ရန်ကုန်လည်ပြန်
မောင်လွမ်းဏီ

ခြင်္သေ့ရုပ်တုတွေ
မျက်စောင်းခဲနေတဲ့ ဆူးလေဘုရား
ခိုပြာခိုနက်ကလည်း လူလန့်စာစား။

ဗန္ဓုလကျောက်တိုင်လား
ဓားလွတ်တောင် မထောင်နိုင်။

အမှိုက်က စ
ပြာဿဒ်မီးလောင်ပဲ ကြားဖူးပါတယ်
အမှိုက်မသိမ်းလို့
ကာရာအိုကေယိမ်းက
အမှိုက်ပုံဘေးမှာ
တော်သလင်းအိမ်ရာဖြစ်သတဲ့။

လေလံသာပစ်
ဘာဖြစ်ဖြစ်၊ ဖြစ်တဲ့ခေတ်လို့
အရေးတော်ပုံ ၂၄ နှစ်သား
နိုင်ကျဉ်းကျောင်းသားတယောက်က ခနဲ့တယ်။

ရေးတတ်ရင် ၀တ္ထုဖြစ်သလို
ဝတ်တတ်ရင် ပေါ်ပင်ဖြစ်မှာပါ
ဆင်ဆာမဲ့ မီဒီယာခေတ်ဦး
အသစ်ဖူးတွေနဲ့ တဝေေ၀ ဆိုသူက ဆို။

ပြည်တော်ပြန်
အသံတချို့က
ညှီစော်နံသတဲ့၊ ဆိုမယ့်ပြောမယ့်သူတော့ ရှိသေး။

သင်းခွဲရတာ၊ ထင်းခွဲရတာလောက်
မခက်ပါဘူး ကိုယ့်လူရာ ဆိုပါလား
မီဒီယာမှာ ကြားမိတာ။

အဲလိုကောင်စားတွေကိုများ
နင့်မေကလွှား၊ မင်းတို့မို့
လက်ဖ၀ါးချင်းထပ်၊ ပါးချင်းကပ်ကြရတယ်လို့။ ။

မောင်လွမ်းဏီ
၁၅-၁-၂၀၁၃



credit:http://drlunswe.blogspot.com/2013/01/blog-post_20.html 

Posted by Unknown on Wednesday, February 6, 2013
0 comments
categories: | | edit post


သိန်းစွန်ငှက် အပြန်လမ်း
ပိုင်စိုးဝေ

နောက်ဆုံးအခေါက်ပါပဲ
ကျနော် ရွာကို ပြန်လာခဲ့ပါတယ် အမေ။

ရွာဆိုတာ
တမာ ထနောင်း
ရှားစောင်း ပြာသာဒ်
သန်း ဒဟတ်ပင်တွေနဲ့
မိုးနှံချုံပုတ်၊ ရှားပင်ငုတ်တို
နီညိုညို ကျောက်ခဲလုံးတွေနဲ့
ထန်းပင်မြင့်မြင့်ကြီးတွေကြားက
တဲကလေးတလုံးပါ။

အဲဒီတဲကလေးထဲ
အမေ လဲလျောင်းနေပေါ့။ 

အမေ ...
ကျနော် ရောက်လာပြီ အမေ
အမေ့ခြေအစုံကို ပွေ့ဖက်
အသံမထွက်ဘဲ ကျနော် ငိုတယ်။

ထန်းပင်မြင့်မြင့်ကြီးတွေပေါ်က
ရွက်ယောင်းခြောက်တွေ
တရှဲရှဲမြည်လို့
ကျနော့်ကို စကားမပြောချင်လို့
အမေ့သွားတွေ တင်းတင်းစေ့ထားသလား၊
ကျနော့်ကို မမြင်ချင်လို့
အမေ့မျက်လုံးတွေ မှိတ်ထားသလား၊
ထ ကြည့်ပါဦး
စကားပြောပါဦး အမေရယ်။

ဟော ... အမေ ...
အမေ့ကို သူတို့
ဟိုးမှာ မန်ကျည်းပင်တွေ စိမ်းစိမ်းညို့ညို့နဲ့
ဇရပ်အိုအို
ကျောက်တုံးနီညိုညိုတွေ စီထားတဲ့
သင်္ချိုင်းဆိုတဲ့နေရာကို
ပို့ကြတော့မလို့တဲ့။

လှည်းဘီးကို ပြင်ဆင်ပြီးကြပေါ့
အမေ့အလောင်းကို
ခေါင်းထဲထည့်ကြပေါ့
ကြေးစည်ကို
ရိုက်နှက်ကြပေါ့
ကျနော် မငိုပါဘူး အမေ
ငိုလို့ မရတော့ဘူး အမေ။ 

အမေ့မြေးကလေးလေးတွေ
ကျနော့်တူနဲ့ တူမလေးတွေ
သူတို့ ငိုပါစေ။

အမေ့သား သူတို့ရဲ့အဖေ
ကျနော့်အကိုကြီး
အမေ့သမီး သူတို့ရဲ့အမေ
ကျနော့်အစ်မ
သူတို့မောင်နှမ
အမေ့အရင် စောစောစီးစီး
ဟောသည်လောကကြီးထဲက
ထွက်ခွာသွားကြတော့
မိတဆိုး ဖတဆိုး
ဟောသည်ကလေးလေးတွေ
အမေ့အတွက် သူတို့ငိုပါစေ။

အမေ့အတွက်
သူတို့မျက်ရည်တွေဟာ
ထိုက်တန်ပါတယ် အမေ။

ကျနော်ကတော့
နွေဦးရက်တွေအကြောင်း
သီချင်းမဆိုနိုင်တဲ့
ဥသြငှက်တကောင်ရဲ့ ကြေကွဲမှုလို
ယာခင်းထဲက အမေ့ဘဝကို
အဝေးကပဲ
တမ်းတပူဆွေးခဲ့သူပါ အမေ။

“အမေ နေကောင်းပါစေ ...
အမေ့အား ထာဝရလုပ်ကျွေးပြုစုနိုင်သည့်ကိုယ်
ဖြစ်ရပါလို၏” 

ညအိပ်ရာဝင်၊ ရင်ထဲလှုပ်ခတ်
ပဲ့တင်ထပ်ခဲ့တဲ့
ခွန်အားမဲ့ ဆုတောင်းသံများကြား
ရှည်လျားလွန်းတဲ့ ညတွေသာ
ခန္ဓာကိုယ်ပေါ်
တိတ်ဆိတ်စွာ ကြေပြုန်းခဲ့ရ။


မနေ့ကတော့
“အမေဆုံးပြီ။ အမြန်လာ” တဲ့ 
ကုသိုလ်ကြမ္မာ၊ နုံချာလို့လား
ဆုတောင်းများ
မပြည့်ဝခဲ့ဘူး အမေ။

အမေက မွေးပေမယ့်
အမေကို လုပ်မကျွေးနိုင်ခဲ့တဲ့
ဟောသည် ခန္ဓာကိုယ်ကြီးဟာ
ဘာအသုံးကျတော့မှာလဲ။

