သမိုင်းမှာ မင်းတရားခံဖြစ်မယ်
မင်းမမှန်ရင်
မင်းတရားခံဖြစ်မယ်၊
ငါမမှန်ရင်
ငါတရားခံဖြစ်မယ်၊
တရားဆိုတာ
ညှာလဲမညှာ၊ ညာလဲမညာ
သာစေ နာစေမရှိ
ပကတိ သူ့သဘောသူဆောင်ခြင်းပဲ။
ဒီနေ့ မင်းရဲ့လုပ်ရပ်ဟာ
နောင်နေ့ မင်းရဲ့အတ္ထုပ္ပတ်။
ဒီနေ့ မင်းရဲ့လုပ်ရပ်ဟာ
နောင်နေ့ မင်းရဲ့အနာဂတ်။
မပတ်သက်ချင်လို့ မရ
မစပ်ဆက်ချင်လို့ မရ။
မင်းဘဝကို မင်းကသာပြဌာန်းတယ်။
မင်း ဘာလဲ
မင်း ဘယ်သူလဲ
မင်းဟာ မင်းပဲ။ ။
တင်မိုး
credit: http://www.maukkha.org/index.php/book-store/poem-maukkha/2617-2012-12-04-05-12-43
Posted by Unknown on Tuesday, February 5, 2013
0 comments
categories: | | edit post
ဇာတ်ညွှန်း
တိမ်တွေပြိုကျလာပုံကဆန်းတယ်
ဒီနေ့ဟာ တနင်္လာနေ့တစ်နေ့ပဲ
တနင်္ဂနွေဆီကို တစ်ကွေ့တစ်ပတ်ကြီး ပြန်လျှောက်ရဦးမှာ
တစ်နေ့ချင်း... တစ်နေ့ချင်း... နောက်ကျနေရဦးတော့မယ်။
ကောင်းကင်က... ခြစ်ခြစ်တောက်အုံ့ဆိုင်းနေတယ်
ဧကရာဇ်ပွင့်ကြွေတွေကို သိမ်းထားရရင်ကောင်းမလား
ဖားလျားဆံနွယ်ရှည်တွေက နွေကိုယက်ဖောက်ရင်း
စက်တင်ဘာတေးချင်းကိုဆိုလို့ ။
မာယာပျို့ပျို့တွေကို ပြုံးပြလိုက်ဖို့ မေ့နေတဲ့ညနေ
စာတွေရေးရေးပြီးမထည့်ဖြစ်ခဲ့တာပါ
မနက်ဖြန်ခါဆီသွားမယ့်လူကြုံ
သူက ... နေအစုန်ကို စောင့်နေသေးသတဲ့ ။
နောက်ဆုံးဇာတ်ဝင်ခန်းရောက်ပြီ
ဘ၀ကိုခွဲစိတ်ကုသဖို့ လျှောက်လွှာတင်ထားတဲ့နေ့
ရောင်ခြည်ဟာ... နှင်းကိုမခွဲနိုင်တာလား
ထွက်ကို မထွက်လာသေးတာလား
.... .... .....
အဲ့ဒီနံနက်ခင်းကဖြင့် ခုထိမီးမလာသေးဘူး။
မနော်ဟရီ
၃၀.၀၆.၂၀၀၀
credit: http://myanmarmodernpoems.blogspot.com/
Posted by Unknown on Saturday, February 2, 2013
0 comments
categories: | | edit post
သိဟ်ရာသီရဲ့နောက်ဆုံးနေ့
နှင်းငွေ့တွေဝေနေတဲ့လမ်းကလေး
သူ့တစ်ကိုယ်တည်းအဝေးကိုငေး... လို့။
ဆိုင်းမှိုင်းဖျော့တော့လွန်းပေမယ့်
မြို့ကလေးရဲ့ကဗျာဆိုတာ
အဲဒီနေ့မှာ... ရှိခဲ့တယ်။
နားလည်မှုတွေ တနင့်တပိုးထမ်းထားရတဲ့
ကိုယ့်ကမ်းပါးကလေးပေါ်မှာ
မုတ်သုန်မိုးတွေတဖွေးဖွေးရွာခဲ့ ... ။
တကယ်တမ်းကျတော့
မုန်တိုင်းတွေကိုဟားတိုက်မောင်းထုတ်ပစ်လိုက်ရတာ
ခါးကျင်လွန်းလှပါတယ်
နာရီတွေသေဆုံးမြဲသက္ကရာဇ်တွေထဲ
သွေးအေးသတ္တ၀ါလိုယောင်ဆောင်ခွေခေါက်
ခရီးမရောက်သေးတဲ့လမ်းကလေးလေ...
