွန်မ ကွန်ပျူတာစသင်ခါစက ဂိမ်းမကစားပါ။ အချိန်ကုန်သည်၊ မျက်လုံးပျက်သည် စသည်ဖြင့် လုံးဝကို မကစားခဲ့ပါ။ ခုတလောတွင် ကျွန်မ ပျင်းပျင်းရှိသည်နှင့် angry birds ကစားမိပါသည်။ လောက်လေးခွ (အညာကတော့ အဲလိုခေါ်သည်) ကို ငှက်ကလေးထည့်ဆွဲကာ လိုရာပစ်မှတ်ကို ပစ်ချိန်မှာ ကျွန်မ၏ ခန္ဓာကိုယ်ကော ခေါင်းပါလိုက် စောင်းမိသည်။ မရလျှင် မရ ရအောင်ကစားသည်။ ထမင်းစားချိန် မေ့ လာသည်။ ကွန်ပျူတာအသုံးများကာ မျက်စိကိုက် လာသည်။ ညဘက်များဆို ငှက်ကလေးများကိုပါ အိပ်မက်ပင် မက်လာပါသည်။ ဂိမ်းတစ်ခု၏ အကျိုးသက်ရောက်မှုကို ကျွန်မခံစားမိခြင်းဖြစ်သည်။ သို့ သော် ထိုအကျိုးမှာ ကောင်းကျိုး မဟုတ်ခဲ့သည်ကို ကျွန်မသိမြင်ခဲ့သည်။ အထက်ပါသတင်းကိုဖတ်ရချိန်မှာ ကျွန်မဆရာပြောဖူးတာကို သွားသတိရသည်။ ကျွန်မ၏ဆရာသည် အတန်း ပညာထိရောက်အောင် မသင်ကြားခဲ့ရသော်လည်း ယခုအခါ ဂျပန်နှင့် အင်္ဂလိပ်စာကို ယခုအခါသင်တန်းများပေးကာ ဂျပန် INGO တစ်ခု၏ မြန်မာနိုင်ငံတွက် ခေါင်းဆောင်တစ်ဦးအဖြစ်ဆောင်ရွက်နေသူဖြစ်နေသည်။ ဆရာသည် ငယ်စဉ်က စာဖတ်အားကောင်းသူတစ်ဦးဖြစ်သည်။ သို့ သော် ကျောင်းစာ၊ အတတ်ပညာစာ၊ အသိပညာစာများမဟုတ်။ ထိုအချိန်က သူဖတ်ခဲ့သော ၀တ္ထုထဲက ဇာတ်လိုက်များအတိုင်း အတုယူကာ ပြုမူသည်။ ၀တ်စားသည်။ သွားတာ လာတာ စားတာကအစ ထိုအတိုင်း ပြုမူကာ ပေတေခဲ့သည်။ မုန့် ပျားသလက်ရောင်းကာ ကျောင်းထားခဲ့သော အမေ၏ မေတ္တာကိုကော စေတနာကိုပါ ဇာတ်ကောင်ပါ ပြောစကားတိုင်း ပြောဆိုစော်ကားခဲ့ဖူးသည်။ လက်တွေ့ ဘ၀ကိုမေ့ လျော့ ကာ ပညာရေးကို လျစ်လျူရှုခဲ့ဖူးသည်။ သို့ သော်ထိုသို့ လေလွင့်နေခဲ့သူ ဆရာကို စာတစ်ပုဒ်က ပြန်လည် ပြင်ဆင်ပေးခဲ့ပါသည်။ ထိုစာကတော့ ဆရာဇော်ဂျီရဲ့ (ဗေဒါလမ်း) ကဗျာလေးပါ။ ဘဲအုပ်တွေ တစ်ရာနှစ်ရာနဲ့ လှိုင်းကြမ်းလေကြမ်းတွေ ဘယ်လိုပဲကြမ်းကြမ်း ဗေဒါပင်လေးဟာ အခက်အခဲတွေကြားက သူရဲ့ လမ်းကို သူရောက်အောင် ဆက်သွားနေခဲ့တဲ့ ဗေဒါပင်လေးကို သူအတုယူခဲ့တာပါ။ ဆရာဖွင့်ခဲ့တဲ့ စာကြည့်တိုက်ကိုတောင် ဆရာက ဗေဒါလမ်းစာကြည့်တိုက်လို့ ပေး ခဲ့ပါတယ်။ အဲဒီဗေဒါလမ်းကနေ ဖူးပွင့်ခဲ့တဲ့ပန်းကလေးတွေဟာ ခုဆိုရင် နိုင်ငံတကာမှာ အနှံ့ အပြားရောက်ရှိ ရှင်သန် နေကြပါပြီ။ ဒါဟာ ဗေဒါလမ်းကဗျာလေးရဲ့ အကျိုးသက်ရောက်မှုပါ၊ ကောင်းကျိုးပေါ့။ ဆိုလိုချင်တာက အနုပညာ (စာပေ၊ ဂီတ၊ ရုပ်ရှင် ) အားလုံးကို ခံစားရာမှာ အသိဥာဏ်ယှဉ်တွဲစေချင်တာပါ။ စာအုပ်ထဲက ရေးသားချက်တိုင်းဟာ အမှန်မဟုတ်နိုင်တာမို့  စာရေးဆရာတိုင်းရဲ့ အယူအဆတိုင်းဟာလည်း အမှန်ဟုတ် မဟုတ် စာပေါ်မှစီးပြီးခွဲခြမ်းနိုင်စွမ်းရှိစေချင်သည်။ ကိုယ်ပေးလိုက်သော စာဖတ်ချိန် (ဥပမာ ၁ နာရီ)နှုင့် တန်သော အသိပညာ ရမရ ပြန်လည်သုံးသပ်စေလိုသည်။ စာတော့အချိန်ပေးဖတ်ရပြီး ထိုပေးသောအချိန်နှင့် တန်သော အသိဥာဏ်တစ်ခုခု မရခဲ့ဖူးဆိုလျှင် ကျွန်မတို့ အချိန်ကော ငွေပါ ဖြုန်းမိနေပြီဟု သတိထားမိသင့်သည်။ ထိုသို့ ပင် ရုပ်ရှင်မင်းသမီးဝတ်ဆင်တာကို ကျွန်မတို့ အပြင်မှာ လိုက်ဝတ်ရင်……………………….. ကျွန်မတို့ က မင်းသမီးမှမဟုတ်တာပဲ။ အတုယူသင့်တာကို ယူတတ်ဖို့ လိုပါသည်။ ခက်တာက အသိဥာဏ်မရင့်သေးသော ကလေးငယ်များအတွက်ပါ။ အမြင်ကို သင်၊ အကြားကို သင်ကာ မိဘ ကို ပြန်ပြောတတ်လာသော ကလေးများ၊ အလယ်တန်းအဆင့်လောက်မှာပင် အလှအပကို စိတ်ဝင်စားလာသော ကလေးများ၊ ကိုးရီးယားကားများကြည့်ကာ သောက်စားလာကြသော မိန်းမပျိုလေးများ၊ မိန်းမနောက်ပိုးလုပ်ကာ ယောကျာင်္းလေးကို ရည်းစားစကားစပြောသော ဗွီဒီယိုပြကွက်များ၊ မြန်မာယဉ်ကျေးမှုနှင့် အမြင်မတင့်သော အ၀တ်စား များဝတ်လာကြသော ၀တ်စားဆင်ယင်မှုများ ………ဒါဟာ မှားယွင်းသော အတုယူမှုတွေပါလို့  သူတို့ သိဖို့လိုအပ်နေ သည်။ ထို့ ကြောင့် ဤနေရာတွင် အုပ်ထိန်းသူ၊ မိဘ၊ ဆရာသမားတို့ က လမ်းမှန်ပြ အကူအညီပေးရမည်။ ထိုအတူ သက်ဆိုင်ရာ အနုပညာဖန်တီးသူများအနေဖြင့်လည်း မိမိတို့ ၏ ဇာတ်ကောင်၊ ဇာတ်လမ်း၊ အနုပညာ ဖန်တီးမှုများအားလုံးကို မချပြမီ ပြန်လည်သုံးသပ်သင့်ပါသည်။ မိမိ၏ဖန်တီးမှုသည် အဆိပ်မဖြစ်ဖို့ လိုသလို ခံစားသူ များသည်လည်း နှလုံးသားနှင့်သာမက ဦးနှောက်ဖြင့်ပါ ခံစားတတ်ကြပါစေလို့ ဆုတောင်းမိပါသည်။
 ဧပရယ်ဆွေဆွေ