အဲသည်လို နောင်တတရားတွေက
နှလုံးသားကို ကုတ်ခြစ်
ဘဝဆိုတာကိုလည်း
မကျေမနပ်ဖြစ်မိပေါ့။ 

ကျနော် မငိုရဲတော့ပါဘူး အမေ
ငိုဖို့ရာ ရှက်လှပါတယ် အမေ
အမေနဲ့အတူ
အမေကို ခြေဆုပ်လက်နယ်ပြုခဲ့တဲ့
ဟောသည် ကလေးလေးတွေ
သူတို့ ငိုပါစေ
ကြေးစည်ကို သူတို့ ရိုက်နှက်ကြပေါ့
လှည်းဘီးကို သူတို့ တွန်းကြပေါ့။

ဟော ...
နီညိုညိုကျောက်တုံးတွေကြားက
ရထားတစင်းဟာ
အဝေးကို ထွက်သွားပြီ။

ဟိုး ... လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်
သည်ရွာက လူငယ်
ကျေးတောသားတယောက်
သည်ရွာကို ပြန်ရောက်မလာ
ရထားဟာ သူ့ကို
အဝေးသို့ ခေါ်ဆောင်သွားခဲ့။

သူနဲ့ သူစီးသွားတဲ့ ရထားအကြောင်း
လူတွေ မေ့ကြပေါ့
ပြောဆိုအမှတ်ရသူ
တစုံတယောက်မျှ မရှိတော့။ 

အဲသည်လူငယ်ဟာ
အခု
အမေ့အလောင်း အမေ့ခေါင်းကို
ဖက်ဖက်ပြီး ငိုနေတဲ့
ကျနော်ပဲပါ့ အမေ။

ဟောသည်ယာခင်းတွေကြား
အမေ နေ့တိုင်းလှုပ်ရှားခဲ့တာ
ကျနော်မမြင်နိုင်ခဲ့ဘူး။ 

အမေ့သမီး
ကျနော့်အစ်မရဲ့ ယောက်ျားက
ထန်းရည်သမား၊ ထန်းရည်ချိုး၊
အမေ့သား
ကျနော့်အစ်ကိုကြီးရဲ့ မိန်းမက
မီးယပ်ကျိုး၊ မျက်စိတဘက်ကွယ်၊ 
သူတို့တတွေနဲ့ ကျန်ရစ်ခဲ့တဲ့
အမေ့မြေး ကလေးတွေနဲ့အတူ
ထန်းလျက်ကျို၊ ထင်းခွေရေခပ်
ငတ်မသေဖို့
အမေ ရုန်းကန်ခဲ့တဲ့နေ့တွေမှာ
ကျနော်သာ
ဟိုအဝေးမှာပေါ့။

ဟိုတနှစ်က
တရွာလုံး မီးလောင်ပြာကျ
အဲသည်ကတည်းက အမေဟာ
ရွာထဲကို ပြန်မရောက်
အိမ်ပြန်မဆောက်နိုင်
ထန်းပင်အောက်က ထန်းတဲမှာ
အမေ အနေကြာခဲ့ပါတယ်။

အမေရေ ...
အမေရေ ... ...
ကြေးစည်ကို ရိုက်နှက်ကြပေါ့
လှည်းဘီးကို သူတို့တွန်းကြပေါ့
ဟိုး ... အနောက်တောင်တောတန်းက
ထန်းပင်ရိပ်ဖျားမှာ
နေလုံးဟာ တဖြည်းဖြည်းညိုခဲ့ပေါ့။ 

တောင်သူဓလေ့
ယာမီးငွေ့တွေ လွင့်တက်လာပေါ့။

ဟိုတောင်ကမူကမ်းပါးမှာ
မြက်စားနေတဲ့ နွားမတွေက
အမေ့ကို နှုတ်ဆက်နေကြသလား။

သိန်းစွန်ငှက်အပြန်လမ်းမှာ
ကျီးကန်းတွေ ကသုတ်ကရက်နဲ့
ရွာဘက်ဆီ ပျံပြေးကြပေါ့။

နေညိုချိန် အိမ်အပြန်လမ်းမှာ
တောတန်းလျှိုမြောင်
ဟို အနောက်တောင်ထဲ
မှောင်မည်းမည်းက
ကျနော့်ဘဝကို မဝါးမြိုမီ
ကလေးဘဝအရွယ်
ငယ်ငယ်တုန်းကလေ
တောင်ရိပ်တောင်ကြား
သစ်ပင်ဖျားမှာ
မားမားရပ်နေ တစ္ဆေတွေလား။

အမေရေ ...
တစ္ဆေဆို ကျနော် ကြောက်လှချည့်။ 

တညသား
ပျူစောထီးဆိုလား၊ ရဲဘော်ဖြူဆိုလား
တံခါးကို တအားခေါက်
နွားကောက်စမ်း မြန်မြန်လုပ်
သေနတ်တွေ ထုတ်ချိန်ပြီး
အခိုင်အခံ့ လှည်းတစင်း
နွားပြာညိုတရှဉ်းနဲ့အတူ
လှည်းမောင်းပို့ဆိုပြီး အဖေ့ကို ခေါ်သွား
ရွာအနောက်ဘက်တောအုပ်ကြားက
သေနတ်သံတချက်ကြားလိုက်ရ။

အဖေရေ ...
အဖေရေ ... ...
ကျနော်တို့မိသားစုဘဝ
ရာဇဝင်ကို ဖြတ်သန်းရတဲ့ညပေါ့။

လွတ်လပ်ရေးပြီးခါစ
သူခိုးဓားပြတွေ
တန်ခိုးပြလို့ကောင်းဆဲခေတ်ကြီးထဲ
လူဖြစ်ခဲ့ရတဲ့ ကျနော်
အမေ့ရဲ့ကျောပေါ်မှာ
သေနတ်သံတွေကြား
ပြေးလွှားပုန်းအောင်း
ရွာတောင်စောင်း နဘူးချုံထဲ
ညတိုင်းပဲ အိပ်ခဲ့ရတယ်မဟုတ်လား အမေ။

စစ်စနက်မီး အကြွင်းအကျန်တွေနဲ့
ခေတ်အပျက်ကြီးကို တွန်းလှန်ရင်း
အမေရယ် တခြားအမေတွေရယ်
အမေတွေအားလုံး
ကလေးတွေကို ပုခုံးပေါ်တင်ပြီး
ပြေးကြလွှားကြ၊ ပုန်းကြအောင်းကြနဲ့
တချို့ သားသေ၊ တချို့လင်ဆုံး
စစ်ဆိုတာကြီးကို
မုန်းခဲ့တယ်မဟုတ်လား အမေ။

အဖေ မရှိတဲ့နောက်
အမေရယ်၊ အစ်ကိုကြီးရယ်၊ အစ်မရယ်၊ ကျနော်ရယ်လေ
လောက ကမ်းပါးမှာ
စမ်းတဝါဝါး လျှောက်ခဲ့ကြပေါ့
အရွယ်ရောက်ခါစ အစ်ကိုကြီး
ထန်းလှီးသင်ရပေါ့။