ခုထိ... နေမြင့်နေဆဲ ... ။
မနော်ဟရီ
ဗျူးတီး၊ ၂၀၀၀။
credit:
Posted by Unknown on
0 comments
categories: | | edit post
ပဟေဠိအင်္ကျီိကိုဝတ်ထားတဲ့နေ့
မမုန်းချင်လောက်အောင်မုန်းတဲ့သူပါပဲ
ဒါပေမယ့်...
မာယာအခင်းအကျင်းအတုတွေထဲမှာ
နစ်ဝင်ပျောက်ဆုံးမသွားစေချင်သေးဘူး
ရင်ထဲကလရောင်စစ်စစ်တစ်ပွင့်စာ
လောက်ကိုပဲ မျှဝေပေးခဲ့စမ်းပါ
အနာတရတွေအားလုံး
ကျုံးသွင်းပေးထားလိုက်ပါ့မယ်။
ခုတော့
ခင်ဗျားရဲ့ဟင်းလင်းပြင်ကြီးတစ်ခုလုံး
ဝရုန်းသုန်းကားနဲ့ တိတ်ဆိတ်နေတာ
ပဟေဠိပါပဲ။
တဖျပ်ဖျပ်
နေ့ရက်တချို့ရဲ့အိပ်တန်းတက်တောင်ပံ
ခတ်သံပြန်ကြားနေရ
ကြယ်အိုရောင်မွှေးမွှေးနဲ့
တေးသီချင်းတစ်ပုဒ်အတူဆိုဖို့ ချိန်းထားတဲ့နေ့
ဆောက်တည်လက်စ... မြို့ပျက်ကြီးရဲ့ဝင်ရိုးစွန်းတစ်ဖက်မှာ
ငါ...
နေရောင်ခြည်တွေကို တမေ့တလျော့
ပြီးတော့ ...
အိပ်မောကျဖို့ကလည်း စောနေသေးတယ်။
မနော်ဟရီ
Manor Hary
credit:http://myanmarmodernpoems.blogspot.com/
Posted by Unknown on
0 comments
categories: | | edit post
ဒဏ္ဍာရီ (၁၃)
မြေနဲ့လုပ်တဲ့ကောင်းကင်တစ်ခုလို
လင်းညိုပြဖို့ရာ
ကျောက်ဆစ်စကားလုံးတွေ
တစ်ဖူးတလေမှတောင် မကျန်ဘူး။
ဖုန်းဆိုးရင်တလင်းတစ်ခုလုံး
မြူခိုးတွေ တ၀ုန်းဝုန်းတောက်လောင်
အမှောင်ရူးရူးတွေကသာ
သစ္စာရှိစွာတောက်ပနေခဲ့ ။
ဝင်္ကပါကိုမုန်းရင်း
လိပ်စာပျောက်ဆုံးနေတဲ့ ချောက်ကမ်းပါးလေးမှာ
ဇန်န၀ါရီလေတွေထန်လို့...
(ခုန်ချလိုက်ဖို့ကလည်း)
ကြာမြင့်စွာ
အခက်ချိုးရင်း.... အရိပ်နေခဲ့သူများ
အရှေ့မျဉ်းဖြောင့်အတိုင်း သွားနိုင်ပါစေ။
နေခဲ့ရသူပဲကွယ်
အကွဲကွဲအကြေကြေ .... ဖြေသိမ့်တတ်ပါတယ်။
မနော်ဟရီ
ဟန်သစ်၊ အမှတ်စဉ် ၊ ချယ်ရီ ၂၀၀၀
credit: http://myanmarmodernpoems.blogspot.com/
Posted by Unknown on
0 comments
categories: | | edit post
မြစ်ကျဉ်း
စားပွဲခုံတွေက ...
သီချင်းမဆိုတတ်ကြဘူး
တိတ်ဆိတ်စွာ တောင့်တင်းနေကြ။
နံရံထက်ကပန်းချီကားများ
ဆွံ့အသွားခဲ့ကြပေါ့
ပြေးလွှားဆော့ကစားနေတဲ့ကလေးငယ်များ
အိပ်မောကျနေ...
ကျေးငှက်တွေ
နယ်နှင်ဒဏ်ခံရတဲ့တစ်နေ့ ... ။
အဲဒီတစ်နေ့
ခြောက်သွေ့လိုက်ပုံများပြောပါတယ် ...