Posted by Anonymous on
0 comments
categories: | | edit post

BMI


BMI ဆိုသည်မှာ ( Body Mass Index) ခန္ဓာကိုယ်၏ ဒြပ်ထုညွှန်းကိန်းဖြစ်သည်။ BMI တွက်ချက်ခြင်းက လွယ်ကူပါသည်။ မိမိ၏ကိုယ်အလေးချိန်ကို Kg နဲ့ ချိန်ပါ။ မိမိ၏အရပ်ကို m နဲ့ တိုင်းပါ။ ထိုသို့ တိုင်းတာပြီးလျှင်ရလာသော ကိုယ်အလေးချိန်ကို အရပ်အမောင်း၏ နှစ်ထပ်ကိန်းနှင့်စားပါ။ ရလဒ်သည် BMI ဖြစ်သည်။ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ ကြီး၏ သတ်မှတ်ချက်က BMI ၁၈.၅ ထက်နည်းလျှင် ပိန်သည်။ ၁၈.၅ မှ ၂၄.၅ ဆိုလျှင် ပုံမှန်ဖြစ်သည်။ ၂၅.၀ မှ ၂၉.၉ ဆိုလျှင် ၀ချင်နေပြီ။ ၃၀.၀ မှ ၃၄.၉ ထိရောက်လျှင် ၀ဖြိုးမှုအဆင့် (၁) ၃၅.၀ မှ ၃၉.၉ ဆိုလျှင်ဖြင့် ၀ဖြိုးမှုအဆင့် (၂) ၄၀ သို့ မဟုတ် ၄၀ ကျော်သည် ၀ဖြိုးမှု အဆင့် (၃) ဟုဆိုထားသည်။ ဘာကြောင့် BMI တိုင်းသင့်တာလဲ။ ကျွန်မတို့ မြန်မာတွေက ကာကွယ်ခြင်းထက် ဖြစ်မှသာ ကုသတတ်တာမို့  အရာရာနောက်ကျတတ်ပါသည်။ ကျန်းမာရေးနှင့်ပက်သက်လျှင် ကြိုတင်ပြင်ဆင်ထားခြင်းက အကောင်းဆုံးဖြစ်ပါ သည်။ အထူးသဖြင့် အ၀လွန်ခြင်းမဖြစ်ရန်နှင့် ကျန်းမာရေးအသိလေးရှိရန် ရည်ရွယ်ခြင်းမျှသာဖြစ်ပါသည်။ စင်စစ် BMI တစ်မှတ်တက်တိုင်း ဆီးချိုဖြစ်ဖို့  ၁၀% နှလုံးရောဂါဖြစ်ဖို့ ၁၂ % ဖြစ်လာတာနဲ့ အတူတူပါပဲ။ စဉ်းစားကြည့်ရင် ကြောက်စရာကောင်းပါသည်။ ဒါကြောင့် ကိုယ့်ရဲ့ ကိုယ်အလေးချိန်ကို မိမိဘာသာတွက်ချက် ထိန်းသိမ်းနိုင်ဖို့ လိုအပ်ပါသည်။ BMI ၂၆ သို့ ရောက်လာလျှင် သွေးတိုးရောဂါအန္တရာယ် ၂ ဆ ၂၈ သို့ ရောက်လျှင် ၃ ဆ ၂၉ သို့ ရောက်လျှင် ၄ ဆ ၃၀ ရောက်လျှင် ၅ ဆထိမြင့်မားလာပြီဖြစ်သည်။ အ၀လွန်ရောဂါသည် ကုသရန်အခက်ခဲဆုံးရောဂါဟုဆိုပါသည်။ ၀နေသူတစ်ဦး၏ ကိုယ်အလေးချိန်ကို ကျ သွားအောင် ပြုလုပ်ရခြင်းသည်ခက်သကဲ့သို့ ပင် ကိုယ်အလေးချိန်ကျသွားပြီး ပြန်မတက်အောင် ဆက်၍ထိန်းထားရ ခြင်းကလည်း အဆများစွာ ပို၍ခက်ပါသည်။ အရွယ်ရောက်ပြီးသူ အမျိုးသားတစ်ယောက်တွင်ရှိသင့်သည့် အဆီပြင် ပမာဏမှာ ခန္ဓာကိုယ်တစ်ခုလုံး၏ အလေးချိန်၏ ၁၂% မှ ၂၀% ထိသာဖြစ်ပြီး အရွယ်ရောက်ပြီးသူ အမျိုးသမီးတစ် ယောက်တွင်ရှိသင့်သည့် အဆီပြင်ပမာဏမှာ ခန္ဓာကိုယ်တစ်ခုလုံး၏အလေးချိန်၏ ၂၀ % မှ ၃၀% ထိဖြစ်သည်။ လတ်တလော မိမိဝ မ၀သိချင်လျှင် မိမိ၏ခါးလုံးပတ်တိုင်းကြည့်ပါ။ အာရှတိုက်သား အမျိုးသားများသည် ၃၅ လက္မခွဲခန့် နှင့် အမျိုးသမီးများသည် ၃၁ လက္မခွဲခန့် သာ အများဆုံးရှိသင့်သည်ဟုဆိုပါသည်။ အကယ်၍ BMI တွက်ဖို့ အခက်ခဲရှိလျှင် မိမိ၏အရပ်နှင့် ကိုယ်အလေးချိန်ကို ဖော်ပြ၍ မေးမြန်းနိုင်ပါသည်။
 ဧပရယ်ဆွေဆွေ