အစ်ကိုကြီးဟာ
သာသနာ့ဘောင်မှာ အရိုးထုတ်
ဘုန်းကြီးလုပ်ဖို့ စိတ်ကူးရှိပေမယ့်
ကျနော်တို့အတွက်
ယုံကြည်ချက်တွေ စွန့်ခဲ့ရပြီပေါ့။

ကျနော်ကတော့
သျှောင်တစောင်းနဲ့ ဘုန်းကြီးကျောင်းသား
ပြီးတော့ ပြည်တော်သာကျောင်းရောက်
ကျောင်းဆင်းချိန်မှာ
သိုး၊ ဆိတ်၊ နွားကျောင်း
ကျနော်တို့တတွေ
ဟိုသပြေပင်တောင်စောင်းဆီက
လက်ပြဟစ်အော်
သီချင်းတကြော်ကြော်နဲ့
ခွေးခေါ်၊ ပတတ်တူး
ဟင်းရွက်ခူး၊ ယုန်ရှာ
တောင်ယာလုပ်သူ၊ ထင်းခုတ်သူတွေ
ထန်းလျက်ကျိုသူ၊ ထန်းတက်သူတွေ
နေက ပူလောင်
ကုန်းခေါင်ခေါင်မှာ
ဟိုးအနောက်တောင်မှာ
မှိုင်းပြာပြာ မြူခိုးတွေနဲ့
ပုပ္ပားဆိုတဲ့ တောင်တော်မြတ်ကြီးဆီ
မျှော်ကြည့်ငေးမော
စိမ်းလန်းတဲ့ ယာတောတွေကြား
အစ်ကိုကြီးက ထန်းလှီး
ကျနော်က ထန်းရည်အိုးသယ်
အမေရယ်၊ အစ်မရယ်က
ထန်းလျက်ကျို၊ ရက်ကန်းခတ်၊ ထင်းခွေ
တခါတလေ မြေပဲကောက်
တခါတလေ ဝါစိုက်
တောအလိုက်လုပ်ငန်းစုံပေါ့။

“မြို့ရွာနိဂုံး၊ ပျက်ပြုန်းစေအောင်
ဓားပြကြီးကြီး မိုက်သီးအခေါင်
မီးနှင့်မြိုက်လို့၊ တိုက်ခိုက်ပူလောင်
ဝ သ လ၊ မှတ်ကြ သူယုတ်ကောင်”

“ခလောက်လေးရယ်တဲ့ ဒိုးဒိုးဒေါင်
ပျိုတို့မောင် ယာမလုပ်တယ်
ဝါးခုတ်တဲ့ တောင်” 

အဲသည်လို အကိုကြီး တတ်တဲ့
ကဗျာတွေ၊ သံပေါက်တွေ
ကျနော့်မှာ အမွေရခဲ့ပေါ့။

“နေညိုချိန်တိမ်တောက် ပျိုကြောက်တဲ့ သည်အချိန်
ဆီးမီးကွယ်မှန်အိမ်နဲ့ ... ” 

အဲသည်လို
ကျေးလက်ဘဝ သီချင်းကဗျာတွေ
ရင်ထဲမှာ အမြစ်တွယ်ခဲ့ရပေါ့။

အမေရေ ...
ကြေးစည်ကို ရိုက်နှက်နေကြပေါ့
လှည်းဘီးကို သူတို့တွန်းကြပေါ့။

အမေခေါင်းချခဲ့တဲ့ တဲကလေးဟာ
အမေ့ရွာနဲ့ အလှမ်းဝေးပေမယ့်
သည်တောသည်တောင်ကြား
အမေ့ကို
တယောက်တည်း မထားရက်ပါဘူး အမေ။ 

အမေ့အမေ ကျနော့်အဘွား
ကျနော့်အဘွားရဲ့ အမေ့အမေ ... စတဲ့
ဆွေမျိုးတော်စပ်သူရော မတော်သူပါ
တရွာလုံးနောက်ဆုံး စုဝေးရာ
ဟောဟို ဇရပ်အိုအိုရဲ့
သုဿာန်ဆိုတဲ့ နေရာရောက်အောင်
အမေ့ကို
ကျနော်တို့ ပို့မှာပေါ့။ 

လမ်းက ကြမ်းလိုက်တာအမေ
တောင်ကမူကျတ်တီးကြား
နှစ်တွေများစွာ ရေတိုက်စားမှုနဲ့
ပျက်လုလု လှည်းလမ်းပေါ်မှာ
အမေ့ခေါင်းဟာ၊ လှုပ်ယမ်းလှချည့်။ 

ဖြည်းဖြည်း ... ဖြည်းဖြည်း ...
ဆူးကိုင်းတွေ ဘေးဖယ်
မျက်နှာကို ခြစ်မိကြဦးမယ်။

ဟိုသုဿာန်ကို ရောက်တဲ့ခါ
ဘုန်းကြီးတွေက
သရဏဂုံကို ရွတ်ဖတ်
ကျနော့်လက်နဲ့ ရေစက်သွန်းချ အမျှဝေ
အမေ ကောင်းရာသုဂတိလားပါစေ ...လို့
ကျနော် အမျှဝေမယ်။

ကျနော့်ကိုယ်ပေါ်မှာ
ဖုန်တွေပေကပ်
ညစ်ပတ်နေမလားပဲ။ 

မန္တလေးက မိတ္ထီလာ
မလှိုင် ပန်းအိုင်တလမ်းလုံး
ဖုန်လုံးကြီးထဲ ဖြတ်ခဲ့ရ
အခုလည်းပဲ ဖုန်လုံးကြီးထဲမှာ
ဖုန်တွေ ပေကပ် ညစ်ပတ်နေမလားပဲ။

ဟိုသုဿာန်ကို ရောက်လို့
ရေစက်သွန်းချ အမျှဝေတဲ့အခါ
ငယ်ဆရာ ဘုန်းတော်ကြီး
ကျနော့်ကို ကြည့်ပြီး
အံ့သြနေလိမ့်မယ်။

ညရောက်တဲ့အခါ
ဦးလေးဘယ်နေ့ ပြန်မှာလဲ
တနှစ်တခါ ပြန်လာပါနော်
ကျနော် ကျောင်းဆက်နေချင်တယ်
ညီမလေးမှာ ဝတ်စရာအင်္ကျီ မရှိတော့ဘူး
ဟောဒီ အငယ်မ မနှစ်က နှစ်တန်းကျတယ် ငါ့မောင်ရယ်
ဟောဒီကျန်နေတဲ့ မျက်စိတဘက်ကလည်း ဆရာဝန်က ခွဲရမယ်တဲ့
အစ်မလည်း ကြောက်တတ်လို့ ဆေးရုံကို နောက်ထပ် မရောက်တော့ပါဘူး
စတဲ့ … စတဲ့ စကားလုံးတွေကြား
ကျနော် ဘာများ တာဝန်ယူနိုင်မလဲ။

မင်းတို့အတွက်၊ ငါ့အတွက်
အနှစ်သုံးဆယ်လုံးလုံး
ဦးလေး စဉ်းစားနေတုန်းပဲ
ဦးလေးဟာ
စဉ်းစားနေတုန်းပါပဲကွယ်။