ငါ့မျက်ဝန်းညိုမှာ
မြူတွေတောင်ဝန်းခိုလို့ ... ။
မနော်ဟရီ
၁၆.၀၅.၁၉၉၆
Posted by Unknown on
0 comments
categories: | | edit post
အဲသလိုနဲ့
သန်းပေါင်းလေးထောင်ထဲမှာ….
ခင်ဗျားဟာနံပါတ်ဘယ်လောက်ဖြစ်ခဲ့ပါသလဲ။
လောကမှာ…
လူတွေများတယ်
ဖိနပ်တွေများတယ်
ကာဘွန်ဒိုင်အောက်ဆိုဒ်တွေများတယ်။
လူဆိုတာ…
ဘောင်းဘီဝတ်တယ်
အမဲသားစားတယ်
အိမ်ထောင်ပြုတယ်
စီးကရက်သောက်တယ်
(ကိုယ်မလုပ်တဲ့အလုပ်တချို့ ပေါ့)
လူဆိုတာသတင်းစာဖတ်တယ်
ပိရမစ်ဆောက်တယ်
စပါးစိုက်တယ်
အာကာသထဲမှာလမ်းလျှောက်တယ်
(ကိုယ်မလုပ်တဲ့အလုပ်တချို့ ပေါ့)
လူဆိုတာ..
အကုသိုလ်ကိုအကြွေးဝယ်နိုင်တယ်
လေခွန်မဆောင်ရဘူး
သေရင်သင်္ချိုင်းရှိတယ်။
သင်ဟာ
                          (သစ္စာနီ)
                   ဂီတပဒေသာ ၁၉၈၄
                   Credit:: http://aug27.weebly.com
Posted by Unknown on
0 comments
categories: | | edit post
ခေါင်း လည်းကျလို့ရ
ပန်းလည်း ကျလို့ရတဲ့
ဒင်္ဂါးပြား တစ်ခုလိုပေါ့လေ။
လူတွေ..
အေးရာအေးကြောင်း ရှာပုံက
လေငင်ရာ ယိမ်းလို့
တစ်ယောက်နဲ့ တစ်ယောက် ထိပ်ပုတ်
ခေါင်းပုတ် လုပ်လို့
လူတွေ..
အေးရာအေးကြောင်း ရှာပုံက
ရာသီဥတုကို အပြစ်ပြောလို့
ဒုက္ခကို ယပ်ခတ်လို့
ဒီကွေ့မှာ ဒီတက်နဲ့လှော်လို့။
လူတွေ..
အေးရာအေးကြောင်း ရှာပုံက
နေကာမျက်မှန် ကိုယ်စီတပ်လို့
ကိန်းဂဏန်းတွေကို ဖိုထိုးလို့
ပွဲတော်ရက်တွေကို မြော်လို့။
မြက်ခင်းစိမ်းစိမ်းတွေ ဖုံးနေတဲ့ မြေပုံမို့မို့
မနက်ဖြန်ကို
အဲ့ဒီမှာ မြှုပ်ခဲ့တာပေါ့။ ။
                            သစ္စာနီ
Posted by Unknown on
0 comments
categories: | | edit post
ဒါဟာ
ကဗျာသက်သက်ဖြစ်ပါတယ်
တစ်ခုခုကို ခံစားဖို့
ဒါဟာ
အသင့်ဖျော်သောက်နိုင်တဲ့ကော်ဖီတစ်ခွက်
အပန်းဖြေကမ်းခြေရှု့မျှော်ခင်း
ဆောင်းခိုငှက်တွေရဲ့ သီချင်းသံ
အပျိုစင်တစ်ယောက်ရဲ့ကိုယ်သင်းနံ့မဟုတ်ပါဘူး
ဒါဟာ
ကဗျာသက်သက်ဖြစ်ပါတယ်
တစ်ခုခုကိုခင်ဗျားနားလည်ဖို့
ဒါဟာ
ပုတ္တောဝါဒဆုံးမစာ
ပါလက်စတိုင်းအရေးအခင်း
ရီလေးတစ်ဗီတီသီအိုရီ
ရုပ်မြင်သံကြားစက်ပြင်နည်း
မဟုတ်ပါဘူး
ဒါဟာ
ကဗျာသက်သက်ဖြစ်ပါတယ်