Posted by Anonymous on
0 comments
categories: | | edit post


ရထားသံက အိပ်ရာမှမထသေး။ တဒင်္ဂအတွင်း ဆူညံအသက်သွင်းနိုင်တဲ့ ဘူတာလေးကလည်း ခုချိန်ထိ အိပ်မောကျလို့  ကောင်းနေတုံး။ ထိုင်စောင့်နေရတာကြာလာ၍ တောင့်တင်းလာသော ခါးကြောများ လျော့ ရန်အလို့ ငှာ လမ်းထလျှောက်မိပြီး အပြင်ကိုကြည့်မိပြန်တော့ ထင်းရှုးပင်ရှည်ရှည်သွယ်သွယ်ကြီးများနှင့် သူ့ နောက်ကြောမှာ သိပ်မဝေးရဖူးလို့ ထင်တဲ့ တောင်တန်း ကြီးများက အရိပ်မည်းကြီးတွေလို ငြိမ်သက်စွာ။ ရထားလမ်းရဲ့ တစ်ဖက်မှာတော့ ၀န်ထမ်းအိမ်ယာဖြစ်ဟန်တူသော လိုင်းတန်း ကလေးတွေမှာ လှမ်းထားတဲ့အ၀တ်တွေက လေတလွင့်လွင့်။ ဤမျှငြိမ်သက်လှသော ကမ္ဘာမြေပြင်ရဲ့ အလှကို ကျွန်မ အားရပါးရ ငေးမိသည်။ အပြစ်ကင်းသော မြူနှင်းများက ဝေ့၀ဲလျက် ပတ်ဝန်းကျင်ကို အေးမြမှုပေးသည်။ မရည်ရွယ်ပေမဲ့ လှုပ်ရှားနေမိသော ကျွန်မရှုးဖိနပ်များကတော့ ရထားသံလမ်းကို မထိတထိနဲ့ ကန် ကန်နေမိသည်။ ဘူတာလေးကတော့ နောက်ရထားတစ်စင်း မလာမီချိန်ထိ သည်လိုပဲ နားနေတော့မည်ထင့်။ နောက်ပြန်လှည့်ကြည့်မိတော့ ကလောဘူတာဆိုသော စာလုံးကြီးက ကျွန်မ မျက်လုံးထဲမှာတော့ ဒဏ္ဍာရီဆန်သော စာလုံးများနှင့်တူနေသည်။ အသက်ကြီးလှပြီဖြစ်သော နားနေဆောင်နှင့် စင်္ကြလမ်းလေး သည် လူပေါင်းများစွာ၏ ခြေနင်းခြင်းကို ခံခဲ့ရပြီးပြီ။ သို့ သော်သူကတော့ လူသားအားလုံးကို ညီတူညီမျှ ကရုဏာအထားမပျက်။ ရထားသံလမ်းဘေးတစ်လျှောက်တွင်လည်း လူတွေနားနေထိုင်နိုင်သော အမိုးလေးနှင့် ခုံလေးတွေလုပ်ထားသည်။ ခုံလေးတွေရဲ့ နောက်မှာတော့ စုံလင်လှသော ကျော်အောင်ညာထားသောကြော်ငြာဘုတ်ကြီးများမှာ ထုတ်ကုန်ထက် လူပုံက သာပိုကြီးနေလေသည်။ တခါတလေ ဘာကြော်ငြာထားမှန်းမသိအောင်ပင် မင်းသမီးလေးများကလည်း အလှပြတတ်ကြပါ ပေသည်။ သူတို့ ရှေ့ ကခုံတန်းလေးများတွင် တော့ collection pen ဖြင့်ရေးထားသော စာလုံးများက နေရာယူနေကြသည်။ ထိုခုံများပေါ်တွင် ထိုင်နေသူတစ်ချို့ ကမူ ကိုယ်ပိုင်ထိုင်ခုံတွင် ထိုင်နေသလိုလို ခြေဆင်းအိပ်သူအိပ်ဖြင့် ဘူတာအလှကို ဖျက် နေသည်။ သမံသလင်းပေါ်ထိုင်ချကာ ထိုင်ခုံကို ခေါင်းမှီပြီး ဗန်ကလေးနှင့်ဈေးသည်ကလေးလေး ငိုက်နေသည်ကလည်း ရှေ့ ကို ပင်ထိုးကြတော့မည့်ဟန်။ သူ့ ကိုကြည့်ကာ ကျွန်မပြုံးမိသည်။ သူလည်း ဘ၀တိုက်ပွဲမစခင် အားယူနေသည်ပဲလေ။ အိမ်မက် လှလှမက်ပါစေ ကလေးလေးရေ…..။ ဘောင်းဘီအိတ်ကပ်ထဲလက်ထည့်ထားတဲ့အထိတောင် အအေးဓာတ်သယ်လာတဲ့ လေကလေးကို ကျွန်မအားရပါးရ ရှုရှိုက်လိုက်သည်။ မနက်စောစောပိုင်း လေ ဖြစ်သဖြင့် လူနံ့ ၊ ဖုန်နံ့ ၊ ဆီနံ့  ဘာဆိုဘာမှမပါ။ ဘူတာလေးကို ကျွန်မ ဘေးဘက်မှ ပတ်ကြည့်မိသည်။ ဟောင်းနွမ်းသည်လည်းမဆိုသာ။ လူတွေရဲ့ လိုရာခရီးကို တတ်နိုင်သမျှ ဖြည့်ပေးနေသည့် သူ့ နေရာကလည်း အံ့စရာ။ ဘူတာလေးနဲ့ သိပ်မဝေးတဲ့နောက်မှာတော့ ကလောမြို့ ကလေးကိုဝင်တဲ့ တံခါးလေး။ ပြီးတော့ ကလောမြို့ သို့ ဝင်ရာ လမ်းရှင်းရှင်းကလေး။ အရာရာကို နှစ်သက်စွာ ငေးမောမိသည်။ သူ့ ရဲ့ အရှေ့  ဘက်တောင်မို့ မို့ လေးဆီကိုလှမ်းကြည့် လိုက်သောအခါ ကလောဟိုတယ်လေးကလည်း အိပ်လို့ ကောင်းတုန်းပေါ့။ အုတ်ကျွတ်နီနီကလေးများမိုးထားသော ကလောကအိမ်လေးများသည် ကျွန်မတို့ အညာက အိမ်တွေနှင့် ကွာခြားလှ သည်။ အိမ်တိုင်းတွင် စိမ်းစိုလှသော အပင်ကြီးများက အရိပ်ကောင်းလှသည်။ ၀န်းခြံအစား ပုဏ္ဍားရိပ်ပင်ကလေးများဖြင့်သာ အဆီးတားလုပ်ထားသော သူတို့ အိမ်ကလေးများက သာ၍ နှစ်သက်စရာကောင်းသည်ဟု ကျွန်မထင်သည်။ လုံခြုံမှု မရှိသော် လည်း ရိုးသားမှုကိုလှစ်ဟပြနေသည့် အကာအရံလေးများဟု တွေးမိသည်။ ထို့ နောက် ခြေလှမ်းများကိုသံလမ်းများဘက်ပြန်လှည့်ရင်း သံလမ်းပေါ် လမ်းလျှောက်ကြည့်ဖို့ စိတ်ကူးရသည်။ ခန္ဓာ ကိုယ်စည်းချက်ကို နိုင်အောင်ထိန်း၍ လျှောက်နိုင်လျှင် စိတ်ဝင်စားစရာကောင်းသော လမ်းလျှောက်မှုကို သင်ခံစားနိုင်မည် ဖြစ်သည်။ စိုးရိမ်စိတ်များလှသော ကျွန်မကတော့ ကောင်းစွာမကျွမ်းကျင်ပါ။ ဒါကြောင့် ကြာကြာမလျှောက်နိုင်ဘဲ သံလမ်းပေါ် ထိုင်ချလိုက်သည်။ ပြီးတော့ သံလမ်းပေါ်နားကပ်ကြည့်ရင်း ရထားခြေသံကြားမကြား နားထောင်ကြည့်သည်။ ရထားလာလျှင် သံလမ်းတုန်ခါသံ သဲ့သဲ့ကြားရတတ်သည်ဟု သူငယ်ချင်းက ပြောဖူးသည်။ ခုတော့ ဘာသံမှ မကြားရ။ ပြန်ထရင်း လက် နှစ်ဘက်မှ ဖုန်မှုန့် များကို ခါလိုက်သည်။ ရထားလမ်းတွေကြည့်လိုက်တော့ စိတ်ရှုပ်စရာကောင်းလောက်အောင်ကို ထပ်နေ သည်။ သည်လမ်းက ဘယ်ကိုသွားတဲ့လမ်းလဲ။ သည်လမ်းကကော ကျွန်မအိမ်ကိုသွားတဲ့လမ်းလား။ တစ်ခုနှင့်တစ်ခု ကြက်ခြေခတ်သွားလိုက်၊ ကွေးဆင်းသွားလိုက်နဲ့  ရှုပ်ထွေးလှသော ရထားလမ်းတိုင်းသည် လူသားတို့ ၏ ခရီးလမ်းများပင်။ ကျွန်မ ကျောပိုးအိတ်ထဲမှ ကင်မရာကို ထုတ်ကာ ရထားသံလမ်းများကို ရိုက်ယူလိုက်သည်။ ရထားလမ်းများကိုလိုက်ကြည့်ရင်း မျက်ဝန်းတဆုံးအရောက်တွင်တော့ အထမ်းသမားနှစ်ဦးကို မြူတွေကြားမှလှမ်းမြင် လိုက်ရသည်။ တစ်ဖက်လမ်းတွင်လည်း အကြော်ဆိုင် ကလေးဖွင့်ရန် ပြင်နေသည့် ဈေးသည်လေးကိုတွေ့ ရသည်။ သူတို့  ဘ၀ခရီးက ဤဘူတာလေးမှာ ရှင်သန်နေကြသည်လား။ မြို့ ပြလူမှုတွေကြားရှင်သန်ရခြင်းနှင့် သူတို့  ရှင်သန်ခြင်း ဘယ်ဟာက ပိုအေးချမ်းသလဲ။ ကျွန်မ မသိ။ ကျွန်မ မြင်ရသည်ကတော့ သူတို့ သည် ဘ၀ကို ပြုံးရွှင်စွာ အေးချမ်းစွာ ဖြတ်သန်းဖို့ ပြင် နေသည်ကိုပင်။ အမြန်ရထားကြီးတွေ ခဏရပ်ဆိုင်းပြီး တဝေါဝေါနဲ့ ဖြတ်သန်းသွားချိန်တိုင်း၊ ဥသြသံတွေ ဆူဆူညံညံနဲ့  အသက်ဝင်ပြီးတဲ့အခါတိုင်း သည်ဘူတာနဲ့  သည်ဈေးသည်လေးတွေအတွက် အစည်ကားဆုံး အသက်ဝင်ဆုံး အပျော်ရွှင်ဆုံးချိန် ပင်ဖြစ်လိမ့်မည်။ တဖြည်းဖြည်းကျွန်မနှင့်နီးလာသော အထမ်းသမားနှစ်ဦးကို ကြည့်မိသော ထောပတ်သီးများသယ်လာသည်ကို တွေ့ ရ သည်။ လတ်ဆတ်သော စားချင်စဖွယ် ထောပတ်သီးများကို အားရပါးရ ၀ယ်မိသည်။ သူတို့ မျက်နှာပြင်အရေးပြားများတွင် ဇရာ၏အရေးအကြောင်းများက ထင်ဟပ်နေသည်။ သို့ သော်ကား သူတို့ ၏မျက်ဝန်းများကမူ ပကတိဖြူစင်လွန်းလှသည်။ သူတို့ သည် သည်ဘ၀ပုံစံခွက်ကလေးထဲတွင် အမြဲ ပျော်ရွင်တတ်ကြသည်လား။ မီးငယ်…မီးငယ်ချင်းထပ်နေသည့် သူတို့  အခေါ်အဝေါ်နှင့် စကားသံဝဲ၀ဲကလေးများသည် ဖော်ရွေမှု ကိုလှစ်ဟနေသည်။ ပြုံးလိုက်တိုင်း သွားမပါသော သူတို့ မျက်နှာက လိုအပ်မှုများရှိနေသော်လည်း ပြီးပြည့်စုံနေသည်ဟု ကျွန်မထင်နေမိသည်။ ကျွန်မငေးမောခဲ့သော ဤဘူတာ ဤရှုခင်း ဤမြင်ကွင်းများက သူတို့ အတွက်တော့ မထူးဆန်းတော့။ ကျက်သရေရှိလှ သော မြို့ ကလေး၊ ချစ်စရာကောင်းလှသော ဘူတာလေးနှင့် ရိုးသားလှသော ဈေးသည်လေးများကတော့ သူတို့ သမိုင်းကို သူတို့  ရေးဖို့ အတွက် ဆက်လက်ရှင်သန်ကြဦးမည်သာ။ ဘ၀သံသရာများသည်လည်း ဤဘူတာလေးတွင် လည်နေကြမည် သာ။ နေမင်းရဲ့ အလင်းက ထွက်စပြုလာသည်။ တောင်တန်းကြီး၏ထိပ်ဆီမှ ထွက်လာသယောင်ထင်ရသော ထိုနေမင်း ကြီးသည် စောစောက ဘယ်မှာပုန်းခိုနေသည်မသိ။ ခုမှ ပုစွန်ဆီရောင်သမ်းသော ရောင်ခြည်တန်းများဖြင့် ထင်းရှုးပင်များထဲ အတင်း တိုးဝင်နေ၏။ ထိုအခိုက် ဆူဆူညံညံအသံပေး၍ ၀င်လာသောရထားကြီးက ကျွန်မအပြန်ခရီးကို ဆောင်ကြဉ်းပေးဖို့  ရောက်လာလေသည်။ ဘူတာလေးလည်း အိပ်ရာမှနိုးလေပြီ။ ခရီးဆုံးကို ရောက်သူများက ဆင်းကြသည်။ ခရီးသစ်ကို နှင်မည့် သူများက တက်ကြသည်။ အဆင်းနှင့် အတက် အလုအယက်နှင့် ဘူတာလေးသည် တဒင်္ဂမျှ ဆူညံသွားသည်။ ခဏလေးသာ ဆင်းပြီး ခဏလေးသာ တက်ရမည့် ဤခြေလှမ်းများအတွက် တစ်ချို့ က အလုအယက်နှင့်။ အိတ်တစ်လုံးသာပါသော ကျွန်မ အတွက်ကတော့ မကြာခင်အတွင်းမှာပဲ နေရာယူနိုင်ခဲ့ပါပြီ။ အ၀င်အထွက် ဥသြသံနှစ်ခုကလည်း ကျွန်မနားထဲတွင်တော့ တဆက်တည်းလိုလို။ ရထားကြီးက ကလောဘူတာလေးမှ ထွက်ဖို့ ပြင်နေပြီ။ ကျွန်မ ကမှန်းကတမ်း ရထားပြတင်းပေါက်မှ တဖန်ဘူတာလေးကို တ၀ကြည့်မိပြန်သည်။ ဒဏ္ဍာရီဆန်သည့် ကလောဘူတာဆိုသည့် စာသားကို နောက်တစ်ခေါက် ပြန် ဖတ်ရင်း ကလောမြို့ ရဲ့ မနက်စောစော ကောင်းကင်ကို ပြန်မော့ကြည့်လိုက်သည်။ အနာဂတ်တစ်ချို့ ကို ဖန်ဆင်းပေးလေသော၊ ဘ၀တစ်ချို့ ကို ပုံဖော်ပေးနေသော သည်ဘူတာလေးရဲ့ မနက် စောစော မြင်ကွင်းလေးကိုတော့ ကျွန်မ တသက်မေ့တော့မည်မထင်ပါ။ ရှုပ်ထွေးလှသော သံလမ်းများပေါ်တွင် ရထားကြီးက တဖြည်းဖြည်း ထွက်ခွာလေပြီ။ ဘူတာလေးကတော့ ဝေး၍… …ဝေး၍သာ………. ဧပရယ်ဆွေဆွေ ( ပထမဆုံးခရီးစဉ်အမှတ်တရ )