တစုံတရာ
ကတိတွေ ပေးထားပစ်ခဲ့ပြီး
နံနက်ခင်းတခုမှာ
ငှက်တကောင်လို ပျံပြေးသွားမယ်။ 

ဟိုတခါက
အမေ့ကို ထားပစ်ခဲ့သလိုမျိုး

“ဟောသည်ကမ္ဘာမြေကြီးရဲ့
နာမကျန်းမှုတွေကို ဆေးဝါးကုသဖို့
ကျနော် ကဗျာဆရာလုပ်ရမယ်
ကဗျာဆရာလုပ်မှဖြစ်မယ် အမေ”

အဲသလို ဆိုပြီး
အမေ့ကို ထားပစ်ခဲ့တုန်းက
ယာခင်းနံဘေး
တောလမ်းလေးပေါ်မှာ
မြက်ရိုင်းပင်တွေကို တိုးဖြတ်
တရှပ်ရှပ်နဲ့ ကျနော့်ဖိနပ်သံတွေ
ကျန်ရစ်ခဲ့တယ်။

ယာခင်းတွေ နောက်မှာချန်
တောတန်းတွေ ကျန်ရစ်ခဲ့တယ်။

ကျောက်စရစ်ကုန်းခေါင်
တလင်းပြောင်မှာ
ယုန်ထောင်၊ ပတတ်တူး၊ ချိုးတည်
ငယ်ဘဝတွေ ကျန်ရစ်ခဲ့တယ်။ 

လိမ်လိမ်မာမာနေဖို့
စကားလုံးတို့ တုန်ခါ
အမေ့မျက်နှာပေါ်က
မျက်ရည်စတွေ ကျန်ရစ်ခဲ့တယ်။ 

သူငယ်ချင်းတွေ
လက်ပြနေဆဲ၊ ဥသြဆွဲပေါ့
တရှဲရှဲမြည်လျက် ရထားထွက်ခွာ
တုန်ခါနေတဲ့ ဓာတ်ကြိုးပေါ်မှာ
တောကျီးကန်းတကောင်
အော်မြည်ရင်း ကျန်ရစ်ခဲ့တယ်။

မြို့ပြဘဝရဲ့
ခံစားမှုမြစ် ရသသစ်ထဲမှာ
ပလက်ဖောင်းတလျှောက်
ဓာတ်တိုင် မီးတိုင်တွေအောက်
တယောက်ကို တယောက်
ဖြတ်ကျော်လျှောက်သွားရင်း
သူစိမ်းဆန်တဲ့ လူတွေကြားမှာ
ဟို ... အနောက်တောင်ဆီကို ရော်ရမ်း
တောလမ်းကလေးကို
လွမ်းခဲ့ရပေါ့ အမေ။

နေညိုချိန်အိမ်အပြန်
လမ်းဘေးတိုက်ကြား ဓာတ်တိုင်နားမှာ
မားမားရပ်နေ တစ္ဆေတွေလား
“အမေရေ ... တစ္ဆေကို ကျနော် ကြောက်လှချည့်”
ယောင်ရမ်း ရွတ်ဆိုမိသော်လည်း
ရဲရဲတင်းတင်း
ဖြတ်သန်းရပြီ အမေ။

လူမှုဗေဒ ဝေါဟာရနဲ့
ရသသစ်တွေက
နှလုံးသားကို တအားကုတ်ခြစ်
ပွတ်သပ်ပြီး ဖြေသော်လည်း
ယားယံမြဲပါအမေ။ 

ဆည်းဆာရီထဲ
တိုးရှဲဖြတ်သန်း
ကိုယ့်လမ်းကို သွားခဲ့ရ
စကားငြင်းဆန်
ကားဟွန်းသံတွေကြား
နှလုံးသားတိတ်ဆိတ် မသိစိတ်မှာ
ရောဂါထူပြောခဲ့ပေါ့ အမေ။

အမေ့ထံ ကျနော်ပြန်မလာနိုင်တော့ဘူး
ငါ့မြေးလေးတွေ
အမေ မြင်ချင်လှပြီဆို
ဟော ...
အကြီးလေးက မသုမာတဲ့
ပိန်ပိန်သွယ်သွယ် နဖူးကျယ်ကျယ်နဲ့
သိပ်ချစ်စရာကောင်းတယ် အမေ၊
အငယ်လေးက မငုဝါတဲ့
အစားပုတ်ပုတ်၊ ဝတုတ်တုတ်ကလေး၊
နောက်တယောက်က
သားကြီးမောင်ဖိုးကာ
ဆော့တဲ့နေရာမှာ မျောက်ရှုံးပါပဲ
ငယ်ငယ်လေးကတည်းက
မျောက်ကလေးလိုပဲ
ကြီးလာရင် မျောက်နဲ့တူမလားပဲ။

သူတို့မောင်နှမတတွေ
ဦးလေးတွေ၊ အဒေါ်တွေနဲ့ တွေ့ဖို့
ကျနော်လာချင်ပါရဲ့ ... ဒါပေမယ့် ... အမေ။ 

ဟော ...
ကျနော်တို့အားလုံးအတွက်
အရွယ်မရောက်ခင်
ထန်းလှီးသင်ခဲ့ရတဲ့ အကိုကြီး
ထန်းပင်ပေါ်က ဇောက်ထိုးကျ
အနိစ္စရောက်ခဲ့ရပြီမဟုတ်လား။ 

ကျနော့်အစ်မ
အမေ့သမီး ပိန်တာရိုးလေး
သားသမီးခုနှစ်ယောက်မွေးတော့
ဆင်းရဲမှုဒဏ် မခံနိုင်လို့ထင်ရဲ့
အနိစ္စရောက်ခဲ့ရပြီမဟုတ်လား အမေ။ 

အမေ ... သည်တောသည်တောင်ထဲမှာ
အမေ့သားသမီးတွေနဲ့
အနေဝေး၊ အသေဝေးခဲ့ကြရသော်လည်း
အမေတယောက်တည်းမဟုတ်လား။ 

အမေ့မြေးတအုပ်နဲ့
ထန်းလျက်ကျို၊ ထင်းခွေ၊ ရေခပ်
ကျနော် တပြားတချပ်မှ
မထောက်ပံ့နိုင်ပေမယ့်၊ ငတ်မသေခဲ့ဘူး
အမေ သေရတာ
ငတ်လို့ မဟုတ်ဘူး အမေ။

မနေ့က အမေဆုံးကြောင်း ကြေးနန်းရတော့
ခရီးသွားဖို့ ဇနီးမယားနဲ့ တိုင်ပင်
ပြင်ရဆင်ရ ငွေရှာရနဲ့ပေါ့။ 

ညရောက်တော့လည်း ရင်ထဲမအေး
ပူဆွေးနေဆဲမှာ
ကလေးတွေက တီဗီသွားကြည့်ကြသတဲ့
သြော် ... မင်းတို့ အဖွားသေတဲ့ ရက်
မင်းတို့အတွက်
ဘာမှ မခံစားရပါလားနော်။ 
ငယ်သေးတဲ့ ကလေးလေးတွေပဲဆိုတာက တကဏ္ဍပေါ့။