တစ်ခုခုကိုခင်ဗျားမျှော်လင့်ဖို့
ဒါဟာ
ကံစမ်းမဲပါတဲ့ ဝီစကီပုလင်း
ကောင်မလေးခေါ်မယ့်တယ်လီဖုန်း
အခွံမနွှာရသေးတဲ့ လိမ္မော်သီး
မိုးလေဝသခန့်မှန်းချက်
မဟုတ်ပါဘူး
ဒါဟာ
ကဗျာသက်သက်ဖြစ်ပါတယ်
ကဗျာသက်သက်ဆိုတာ
ကဗျာသက်သက်ပါပဲ။
                             သစ္စာနီ
Posted by Unknown on
0 comments
categories: | | edit post
မဟုတ်ဘူး
ခင်ဗျားလူမှားတာ
တစ်ကယ်တော့ သူကသေသွားပြီ
သြော်
တစ်ကယ်ပါဆို
ခင်ဗျားနှယ့်
မြေခွေးတွေနဲ့ ပေါင်းပြီး
လိမ္မော်ခြံထဲ စပျစ်ပင်တွေ
ဖောက်ခဲ့တဲ့တစ်ယောက်ကို ပြောတာမဟုတ်လား
ဟုတ်တယ်
တစ်ကယ်ပဲ သူသေသွားပြီ
ဟုတ်တယ် သူကစကားနည်းတယ်
အမြဲတစေပြောတတ်တဲ့ စကားကလည်း
သူစကားနည်းတယ် ဆိုတာပဲ
အင်္ကျီရှည်ပဲ အမြဲဝတ်လေ့ရှိပြီး
အင်္ကျီလက်ကိုလည်း အမြဲခေါက်တင်ထားတယ်
တစ်နေရာကိုကြည့်ရင် တစ်သက်လုံးနီးပါးကြာတယ်
“ရှုခင်းတွေက အလကားရတယ်
ခံစားမှုအာရုံက အလကားမရဘူးလို့”
သူအလွတ်မကျက်ဘဲ အလွတ်ရနေတတ်တဲ့
ကဗျာထဲက စာသားတွေနဲ့
မေးငေါ့သူတိုင်းကို ပြန်ချေပတတ်တယ်
ဟုတ်တယ်
သူ ကဗျာတွေလည်းရေးတယ်
သူတစိုက်တမတ်လုပ်တာဆိုလို့လည်း
ကဗျာရေးတာနဲ့ အညစ်အကြေးစွန့်တာပဲရှိတယ်
ဒါပေမယ့် သူက သူ့ကိုယ်သူ
ကဗျာဆရာမဟုတ်ဘူး
ကဗျာသူငယ်ချင်းတဲ့
ဟုတ်တယ်
ဂွတီးဂွကျနိုင်ပါကောလား
အသိုင်းအဝိုင်းတွေကို မုန်းတယ်
ပါတီပွဲတွေကို မုန်းတယ်
အခေါ်အဝေါ်တွေကို မုန်းတယ်
ဖောက်ပြီးသားလမ်းတွေကို မုန်းတယ်
မှတ်ပုံတင်တွေကို မုန်းတယ်
ခင်ဗျား တစ်ခုခုပြောလိုက်
အဲဒါလည်း သူမုန်းနေမှာပဲ
ဒါပေမယ့် သူဟာ ဝါဒီသမားမဟုတ်ဘူး
သူ့မျက်လုံးတွေကိုကြည့် သိလိမ့်မယ်
သူဟာ ဟစ်တလာကို ထောက်ခံပေမယ့်
ပုရွက်ဆိတ်တန်းလေးတွေ့ရင်တောင်မှ ခွကျော်တတ်သူ
သူဟာ မာသာ ထရီဇာကို အားမကျပေမဲ့
တာဝန်နဲ့ဝတ္တရားကို
ပေါ့ပေါ့ပါးပါး ခါးကြားထိုးထားသူ
သူ့မျက်လုံးတွေကိုကြည့် သိလိမ့်မယ်
ကြည့်လို့သာပြောရတယ်
သူက မျက်နှာချင်းဆိုင်မိတာနဲ့
အရာရာကို ကျောပေးလိုက်တတ်သူ
အဲဒီ့တော့
သူကိုယ်တိုင် ငြီးငွေ့ခဲ့တဲ့ သူ့နှလုံးသားကို
ဘယ်သူမှမမြင်နိုင်ဘူးပေါ့
ဟုတ်တယ်
နောက်ဆုံးအချိန်ထိ သူဟာ
မြေခွေးတွေနဲ့ အတူရှိနေခဲ့တယ်
သူက ပြောတယ်