Posted by Anonymous on
0 comments
categories: | | edit post


အချစ်ဟာ ဘာလဲလို့ ချစ်ဖူးတဲ့သူတိုင်းသာ ပိုသိမှာပါ။ လူသားတိုင်းလည်း အချစ်လို့ ယူဆတဲ့ အရာများနှင့် တွေ့ ဆုံခဲ့ ဖူးကြမှာပါ။ အဲဒီအချစ်က အံ့သြစရာကောင်းလောက်အောင် တန်ခိုးသတ္တိနဲ့ လည်း ပြည့်စုံတယ်။ ချစ်ရင် အရာရာကို အလျော့  ပေးတတ်လာပြီး ချစ်လျှင် အရာရာကို စွန့် လွှတ်ရဲတတ်ပြန်တယ်။ တခါတလေ သူ့ ကိုသာ အလေးထားမိသောကြောင့် အရာရာ ကိုမေ့လျော့ ပေါ့ဆမိတတ်ပြန်ရော။ စိတ်ဆိုတာကလည်း ဂရုစိုက်ပါများလျှင် အစွဲဖြစ်တတ်တယ်လေ။ တစ်စုံတစ်ယောက်ကို ချစ်မိချိန်ဟာ မိမိ၏ ဆင်ခြင်တုံတရား အမှောင်ထဲသို့ ရောက်နေချိန်ဖြစ်ပါတယ်။ ချစ်နေချိန်မှာတော့သူ့ ကို လူညံ့လို့ ပြောပြော လူအလိုခေါ်ခေါ် သူအရှုံးနိမ့်ခံနေမှာပါပဲ။ မိမိအမှားကို မိမိကိုယ်တိုင်နားလည်လက်ခံပြီး မပြုပြင်နိုင်တဲ့အမှန်တရားကိုလည်း အချစ်က ဖန်တီးတတ်တာကိုး။ လက်လှမ်းမမီသည့်ပန်းအတွက် လိုအပ်လျှင် ပင်စည်ကိုလှဲပြစ်ရဲသည်အထိ မိုက်ရူးရဲ ဆန်မိတတ်တာကလည်း မိမိ အခြေအနေကို မိမိမသိဘဲ ဘ၀ကိုဖြတ်သန်းနေမိတဲ့ အချစ်ဆိုသော အရာနဲ့ ကြုံတွေ့ ချိန်မှာပေါ့။ သေချာတာတစ်ခုက အဲဒီ အချိန်မှာ သူ့ ဆီက ဘာအခွင့်အရေး အကျိုးအမြတ်မှ မလိုချင်ကြပါဖူး။ ချစ်နေရရုံ၊ ချစ်နေရရုံ လေးနဲ့ ပဲ ကျေနပ်နေတာပါ။ ကိုယ်ကချစ်တယ်ဆိုတာ ကိုယ့်ဘ၀တစ်ခုလုံးကို သူ့ ခြေရင်းမှာပုံအပ်ထားလိုက်တာနဲ့ တူပါတယ်။ ဒါဟာ မာနအားလုံးကိုခါချပြီး သူ့ ကို ကိုယ် ဘယ်လောက် တန်ဖိုးထားတာကိုပြသခြင်းပါ။ အဲဒီအတွက် မာနတွေလုံးဝမရှိတော့ဖူး။ သူသိချင်သိပါစေ။ မသိချင်လည်း နေပါစေ။ ဒါဟာ ချစ်ခြင်းက ပေးတဲ့အရာပါ။ ချစ်သူစိတ်ညစ်နေလား ချစ်သူ မျက်နှာပျက်နေလား …..…. ချစ်သူ …….လား။ လား…..ပေါင်းများစွာသော မေးခွန်းတွေက သူ့ မျက်နှာကိုကြည့်ရင်း …..….ကိုယ့်အသည်းတွေ ပဲ့ကြွေ သွားမလားထင်ရချိန်လေ။ အဲဒီအချိန်မှာ သူပျော်ရွှင်ဖို့ သာ ကိုယ့်အတွက်အရေးကြီးဆုံးဖြစ်ပြီး ကိုယ့်မှာဘာအပြစ်ရှိနေလဲလို့  ကိုယ့်ကိုပြန်စိစစ်တတ်ချိန်လည်းဖြစ်ပါတယ်။ နွေးထွေးလိုက်၊ အေးစက်လိုက်၊ စိတ်ပျက်လိုက်၊ ၀မ်းသာလိုက်နဲ့  အချစ်ကပေးတဲ့ ခံစားချက်တွေနောက် ကောက်ကောက်ပါအောင်လိုက်ရင်း ဘ၀ကိုစီးမျောနေခဲ့မိတယ်။ သေချာတာက အချစ်ကြောင့် လောင်မြိုက်ချင်လောင်မြိုက်သွားပါစေ အချစ်ကြောင့် နာကျင်သလောက် နာကျင်ခဲ့ပါစေ အချစ်ကြောင့် ပူလောင်ချင်သလောက် ပူလောင်ပါစေ ဒါတွေကို လက်ခံနိုင်ခဲ့ပြီဆိုရင် သင် တကယ်အချစ်စစ်နဲ့ သူ့ ကို ချစ်နေမိပြီဆိုတာ..ယုံလိုက်ပါတော့။ ဧပရယ်ဆွေဆွေ