မြို့ပြမှာနေတဲ့ အမေ့မြေးကလေးတွေ
အမေနဲ့ တအားဝေးခဲ့ပါလားဆိုတဲ့ အတွေးတွေက တကယ့်ကိုပါပဲ
ဘဝဆိုတာကိုလည်း
မကျေမနပ်ဖြစ်ရပြန်ပေါ့ အမေ
ခံစားရပြီပေါ့
ကျနော် ခံစားရပြီပေါ့ အမေ။ 

ကျနော်ဟာ
အဲဘတ်ကမူးမှ မဟုတ်ဘဲ
ကျနော်ဟာ
မာဆိုးမှ မဟုတ်ဘဲ
အခက်အခဲတွေ ရှိပေမယ့်
ကျနော်ဟာ
ဗုဒ္ဓဘာသာ ဗမာယဉ်ကျေးမှုထဲက
လူတယောက်အဖြစ်နဲ့ပဲ
အသက်ရှင်နေဆဲပါ အမေ။ 

အမေရေ ...
အမေရေ ... ...
အမေရေ ... ... ...
ကြေးစည်ကို ရိုက်နှက်ကြပေါ့
လှည်းဘီးကို သူတို့ တွန်းကြပေါ့
အမေ့ခေါင်းဟာ
လှည်းပေါ်မှာ ယိမ်းထိုးလို့
ရှားစောင်းပြာသာဒ်ပင်ပေါ်က
ဒေါ့ရင်းဆိုတဲ့အကောင်တွေ
တကျည်ကျည်မြည်လို့။

အမေ့မြေးကလေးလေးတွေ
အမေ့ရဲ့ ဆွေမျိုးသားချင်းကလေးတွေ
အမေ့ကို ခင်မင်တဲ့သူတွေ
မရဏတေးကို ရွတ်ဆိုငိုကြွေးလို့ 
အမေ့ခေါင်းပေါ်
ညောင်ရွက်တွေကြွေကျ
ဒါဟာ သင်္ခါရတရားပေဘဲလို့
ဆိုချင်သလား မသိပေဘူး အမေ။ 

ကုန်တန်ချိန်အပြည့်နဲ့ ကားတစီး
အဝေးပြေးလမ်းမကြီးပေါ်
ဖြတ်မောင်းသွားနေရဲ့။ 

ထန်းပင်မြင့်မြင့်ကြီးတွေပေါ်က
ရွက်ယောင်းခြောက်တွေ
တရှဲရှဲမြည်လို့ ...။ ။ 

ပိုင်စိုးဝေ

credit:http://drlunswe.blogspot.com/2012/08/blog-post_4.html

Posted by Unknown on
0 comments
categories: | | edit post

ကြေးစား

မွန်းကျပ်နေရတဲ့အထဲ
အိမ်ပြန်အလုပ်သမလေးရဲ့
ဣနြေ္ဒသိက္ခာကို
မထိပါးလိုဘူး။
"လော်ရန်ဇို" ဆက်တီပေါ်မှာ
မာတီနီနဲ့ ဇိမ်ကျနေတဲ့
ကျားသစ်မတွေရဲ့ သွေးညှီနံ့ကိုသာ
တစိမ့်စိမ့် အရသာခံချင်တယ်။
ကြိုက်ရင်ခေါ်လိုက်လေ
ကော်ဖီတစ်ခွက်နဲ့ လိုက်ခဲ့ဖို့ဝန်မလေးသူ
သူ့နာမည်က "မိုဃ်းဇော်"
ဒါမှမဟုတ်
ခေတ်ကြီးရဲ့ တန်းဖိုးအကြီးဆုံး ယဇ်ကောင်တဲ့။ ။

မိုဃ်းဇော်

Posted by Unknown on
0 comments
categories: | | edit post


လူလေလူလွင့်များရဲ့နေ့

ပြက္ခဒိန်တစ်ချပ်လို
စုတ်ပြတ်လွယ်တဲ့ နေ့စွဲမှာ
ဒိုင်ယာရီ မရေးတာ ကောင်းပါတယ်။
တကယ်ဆို
နတ်မကြိုက်တဲ့ ပါးစပ်နဲ့ အချစ်ကို ဓာတ်စာပေးကြည့်ဖူး
ပိုက်ဆံမရှိတဲ့လက်နဲ့ မြို့ကြီးကို ကျောသပ်ရင်သပ်လုပ်ကြည့်ဖူး
အရုပ်သေနတ်နဲ့
မိမိကိုယ်ကို ဇာတ်သိမ်းကြည့်ဖူး
အမိုက်မဲဆုံးညတွေကို
ငါးခုံးမ တစ်ကောင်လိုလည်း ကင်ဖူးတယ်။
ငါ့ရဲ့ အကုသိုလ်အအေးခန်းထဲက
ငယ်နာမည် "မာရီလင်"ရေ
ငါ့ကို စက္ကန့်လက်တံလို သဘောထားပါ
နားကြားလွဲတတ်တဲ့ငါဟာ
ပြာပုံထဲ အပျင်းကြောဆန့်ချင်တဲ့ ကောင်ပါ။
အရေပြားဆိုတာ အပ်တစ်ထောက်
ချွေးပေါက်တွေ အဝမကျယ်ခင်
ရင်ခုန်သံစစ်စစ်နဲ့
ဘဝကို ခေါစာပစ်ချေအံ။ ။

မိုဃ်းဇော်

Posted by Unknown on Tuesday, February 5, 2013
0 comments
categories: | | edit post

ဗီရာ(VERA)

" မင်းနာမည် ဘယ်သူလဲ"
" ဗီရာ"
" မင်းအမေက..."
" အကာလညရဲ့ ဒုတိယမာတိကာ"
" မင်းရဲ့အဖေ..."
" ရန်သူ"
" ကိုယ်တွင်ထင်ရှားသည့် အမှတ်သား"
" ဘယ်တော့မှ မကျက်နိုင်တဲ့ ဒဏ်ရာ"
" မင်းရဲ့ဇာတိ"
" စစ်ပြေးလမ်း"
နျူကလီးယား ပန်းခင်းထဲမှာ
ငြိမ်းချမ်းပါစေ
အာမင်။

မိုဃ်းဇော်

Posted by Unknown on
0 comments
categories: | | edit post


စိန်ခြယ်ပန်းများဖြင့်

၁၉၄၇
အတွင်းဝန်ရုံးထဲက
သူရဲဘောကြောင်လှတဲ့
တော်မီဂန်းစက်သေနတ်သံတွေအောက်မှာ
သူအသက်ပျောက်ခဲ့ရပြီ။
ရန်သူရဲ့အဖမ်းကိုဘယ်တော့မှ မခံဘူးဆိုတဲ့
သူ့ရဲ့ နည်းဗျူဟာ
အနုနည်းနဲ့ မရရင်
အကြမ်းနည်းနဲ့ ချမယ်ဆိုတဲ့
သူရဲ့ မဟာဗျူဟာ
နယ်ချဲ့တိုက်ပွဲ
ဖက်ဆစ်တိုက်ပွဲ
အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲ
တိုက်ပွဲစဉ်တလျှောက်
ရဲဝံပြောင်မြောက်စွာ ဖြတ်သန်းလာခဲ့သူဟာ
ပန်းတိုင်ရောက်ခါနီးမှ
ခွေးထက်မိုက်တဲ့ တိရိစ္ဆာန်တွေလက်ချက်နဲ့
အသက်စွန့်ခဲ့ရပေပြီ။
အသက်ငယ်ငယ်နဲ့
သူကျဆုံးခဲ့ရတာ
တိုင်းပြည်အတွက်
ကံမကောင်းအကြောင်းမလှမှုတစ်ခုပေလား။
မြင့်မြတ်တဲ့ " ဗိုလ်အောင်ဆန်း " ရယ်
ဟောသည် မိုးကောင်းကင်အခုံးကြီးအောက်မှာ
သင့်အမည်နာမဟာ
အမြဲစီးဆင်းနေရစ်မယ့် " ဧရာဝတီ "ဖြစ်ပါတယ်။
သင့်အမည်နာမဟာ
အမိမြေဆီလွှာကတောင်
သရဖူဆောင်းပေးထားရတဲ့
" ရိုးမ " လည်းဖြစ်ပါတယ်။
သင့်ရဲ့
ကြီးမြတ်တဲ့ဝိညာဉ်ဟာ
" ဧရာဝတီ " လိုအမြဲစီးဆင်းပြီး
" ရိုးမ " လိုအမြဲထာဝရရပ်တည်နေမှာပဲဖြစ်ပါတယ်။
" ဂန္ဒီကြီး "
" အန်ကယ်ဟို "
" ဒေါက်တာရီဇော် "
" မော် "
အာရှတိုက်ရဲ့ အကျော်အမော်များနည်းတူ
ကျွန်တော်တို့တိုင်းပြည်ရဲ့ အမှောင်တွင်းထဲက
" အောင်ဆန်း " ဆိုတဲ့ အလင်းရောင်ထွန်းလင်းခဲ့လို့
ကျွန်တော် အရမ်းဂုဏ်ယူမိပါတယ်။
ငါ့တိုင်းပြည်ကိုပြန်ပေး
ငါ့သယံဇာတကိုပြန်ပေး
ငါ့လေထုကိုပြန်ပေး
ငါ့ကလေးတွေကိုပြန်ပေး
ငါ့အိမ်မက်တွေကိုပြန်ပေး
သူ့ရဲ့ကြွေးကြော်သံဟာ
ယူနီယံဂျက်အလံကို ဖောက်ထွင်း
နေဝင်းနီကိုအလံကို ဆွဲဖြဲပြီး
နွေဦးကွင်းပြင်ထဲ ထွက်လာရဲ့။
၁၉၊ ဇူလိုင်တဲ့
အားလုံးထိုင်ပြီး ငိုကြွေးခဲ့ရပြီ။
ဆောင်းမနက်ခင်းစောစောမှာ
ဝေဆာလန်းဆန်းနေသော စိန်ခြယ်ပန်းများဖြင့်
သင့်အမည်နာမအား
ကျွန်ုပ်ရှိခိုးပူဇော်ပါတယ်။
လူသားဟုခေါ်ဆိုရန်ပင် မထိုက်တန်
သင့်ရဲ့ကောင်းမြတ်မှုပြည့်လျှံနေသော အမည်နာမအတွက်
စိန်ခြယ်ပန်းများဖြင့်
ကျွန်ုပ်ရှိခိုးပူဇော်ပါတယ်။
အမိနိုင်ငံတော်ရဲ့
သံခြေချင်းကို ရိုက်ဖြုတ်ပေးခဲ့သော
သင့်အမည်နာမအား
စိန်ခြယ်ပန်းများဖြင့်
ကျွန်ုပ်ရှိခိုးပူဇော်ပါတယ်။
လင်းယုန်ငှက်တွေဝဲနေတဲ့
ဟောသည်ဆောင်းလမ်းမှာ
" ဗိုလ်အောင်ဆန်း " တဲ့
စိန်ခြယ်ပန်းများဖြင့်
ကျွန်ုပ်ရှိခိုးပူဇော်လိုက်ပါရဲ့။
 
မိုဃ်းဇော်

Posted by Unknown on
0 comments
categories: | | edit post


ကိုယ်ရေးအတ္ထုပ္ပတ္တိအကျဉ်း

ဗီယက်နမ်ကဗျာဆရာတစ်ယောက်လို ငါနေထိုင်
ဂျမေကာကျွန်းသားတစ်ယာက်လို ငါခံစား
အာဖရိကန်မုဆိုးတစ်ယောက်လို ငါအိပ်စက်
ကိုလံဘီယာအလုပ်သမားတစ်ယောက်လို ငါရှုမျော်
သြော်. . .
ငါတပ်မက်တဲ့ ကမ္ဘာကြီး။
ငါးမန်းဟာ
ဆားငန်ရေနဲ့ အသားတုံးငတ်သလို
ငါလည်း အချစ်နဲ့ အသစ်ကို ငတ်မွတ်မိ
နွေဦး(၄၀)ရှိခဲ့ပါပြီ။
နွေဦး(၄၀)ရုပ်ရှင်မှာ
ဗီလိန်လည်း လုပ်ခဲ့ရ
ဇာတ်လိုက်လည်း ဖြစ်ခဲ့ရ
ထောင်ချောက်လည်း နင်းခဲ့ရ
ပိုက်ကွန်လည်း ချခဲ့ရ
ပျားရည်လည်း လျက်ခဲ့ရ
ဆေးခါးကြီးလည်း သောက်ခဲ့ရ
နတ်ပြည်လည်း တက်ခဲ့ရ
ငရဲပြည်လည်း ကျခဲ့ရ
သေနတ်ပစ်ခန်းလည်း ကြုံခဲ့ရ
မင်းသမီးကိုလည်း နမ်းခဲ့ရ
စကတည်းက မှားခဲ့ကြတော့
လမ်းပျောက်ခဲ့တဲ့နှစ်တွေအတွက်
စိတ်မပျက်တော့ဘူး။
"သခင်ကိုယ်တော်မှိုင်း"နဲ့"အိုင်းစတိုင်း"ကို ကြိုက်ခဲ့တာ
"ကက်သရင်ဇီတာဂျုံး"နဲ့မော်စီတုံးကို ကြိုက်ခဲ့တာ
"ရော့ခ်သီချင်း"နဲ့ "အရက်ပြင်း"ကို ကြိုက်ခဲ့တာ
"ပြင်သစ်ကော်ဖီ"နဲ့ "ဂျင်းဘောင်းဘီ"ကို ကြိုက်ခဲ့တာ
"မုန့်ဟင်းခါး"နဲ့ "မက်ဒေါနား"ကို ကြိုက်ခဲ့တာ
"နေကာမျက်မှန်"နဲ့ "ခြံထွက်သီးနှံ"ကို ကြိုက်ခဲ့တာ
"မဟတ္တမဂန္ဒီ"နဲ့ "မိုဒီဂလျာနီ"ကို ကြိုက်ခဲ့တာ
"မြို့မငြိမ်း"နဲ့ "ကပ်ကိုဘိန်း"ကို ကြိုက်ခဲ့တာ
"ငါးသလောက်ဥ"နဲ့ "မမနု"ကို ကြိုက်ခဲ့တာ
ငါဟာ တကယ့်ကို ပုထုဇဉ်ပဲ။
ဒီမယ် ငါ့တစ်ယောက်တည်း
လေချွန်ရင်း မြွေဖမ်းရင်း
ပေါက်ပြဲနေတဲ့ နေ့တွေကို
ပြင်ဆင်ဖာထေးဖို့ ကြိုးစားရင်း
မြို့ပတ်ရထားကြီးနဲ့အတူ
မိုးချုပ်ခဲ့သူပါ။ ။