Posted by Anonymous on
0 comments
categories: | | edit post


ကျွန်မငယ်ငယ်ကလေးကတည်းက အဖေရွာပြန်သည်ဆိုလျှင် လိုက်ချင်ခဲ့တာပါ။ သို့ သော် အဖေက ပေးမလိုက်။ အဖေ့ရွာအမည်က ၀က်လက်ဆိုသော ရွာကလေးပေါ့။ ၀မ်းတွင်းမြို့ နယ်အတွင်းမှာရှိပြီး သွားလာရေးခက်ခဲတာ ကြောင့် အဖေက ကျွန်မကို ဘယ်တော့မှ မခေါ်ပါ။ အရမ်းလိုက်ချင်သော ကျွန်မကို ခရီးသွားရတာ အရမ်းပင်ပန်းကြောင်း ပြောကာ အဖေက မလိုက်စေပါ။ ခုတော့ အဖေလည်းမရှိတော့။ အဖေ မကြာခဏပြောဖူးသော အဖေရွာကို မကြီးကို အတင်း ဂျီတိုက်ကာ လိုက်ပို့ ခိုင်းရသည်။ တကယ်လည်း ပင်ပန်းလွန်းလှသည့်ခရီးပါ။ စင်စစ် လမ်းခရီးက သိပ်ဝေးလှသည်မဆိုသာ။ လမ်း၏ ကြမ်းတမ်းမှုကြောင့်လည်းကောင်း၊ လမ်းဟုခေါ်ရလောက်အောင် နေရာပြစရာမရှိခြင်းတို့ ကြောင့် လည်းကောင်း ပင်ပန်း ခြင်းသာ။ ရွာကိုမ၀င်ခင် ကျွန်မ ရွာ၏ပတ်ဝန်းကျင်ကို သေချာကြည့်မိသည်။ အပင်တွေအားလုံးလိုလို စိမ်းစိမ်းစိုစိုရှိလှသည်။ ရွာဦး ဘုန်းကြီးကျောင်း၏ စေတီလေးကို သစ်ပင်များထက်မှာ လှမ်းတွေ့ ရသည်။ ပဲခင်းများ၊ ပြောင်းဖူးခင်းများ၊ ပဲစင်းငုံခင်းများဖြင့် အေးချမ်းမှုရှိလှသည်။ ကျွန်မတို့ ဝင်လာကတည်းက လူစိမ်းများဖြစ်၍ ကလေးလူကြီးများသာမက ခွေးများပင်လိုက်၍ ကြည့်ကြ သည်။ လူဆိုတာ သူတို့ မမြင်ဖူးဘူးလားမသိ။ မကြီးက တစ်ခေါက်ရောက်ဖူးသူဖြစ်၍ အဖေ့၏အမျိုးအနွယ်အိမ်ဆီကို ချက်ချင်းဦးတည်သွားသည်။ ကျွန်မကတော့ ကိုယ်လုံးတီးနဲ့ ကလေးလေးများကို ကြည့်ရင်း အံ့သြနေမိသည်။ လူကြီးတစ်ချို့ ၏ ခြေထောက်တွင်လည်း ဖိနပ်မပါကြ။ ဖုန်နည်း နည်းထူသော ရွာလမ်းပေါ်တွင် သူတို့ လမ်းလျှောက်နေသည်မှာ ပန်းမွေ့ ယာပေါ်သွားနေသလိုပင်။ အဖေ့ တူမအိမ်ရောက်တော့ သူတို့ က ၀မ်းသားအဲလည်းကြိုဆိုကြသည်။ လမ်းတွေ့ ရင်တောင် အမျိုးလို့ မသိနိုင်သောသူအချင်းချင်းဆုံတွေ့ ရသည်ဖြစ်၍ အားလုံးက ၀မ်းသာနေကြသည်။ ထိုင်စရာခုံကိုကြည့်တော့ ကလေးများတက်ထား၍ထင့်။ ဖုန်ခြေရာများနှင်။့ စားပွဲဆိုသည်က လည်း ချေးအထပ်ထပ်တက်ကာ မဲညစ်နေသည်။ထိုင်ဖို့ အမြန်သုတ်ပေးသည်။ ကျွန်မနှင့် မကြီးထိုင်လိုက်သောအခါ သူတို့  အတွက် ထိုင်စရာမရှိတော့။ ခုနက နောက်က လိုက်လာသော ကလေးတစ်အုပ်နှင့် လူကြီးများရော အိမ်ရှိသူများပါ အောက်မှာ ထိုင်ကြသည်။ ကျွန်မ ရုတ်တရက် မတ်တပ်ရပ်လိုက်သည်။ အဖေ့ တူမဆိုသူ၏ ယောက္ခမကြီးကို နေရာပေးကာ ကျွန်မရပ်နေ လိုက်သည်။ အိမ်ကလေးက သပ်ရပ်သည် မဆိုသာသော်လည်း နေချင်စဖွယ်တော့ရှိသည်။ ဘုရားစင်သည် အိမ်တစ်ခုလုံးတွင် အသပ်ရပ်ဆုံးဖြစ်ပြီး ဇိမ်ခံပစ္စည်းဟူ၍ တိတ်ခွေထည့်တဲ့အဖုံး ပြုတ်နေသော ကက်ဆက်လေးတစ်လုံးသာတွေ့ ရသည်။ ခရီးက ရောက်စဖြစ်၍ ချွေးဆို့ နေသော ကျွန်မတို့ ကို ယပ်တောင်များဖြင့် ၀ိုင်းခတ်ပေးကြသည်။ အအေးမြဆုံးမှာကား ၀မ်းသာနေပုံရသည့် သူတို့ မျက်နှာလေးမှ အပြုံးများဖြစ်သည်။ ကျွန်မထက် နည်းနည်းငယ်မည်ထင်သော ကောင်မလေးတစ်ယောက်က အသွားလိပ်နေသော ဓားမကြီးနှင့် ဖရဲသီး တစ်လုံးကို အားရပါးရ လှီးနေသည်။ ပါးပါးလှပ်လှပ်လှီးခြင်းမဟုတ်ဘဲ ဖရဲသီး၏ အရှည်အတိုင်း စိတ်ခြင်းဖြစ်သည်။ ပြီးတော့ ကျွန်မတို့ ရှေ့ ကို လင်ပန်း ထဲထည့်ကာ လာချသည်။ ဒါကြီးကို ဘယ်လိုစားရမလဲ။ အဒေါ်ကြီးတစ်ယောက်က ကျွန်မပါးစပ်ထဲကို အတင်းကျွေးတော့မည့်အတိုင်း လုပ်နေ၍ အမြန်ယူထားလိုက်ရသည်။ ထို့ နောက် သူတို့ မျက်နှာများကိုကြည့်လိုက်တော့ စားစေချင်သည့် အရိပ်အယောင်များမြင်လိုက်၍ ဖရဲသီးစိတ်ရှည်ရှည်၏ အလယ်မှ ကိုက်ပြစ်လိုက်သည်။ ကလေးတစ်ချို့ က ကျွန်မ စားသည်ကို ရယ်နေကြသည်။ မကြာခင်မှာပဲ အဖေ့ ရဲ့ အမျိုးများအားလုံးရောက်လာကြသည်။ အဖေ့ မျက်နှာနှင့် ခပ်ဆင်ဆင်တူသော ကျွန်မမျက်နှာကို သေချာကိုင်ကြည့်သူကကြည့် ။ လက်ကိုကိုင်သူက ကိုင်နှင့် ၀မ်းနည်းနေသည့် သူတို့ မျက်နှာကို မြင်ရသည်နှင့် ကျွန်မလည်း ငို ချင်လာမိသည်။ " ဦးလေးက ကိုယ်စားလေးထားခဲ့တာပဲနေမှာ " မျက်နှာအရေပြားများရှုံ့ တွကာ ဇရာ၏အရေးအကြောင်းများနှင့် မိန်းမကြီးက ထိုသို့ ပြောသည်။ " အဲဒါ အဖေ့အစ်ကိုရဲ့  သမီးလေ ၊ မမတို့ နဲ့ တစ်ဝမ်းကွဲပေါ့။ " မကြီးက ပြောပြတော့မှ ကျွန်မနှင့် ညီအစ်မ၀မ်းကွဲတော်သည်ဆိုသည့် ထိုအမျိုးသမီးကြီးကို သေချာကြည့်မိသည်။ စင်စစ် သူမ အသက် သိပ်မကြီးလှသေး။ သို့ သော် ယခုအသွင်ကတော့ မေမေ့ထက်ပင် အသက်ကြီးလှသည်ဟု ထင်ရသည်။ တောမှာနေရ သောကြောင့်လည်းကောင်း၊ ဆင်းရဲလှသော တောသူတောင်သားတို့ ၏ အလုပ်ကြောင့်လည်းကောင်း ဤသို့ ဖြစ်ဟန်တူပါသည်။ ကျွန်မ သူမလက်နှစ်ဘက်ကို ကိုင်ဆုပ်ရင်း သူမကိုပြုံးပြလိုက်သည်။ အိမ်၏ မြေတလင်းပြင်ပေါ်တွင် ပွဲကြည့်တော့မည့်ဟန် နေရာယူထားကြသော ကလေးလူကြီးများကို ထပ်ကြည့်မိပြန် သည်။ အိမ်ကတည်းက စီစဉ်လာသော တုတ်ချောင်းချိုချဉ်ထုပ်လေးများ၊ ချောကလက်များကိုထုတ်ကာ ကလေးများကို လိုက်ဝေ လိုက်သည်။ မကြီးကတော့ လူကြီးတချို့ နှင့်စကားပြောနေသည်။ ခဏနေတော့ လူတစ်ယောက်ရောက်လာသည်။ ဘုန်းကြီး ကျောင်းမှ ကပ္ပိယ ဟုဆိုသည်။ ဘုန်းတော်ကြီးက ဧည့်သည်များကို ခေါ်ခိုင်းကြောင်းဆိုသည်။ သို့ နှင့် ကျွန်မတို့ သည် စောစော က စေတီကလေးရှိရာ ရွာဦးဘုန်းကြီးကျောင်းဆီသို့ သွားကြသည်။ ဘုန်းကြီးကျောင်းဆိုသော်လည်း ရွာ၏ထုံးစံအတိုင်း ခြေတံရှည် စုလစ်အမိုးအချွန်နှင့် သိပ်မကြီးလှပါ။ ကျောင်းပေါ်တက် သော ကျောင်းလှေကားလေးတွေကတော့ ကျွန်မသဘောကျပါသည်။ ဘုန်းတော်ကြီးမှာ အသက်တော်တော်ကြီးလှပြီ။ တော်တော်များများ မရှိတော့သောသွားများကြောင့် ပါးနှစ်ဘက်မှာချိုင့်ဝင်နေသည်။ အဖေသည် ငယ်စဉ်ကတည်းက ကိုရင် ၀တ်ပြီး ကျောင်းထိုင်ဖြစ်ကာမှ လူထွက်ခဲ့သူဖြစ်ပါသည်။ အဖေနှင့် အသက်သိပ်မကွာသော ဘုန်းတော်ကြီးသည် အဖေ့ ကို ကောင်းကောင်းသိသည်။ ထို့ ကြောင့် အဖေ့ရဲ့ သွေးသားကျွန်မတို့ ကို ကြည့်ချင်၍ ခေါ်ခိုင်းခြင်းဖြစ်သည်။ ဘုန်းတော်ကြီးအား ၀တ်ချကာ မေးသမျှကို မကြီးက ဒိုင်ခံဖြေကြားနေသည်။ ကျွန်မကတော့ ဘုရားကျောင်းဆောင်အ တွင်းက ဘုရားဆင်းတုများကို လိုက်ကြည့်မိသည်။ ခဏကြာတော့ ဘုန်းတော်ကြီးက ကပ္ပိယကို ကျောင်းဆောင်ကိုသော့ဖွင့်ခိုင်း သည်။ " အဲဒီအထဲမှာ တကာမလေးတို့ ဘိုးဘေးတွေလှူခဲ့တဲ့ ဘုရားဆင်းတုရှိတယ်။ ရောက်တုန်းဖူးသွားကြ။ ဘိုးဘေးလှူခဲ့တဲ့ဘုရား ပေါ့။ တကာမလေးတို့ အဖေလည်း ရွာရောက်တိုင်း ၀င်ဖူးလေ့ရှိတယ်။ " ဘုန်းတော်ကြီး ခွင့်ပြုချက်နှင့် ကျွန်မတို့ ညီအစ်မနှစ်ယောက် အဘိုးအဘွားများ ( ကျွန်မလုံးဝမမြင်ဖူးပါ ) ၏ ကုသိုလ်တော် ဘုရား ကိုဖူးခွင့်ရသည်။ သူတို့ အတွက်လည်း ဆုတောင်းအမျှဝေပေးခဲ့သည်။ ကျွန်မတို့ ကျောင်းဆောင်ထဲက ပြန်ထွက်လာချိန် တွင် ကပ္ပိယကြီးက ထမင်းဝိုင်းပြင်ပြီးနေပြီ။ ဘုန်းတော်ကြီး သဘောကျ ဆွမ်းကျန်များကို ထမင်းပွဲပြင်ထားခြင်းဖြစ်သည်။ ကျွန်မ တို့ လည်း မငြင်းသာ၍ ထမင်းစားခဲ့ကြသည်။ အသားဟင်းလုံးဝ မပါပါ။ ဟင်းရွက်စိမ်းနုနုလေးများနှင့် ပဲဟင်း။ သရက်ချဉ်သုပ်။ နွားနို့ ကို အခဲမလုပ်ဘဲ အရည်ချက် ချက်ထားသည်။ ငရုပ်သီးနီနီလေးတွေထောင်းထားသည်။ ဆာနေ၍လားမသိ။ ကျွန်မ ဟင်းရွက်စိမ်းများနှင့် အားရပါးရစားဖြစ်သည်။ ထို့ နောက် လှူစရာရှိတာများ လှူပြီး ရွာထဲပြန်ဖို့ ကျောင်းအောက်ဆင်းလာတော့ ဘယ်တုန်းက ရောက်နေမှန်းမသိသော ရွာကလူများ လှည်းဖြင့် အောက်မှာစောင့်နေကြသည်။ လှည်းမစီးဖူးသော ကျွန်မ အရမ်းပျော်ရွှင်သွားသည်။ လှည်းပေါ်တွင် ကောက်ရိုးများခင်းထားပြီး အပေါ်တွင် ဖျာခပ်လတ် လတ်တစ်ချပ်ခင်းပေးထားသည်။ ကျွန်မကတော့ လှည်းစီးချင်သောသူဖြစ်၍ လှည်းပေါ်အမြန်ရောက်သွားသည်။ နွားနှစ်ကောင် ဆွဲထားသော လှည်းကလေးသည် ခပ်နှေးနှေးပင်။ လမ်းမညီသော ရွာလမ်းပေါ်တွင် လှည်းကဆောင့်လိုက်အောင့်လိုက်ဖြင့် သွား နေသည်။ တလိမ့်လိမ့်တက်လာသော ဖုန်လုံးများကြောင့် နှာခေါင်းကို လက်ဖြင့်အုပ်ထားရသည်။ တဟဲ့ဟဲ့နှင့် နွားငေါက်သံ၊ ချူသံ ကလောင်ကလောင်သံလေးသည် ရွာထဲတွင် ဆူညံနေမည်လား။ နွားခလောက်သံသည် ကျေးလက်၏ ဂီတ သံဖြစ်ပေ လိမ့်မည်။ တစ်သက်လုံး သည်လို နွားလှည်းကလေးနဲ့  နေနိုင်ရဲ့ လား ကိုယ့်ဘာသာမေးမိသည် ။ သို့ သော် အဖြေမရှိ။ ကျွန်မ ခေါင်းကိုခါပစ်လိုက်သည်။ ဒါကို အဖေသိသည်လေ။ ဒါကြောင့်လည်း သူကြီးပြင်းခဲ့တဲ့ ဒီနေရာလေးကို သူ့ သားသမီးလေးများကို မခေါ်ချင်ခဲ့တာပေါ့။ ကျွန်မအဓိက သွားချင်သည်က အဖေကြီးပြင်းခဲ့သည်ဆိုသည့် အဖေ့ရဲ့ အိမ်ကလေးဆီကိုဖြစ်သည်။ ထိုနေရာရောက်သည့်အခါ အိမ်ကမူ ယခင်အိမ်မဟုတ်တော့ဟု မကြီးကပြောပြသည်။ ယခုအဖေ့ရဲ့ တူတော်သည့်သူက နေနေသည်။ ကျွန်မ ထိုဝိုင်းကလေးကို သေချာလိုက်ကြည့်မိသည်။ သာမာန်ဝိုင်းကလေးများထက် မြေပြင်နည်းနည်းပိုမြင့်သည်။ မြေသား အရောင်သည် အဖြူရောင်ဘက်ဆန်သည်။ ၀ိုင်း၏ အရှေ့ ဘက်တွင် သစ်ပင်ပုကလေးတစ်ပင်ရှိသည်။ ထူးခြားသည်က ထိုသစ်ပင်သည် အဖေတို့  ငယ်ငယ်ကလေးကတည်းက ထိုအတိုင်းပင်ရှိသည်ဟုဆိုသည်။ ၀ိုင်းရှေ့ တွင် လှည်းလမ်းကလေး ရှိသည်။ ၀ိုင်းကို တစ်ပတ်ပတ် ကြည့်ရင်း ဒီနေရာမှာ အဖေ ကစားခဲ့ဖူးမှာပေါ့။ ဒီနေရာမှာ အဖေပျော်ရွှင်ခဲ့ဖူးမှာပေါ့…… ဒီနေရာမှာ………….. ဘယ်နေရာကိုကြည့်ကြည့် အဖေ့ပုံရိပ်များကို မြင်လာမိသည်။ ရင်ထဲမှာဆို့ တက်လာသော အဖေ့ကို သတိရမှုများအား မျက်လုံးစုံမှိတ်ကာ မျိုချလိုက်မိသည်။ အဖေ… အဖေ့ သမီး အဖေနေခဲ့ ကြီးပြင်းခဲ့တဲ့ နေရာလေးကိုရောက်နေပြီ။ သမီး သွားချင်တဲ့နေရာကို အဖေ ဘာကြောင့် လိုက်မပို့ ခဲ့လဲ ဆိုတာ သမီးသဘောပေါက်သလောက်ရှိနေပါပြီ။ ချို့ တဲ့သော ဒီပတ်ဝန်းကျင်မျိုးကို အဖေက သားသမီးတွေကို မခံစားစေချင်လို့  မဟုတ်လား အဖေ။ ဘာဖြစ်လဲအဖေရယ်။ ဒီမြေဟာ အဖေ့မြေဆိုရင် သမီးတို့ ရဲ့ မြေပါပဲ။ ဒီရွာဟာ အဖေ့ရွာ ဆိုရင် သမီးတို့ ရွာ ပါပဲ။ ညအိပ်ဖို့ အစီအစဉ်မရှိသော ကျွန်မတို့ မပြန်ခင် အဖေ့ရဲ့ တူတွေ တူမတွေအိမ် ခဏဆီဝင်သည်။ အဖေ နေခဲ့သော ၀ိုင်းကလေးမှ ထွက်လာတော့ အနီးဆုံးအိမ်တစ်အိမ်ကိုအရင်ဝင်သည်။ ထိုအိမ်သည် ထန်းလက်များမိုးထား၍ ထန်းလက်နံ့ လေး များ သင်းနေသည်။ ထိုင်စရာ ကွပ်ပျစ်ကလေးတစ်ခုသာရှိသည်။ ကာထားသော ထရံတစ်ချို့ သည် ပေါက်ပြဲလျက်။ ထိုအပေါက် ကလေးများကို နိုင်ငံကျော် မင်းသားမင်းသမီးပြက္ခဒိန်လေးဖြင့် ဖာထားသော်လည်း မလုံပါ။ ဘီစကစ်မုန့် သည် သူတို့ အတွက် အကောင်းဆုံးဧည့်ဝတ်ပြုသည့် မုန့် ဖြစ်သည်။ ဘီစကစ်မကြိုက်သော်လည်း သူတို့  စိတ်မကောင်းမည်ဆိုး၍ ကောက်စားလိုက်သည်။ ၁၀ မိနစ်လျှင် တစ်အိမ်နှုန်းလောက်ဝင်ပြီး ပြန်ဖို့ ပြင်တော့ ကျွန်မတို့ ၏နောက် တွင် အလှူပွဲလှည့်သလို ခေါင်းပေါ်တွင် လက်ဆောင်ဆီကိုယ်စီနှင့် လိုက်ပို့ သည့် လူတန်းကြီးကိုတွေ့ လိုက်ရသည်။ ကျွန်မရင် ထဲတွင် နင့်သွားသည်။ မရှိပေမဲ့ ရိုးသားဖြူစင်သော သူတို့ ကို သနားမိသည်။ ကျွန်မအဖေ့ရွာကို တိုးတက်အောင် လုပ်ပေးချင်သည်။ အဖေရွာ ရှိရွာသားအားလုံးသည် အဖေ့ သွေးသားများပင်ဖြစ်သည်မဟုတ်လော။ အဖေ့သွေးသားဖြစ်သည်ဆိုလျှင် ကျွန်မ၏ သွေးသားပင် ဖြစ်သည်လေ။ မကြီးကတော့ လူကြီးတစ်ချို့ နှင့် စကားစမပြတ်သေး။ ခုတွေ့ ရပြီး ခုပြန်ဖို့ ပြင်ရသော ကျွန်မတို့ လာသည်ကို အိပ်မက် မက်နေတာလို့ ထင်နေကြောင်း သူတို့ ကဆိုသည်။ ရွာကလေးမှ ကျွန်မ မပြန်ချင်သေး။ သို့ သော် ကျွန်မ ပြန်ရဦးမည်။ ရွာ၏ လိုအပ်ချက်များကို တတ်နိုင်သမျှဖြည့်ဆည်းနိုင်ရန် ကျွန်မကြိုးစားရဦးမည်။ သို့ မှသာ အဖေ့ရဲ့ ရွာကလေးဟာ တိုးတက်နေ သည့် ယခုလူနေမှုကမ္ဘာနှင့်အတူ ရှင်သန်နိုင်မည်မဟုတ်ပါလား။ ရွာကပြန်ထွက်လာချိန်တွင် ရွာဘက် နောက်ပြန်ကြည့်မိသည်။ မြို့ ပြ၏ လူနေမှုပြယုဂ်များနှင့် လုံးဝခြားနားသော ခြုံပုပ် ငယ်များနှင့် ထန်းပင်ကြိုးကျဲလေးများဖြင့် ရွာကလေးဟာ တစ်ချိန်က အဖေ့ရဲ့ ဗိမ္မာန်ဖြစ်ခဲ့ဖူးသည်တဲ့လေ။ မီးခိုးငွေ့ တအူအူဖြင့် ရွာကလေးက လှနေသည်။ ထုံးစေတီဖြူဖြူလေးနဲ့ စိမ်းညှို့ ညှို့ သစ်ရိပ်အုပ်အုပ်ကြားလေးထဲက ရွာကလေးဟာ …………… ………………အဖေ့ရွာ။
 ဧပရယ်ဆွေဆွေ