မိုဃ်းဇော်

Posted by Unknown on
0 comments
categories: | | edit post


လူစီရဲ့လက်ဆောင်

ရှက်တတ်တဲ့ ကြယ်တွေကတောင်
လက်မြှောက်ထားရတဲ့ "လူစီ" ဟာ
မျက်လုံးထဲ ဓားမြှောင်တစ်လက် ထည့်ကြည့်တတ်တယ်
ခေါင်ရမ်းပွင့်တွေကလည်း "လူစီ"ကြောင့် ပွင့်ခဲ့ရတာတဲ့
အနမ်းဆိုတဲ့ နှစ်ချို့အိုးထဲ
"လူစီ"ဟာ ဘ၀ကြီးတစ်ခုလုံးကို မျောက်သွေးလို
စိမ်ထားနိုင်တယ်
"လူစီ"ဟာ
နှုတ်ခမ်းနီ နည်းနည်း ဆိုးလိုက်ရုံနဲ့
ဘ၀တွေကို လေဖြတ်သွားအောင် စီရင်နိုင်တယ်
"လူစီ"ခန္ဓာကိုယ်ထဲက
ထုတ်သမျှပစ္စည်းတိုင်းမှာ
ယောက်ျားပီသရမယ်ဆိုတဲ့ အထူးသတိပေးချက် ပါတယ်
"လူစီ"ဟာ
အနာဂတ်ကို ကိုယ်ဝန်ဆောင်နိုင်တယ်
ငရဲနဲ့ တိုက်ရိုက်ပျံသန်းနိုင်တယ်
ပျံသန်းနေတဲ့ သမာဓိကို
သစ်တော်သီးလေးတစ်လုံး ခူးချနိုင်တယ်
အသည်းကွဲလူနာအတွက်
လမ်းကြိတ်စက်တစ်စင်းနဲ့တူတဲ့"လူစီ"ဟာ
ကလေးတွေရဲ့ "မာသာထရီဆာ" ကိုယ်ပွားဖြစ်တယ်
ကရုဏာပုံတူဖြစ်တယ်
နို့ထွက်တဲ့ ပန်းပွင့်ဖြစ်တယ်
"လူစီ"ဟာ
ကုန်ထုတ်စွမ်းအားစုတွေကို ရေပတ်တိုက်ပေးနိုင်တယ်
ဘုရားသခင်နဲ့ သားအမိတော်နိုင်တယ်
"လူစီ"
ခင်ဗျားဘယ်ကလာလဲ
ကောင်းကင်ကလား
မြေကြီးကလား
ဖိုသတ္တ၀ါရဲ့ နံရိုးထဲကလား
"လူစီ"
ခင်ဗျားအတွင်းခံတွေကို ဘာနဲ့ ချုပ်ထားလဲ
ပိုးသားနဲ့လား
သွေးချွေးနဲ့လား
ကမ္ဘာ့သမိုင်းကြောင်းနဲ့လား
ခုထိ ဘယ်သူမှ မသိသေးဘူး။ ။

မိုဃ်းဇော်

Posted by Unknown on
0 comments
categories: | | edit post


နေကြာပန်းများ

အနီရောင်
ရေသောက်မြစ်တွေဆီက
သူလာခဲ့တယ်။
ပွင့်ပြီးရင် ကြွေရမှာလည်း
သူသိခဲ့ပေရဲ့။
ကြွေပြီးရင် နွမ်းရမှာလည်း
သူ သိခဲ့ပေရဲ့။
မလိုပါဘူး
သင်တို့ဆီက
ဘာအကူအညီမှ မလိုပါဘူး။
နေမင်းကို
အံကြိတ်ရင်း သူကြည့်
သတ္တိရှိတဲ့ မွှေးရနံ့တွေနဲ့။

မိုဃ်းဇော်

Posted by Unknown on
0 comments
categories: | | edit post


၁၉၈၅ခုနှစ်ကနှင်းဆီ
(၁)
နယူးယောက်ဆိုတဲ့ မြို့ကြီးရဲ့
၀၀ဖီးဖီးကဖီး ဆိုင်ကလေးတစ်ဆိုင်မှာ
ဟောဒီစဟာမျက်နှာကို မင်းဆွဲလှန်မိမယ်ဆိုရင်
ဒီကဗျာဟာ မင်းအတွက်ပဲ ရည်စူးပြီး ရေးလိုက်ပါပေရဲ့
အရောင်ရင့်ရင့် အပွင့်ကားကား နှင်းဆီရေ။
(၂)
ဂန္ဓလရာဇ်သွေးရောင်လွှမ်းနေတဲ့
မင်းရဲ့ အနီရောင်နှုတ်ခမ်းသားပေါ်မှာ
ငါဟာ အပျင်းပြေလမ်းသလားနေကျ
မင်းရဲ့လျှာ
မင်းရဲ့သွား
အဲဒီအရာနှစ်ခုကြားကနေ
ဖြတ်သန်းတိုက်ခတ်လာတဲ့လေ
ပူနွေးစွတ်ဆိုနေပေမယ့်
စပျစ်သီးနံ့လေး သင်းပျံ့နေတတ်လို့
ငါဘယ်လို မေ့ပစ်နိုင်မှာလဲ။
(၃)
မင်းရဲ့ ရေစိုဆံပင်တွေ ဖြီးသင်ပေးနေခိုက်
ငါ့ရဲ့ တောစီးဖိနပ်ကို ကြိုးတပ်ပေးခဲ့တာ
ဘ၀ရေစက်လို့ ခေါ်ရမလား
ဒီကပဲ မှားယွင်းခဲ့ပါတယ်။
(၄)
"ဟစ်တလာ"ကို ငါတို့ မချစ်ခဲ့ဘူး
"ရှိတ်စပီးယား"ကို ငါတို့ ချစ်ခဲ့တယ်
"မူဆိုလီနီ"ကို ငါတို့ မချစ်ခဲ့ဘူး
"မိုဒီဂလျာနီ"ကို ငါတို့ ချစ်ခဲ့တယ်
"စတာလင်"ကို ငါတို့ မချစ်ခဲ့ဘူး
"ယက်ဖ်တူရှင်ကာ"ကို ငါတို့ ချစ်ခဲ့တယ်။
(၅)
"ကိုလံဘတ်(စ်)ရေ
မစ္စတာ"ကိုလံဘတ်(စ်)" ခင်ဗျား
မမြင်နိုင်တဲ့ ကံတရားက
ငါ့ သူမကို "အမေရိက"မှာ ပစ်ချထားခဲ့ပေါ့။
(၆)
"ပုဇွန်တောင် ရေကျော်"မှသည်
"မြောက်အမေရိက"ဆီသို့
ငါ့ရှင်မတောင်းသနပ်ခါးနံ့ကလေး
ဖြတ်ပြေးသွားပါပကော။
(၇)
ကမ္ဘာကြီးကို
မြင်းတစ်ကောင်လို စီးနေတဲ့
ကောင်းဘွိုင်တွေရဲ့ နယ်မြေမှာ
မင်း အယားမပြေနိုင်ဘဲ နေလေမလား။
သွေးဆူလွယ်တဲ့
ကောင်လေးတစ်ယောက်ရဲ့ ပုံရိပ်ကို
ဝီစကီဖန်ခွက်ထဲကပဲ ကြည့်နေမလား။
အမေရိကန်ပြည်ထောင်စုရဲ့
အစိုးရရုံးပိတ်ရက်တွေမှာ
မင်းဘယ်လိုများ နေရှာမလဲ
မသေခင်
ပြန်တွေ့ခဲ့ကြရင်
ဘယ်က ဘယ်လို နှုတ်ဆက်ရမလဲဟင်။
(၈)
တမာပင်အောက်က
ဗျိုင်းတောင်ဆန်တဲ့ ငါ့ဝိညာဉ်ဟာ
"အပါချီ"ရက်အင်ဒီးယန်းတွေရဲ့ ဇာတိမြေ
မင်းအခြေစိုက်နေထိုင်ရာ အနောက်ဘက်ဒေသဆီ
ချီတက်ခဲ့ပြီပေါ့ "နှင်းဆီ"။