Posted by Anonymous on
0 comments
categories: | | edit post

မင်္ဂလာပါ....။

Posted by Anonymous on
0 comments
categories: | | edit post


ဒီမနက်
ငပိမီးဖုတ်တစ်ထုပ်
စားပွဲပေါ်ရောက်လာတယ်။
ဘယ်သူတင်သွားလဲမသိ
ဆရာလေးထမင်းချိုင့်ထဲမှာ
မျှစ်ပြုတ်နဲ့ ဆားထုတ်ကို
သူတို့လည်း မကြည့်ရက်ဖူးထင်တယ်။
မုန့်စားလွှတ်ချိန် မုန့်မစားနိုင်တဲ့ကလေးတွေ
ထမင်းစားလွှတ်ချိန် ထမင်းမစားနိုင်တဲ့ ကလေးတွက
ဆရာလေးကို ငပိတစ်ထုပ် ပေးခဲ့တယ်။
မျက်ရည်မသုတ်မိ
ပဲပြုတ်နဲ့ ငပိထုပ်ထဲက ငပိတစ်ကော်ကို
သူတို့တစ်နေရာက မျှော်ကြည့်ပြီး ပျော်နေမယ်ဆိုတာ
ဆရာလေးသိတယ်။
ဘယ်သူလဲ
နီနီလား၊ စောကပေါလား၊ ထူးသာလား၊ ဝါးဝါးလား
မမေးရက်
တံခါးဝက ပြေးထွက်သွားတဲ့
တစ်ယောက်ယောက်တော့ဖြစ်မယ်
ကျေးဇူးပါ ကလေးတို့ရယ်။
မနက်ကရောက်လာတဲ့
ပြောင်းရွှေ့အမိန့်စာဟာ
ငပိဖုတ် တစ်ကော်စာကြောင့်
ဆုတ်ဖြဲဖို့ ခိုင်မာသွားရတယ်။

နွေဦး
credit to:http://www.maukkha.org/index.php/book-store/poem-maukkha/2893-2013-01-16-10-02-27

Posted by Unknown on Saturday, May 4, 2013
0 comments
categories: | | edit post
Related Posts Plugin for WordPress, Blogger...

۞۞۞အချိန်သည်လူ၏တန်ဖိုး۞۞۞

۞۞۞နွေးထွေးစွာကြိုဆိုပါတယ်۞۞۞


hit counter

۞۞۞ကိုယ်တော်စာပေ۞۞۞

http://www.kotawsarpay.com/

۞۞۞အွန်လိုင်းရွှေဝထ္ထုတိုဆု۞۞۞

۞۞۞ဘလော့ခရီးသည်۞۞۞

http://www.aungsanmks.com/

۞۞۞like လုပ်ပေးခဲ့ပါဦးနော်۞۞۞

Popular Posts

Blog Archive

Member ဝင်ပေးဖို့ဖိတ်ခေါ်ပါတယ်

သီချင်းလေးတွေနားထောင်ကြမယ်

dancer photo dancer_zpsbd8f2ed7.gif
သီချင်းတောင်းချင်ပါက dj@mmyos.com ကိုအပ်၍ တောင်းဆိုနိုင်ပါသည်

လိုအပ်သည်များပြောကြားခဲ့ပါနော်

Total Pageviews

လာရောက်အားပေးကြသူများ

လာရောက်သူတို့ရဲ့စကားသံလေးများ

flag counter

Flag Counter