မိုဃ်းဇော်

Posted by Unknown on
0 comments
categories: | | edit post

မိုးတိတ်တေး

အထည်ချုပ်စက်ရုံကြီးထဲက
ချည်မွေးညှပ်ကောင်မလေးရေ
မင်းရဲ့ မြွေရေခွံအိတ် အဟောင်းလေးထဲမှာ
လုံခြုံမှုတွေ ကြည့်ကောင်းသေးရဲ့လား
ထဘီတစ်ပတ်နွမ်းလေးကိုပဲ
အကြိမ်ကြိမ် အထပ်ထပ်ဆင်မြန်းရှာခဲ့ရ
သမ္မာအာဇီဝဆိုတာ
စကားလုံးအားဖြင့် လှပါရဲ့
ပရိုတိန်းတော့ ကြွယ်ဝလိမ့်မှာ မဟုတ်ဘူး။
နတ်ပြည်ခြောက်ထပ်ရဲ့ အဝေး
စပို့ရှပ်ဒီဇိုင်းတွေရဲ့ အဝေး
ရွှေမြို့တော်ကြီးရဲ့ အဝေးဆီက
ပူဆွေးနေတဲ့ လယ်ကွင်းတွေကို
မင်းထားခဲ့တယ်
တစ်ဘ၀လုံး ပက်ကြားအက်နေတဲ့
တောသူတောင်သား မိဘမောင်ဘွားတွေကို
မင်းထားခဲ့တယ်
ထနောင်းပင်၊ ထန်းမြစ်နဲ့
သဲထဲရေသွန်နေ့ရက်တွေကို
မင်းထားခဲ့တယ်
မင်းကတော့
အတောင်အလက်မစုံလင်ဘဲ
တောင်ဒဂုံစက်မှုဇုန်ထဲမှာ
ဒဏ်ရာရငှက်ကလေးတစ်ကောင်လို တုန်ယင်လို့
ကြုံလှီဖျော့တော့
မထူးတော့ပါဘူးလေဆိုပြီး
ကိုယ့်ဘ၀ကို အမျောမခံနဲ့
သံမဏိကြိုးတစ်ချောင်းလို အားတင်းထား
ကွန်ကရစ်တုံးကြီးတွေလို ကြံ့ကြံ့ခံ
လက်ဖြောင့်သေနတ်သမားရဲ့ ကျည်ဆန်လို
ဆုံးဖြတ်ချက်တွေ ဖြောင့်မတ်မှန်ကန်ပါစေ
ကမ္ဘာကြီးဟာ
အနိဌာရုံချည်းပဲ မဟုတ်ဘူး
လတ်ဆတ်တဲ့ သစ်သီးဝလံတွေနဲ့
ပျော်စရာသီချင်းတွေလည်း ရှိတယ်ကွယ်
အဲဒီအခါကျ
မင်းဟာ သားကောင်းမိခင်လည်း ဖြစ်ခွင့်ရှိ
အိပ်မက်ကို ပုခက်လွှဲရင်း
လောကကို နို့ချိုတိုက်ကျွေးခွင့်လည်းရှိ
အစစ်အမှန် သာယာပျော်ရွှင်ချမ်းမြေ့ခွင့်လည်းရှိ
အခွင့်အရေးမှန်သမျှ အကုန်ရှိပေရဲ့။
အခုလို
မိုးပြိုချိန်မှာတော့
သရုပ်ပြတင်ဆက်ရင်း မင်းရယ်မော
သောကကို
ကကြိုးဆင်ရင် မင်းကခုန်
ဆေးရောင်စုံနဲ့ အနာဂတ်ကို
မင်းယုံကြည်လိုက်ပါ
ရှင်နေမင်းဟာ
ငါတို့ ထင်သလို
အဝေးကြီး မဟုတ်ရပါဘူးကွာ။ ။

မိုဃ်းဇော်

Posted by Unknown on
0 comments
categories: | | edit post
Related Posts Plugin for WordPress, Blogger...

۞۞۞အချိန်သည်လူ၏တန်ဖိုး۞۞۞

۞۞۞နွေးထွေးစွာကြိုဆိုပါတယ်۞۞۞


hit counter

۞۞۞ကိုယ်တော်စာပေ۞۞۞

http://www.kotawsarpay.com/

۞۞۞အွန်လိုင်းရွှေဝထ္ထုတိုဆု۞۞۞

۞۞۞ဘလော့ခရီးသည်۞۞۞

http://www.aungsanmks.com/

۞۞۞like လုပ်ပေးခဲ့ပါဦးနော်۞۞۞

Popular Posts

Blog Archive

Member ဝင်ပေးဖို့ဖိတ်ခေါ်ပါတယ်

သီချင်းလေးတွေနားထောင်ကြမယ်

dancer photo dancer_zpsbd8f2ed7.gif
သီချင်းတောင်းချင်ပါက dj@mmyos.com ကိုအပ်၍ တောင်းဆိုနိုင်ပါသည်

လိုအပ်သည်များပြောကြားခဲ့ပါနော်

Total Pageviews

လာရောက်အားပေးကြသူများ

လာရောက်သူတို့ရဲ့စကားသံလေးများ

flag counter

Flag Counter