တယုတယ မှုတ်သွင်းထားတဲ့
ဆေးပူဖောင်းလေးထက်
ပေါက်ကွဲဖို့ အဆင်သင့်ရှိနေတဲ့
ဆပ်ပြာပူဖောင်းလေးပဲ ဖြစ်ချင်တယ်တဲ့
မြေခွေးတွေက ဝမ်းလျားထိုးပြီး ရယ်ကြတယ်လေ
သူက ပြောတယ်
ကမ္ဘာမှာ လောင်ကျွမ်းရအလွယ်ဆုံးဟာ မျက်ရည်ပဲတဲ့
ဒါကြောင့် ကိုယ့်ကျောကို ကိုယ်ပွတ်သပ်ခဲ့ရတယ်တဲ့
မြေခွေးတွေက ဝမ်းလျားထိုးပြီး ရယ်ကြတယ်လေ
သူက ပြောတယ်
စပျစ်ခိုင်တစ်ခိုင် စပျစ်ဝိုင်တစ်ခွက်နဲ့
ဝေလငါးဖမ်းချင်လို့ မဖြစ်နိုင်ဘူးတဲ့လေ
မြေခွေးတွေ လူးရင်းလှိမ့်ရင်း အိပ်ပျော်သွားကြတယ်
အဲ့ဒီ့နောက်
သူစာရေးမယ်လည်း ပြောတယ်
ဝိုင်ဆက်ချက်မယ်လည်း ပြောတယ်
ဆေးလိပ်ဖြတ်မယ်လည်း ပြောတယ်
အိမ်လာလည်ဦးမယ်လည်း ပြောတယ်
အဲ့ဒါ ပြောတာလေ
ဘယ်သူမှ မထင်ဘူး
မြေခွေးတွေက
စပျစ်သီးတွေကို ငါတို့ပေးချိုလိုက်တဲ့ တစ်နေ့အထိ
မင်းရှိနေခဲ့သင့်တယ်တဲ့
မြေခွေးတွေက
မင်းအံသွားတွေ မင်းပြန်ကြိတ်ဝါးခဲ့ချိန်
မင်းလက်သီးတွေ မင်းပြန်ရုတ်ထားခဲ့ချိန်
မင်းခြေထောက်တွေ မင်းပြန်ထိန်းထားခဲ့ချိန်
အဲ့ဒီ့ မင်းနောက်ကျောကို မင်းပြန်ပွတ်သပ်ခဲ့ရတဲ့
မင်းမဟုတ်တဲ့ မင်းရဲ့အချိန်တွေမှာလည်း
ငါတို့ရှိနေခဲ့သင့်တယ်တဲ့
အဲဒါ ပြောတာလေ
ဘယ်သူမှ မထင်ဘူး
မထင်ဆို လျှော်လက်စ ဂျင်းဘောင်းဘီက သူ့အိမ်နောက်မှာ
လှဲလက်စ ဗံဒါရွက်တွေက သူ့အိမ်ဘေးမှာ
လွှတ်လက်စ ခိုလေးတွေက သူ့အိမ်ရှေ့မှာ
အဲ့ဒီ့လက်စတွေထဲက
လွင့်လက်စ သူ့စိတ်တွေကတော့
သူရှိနေပေမဲ့ သူမရှိတဲ့အတိုင်းပဲလို့
သူရှိရင် ပြောမလားပဲ
အင်း …
သူရှိရင်
ကျားတစ်ပွဲလောက် ကစားဖြစ်မယ်ထင်တယ်
လက်မောင်းချင်းလည်း လှဲဖြစ်မလားပဲ
ဘိလိယက်ခုံသွားဖို့
ရေသွားကူးဖို့
ဘုံဆိုင်လိုက်ထိုင်ဖို့
ဗျူရိုကရက်တွေအကြောင်းပွားဖို့
သူရှိနေသေးရင် ….
အင်းလေ ….
သူပြောခဲ့ဖူးသလို
နှုတ်ဆက်ခြင်းဆိုတာ
ကျောလား ရင်လားခွဲခြားပြီးပြောရလောက်အောင်
မပြတ်သားဘူးလို့ဆိုရမလားပဲ
ဒါ သူနောက်ဆုံး ဖြည်ပြခဲ့တဲ့ ခွန်အားလား
ဒါ သူအမြင့်ဆုံး လွှင့်တင်ခဲ့တဲ့ ရယ်သံလား
ဒါ သူအနီးဆုံး ငုံ့ကြည့်ခဲ့တဲ့ အစွန်းလား
ဒါ တွန်းဝင်နေကျ ငတ်မွတ်မှုကို
ဟက်ဟက်ပက်ပက် အောက်မေ့ခဲ့ခြင်းလား
ဒါတွေအားလုံး သူပဲသိမယ် ….
သူမပို့ဖြစ်တော့တဲ့
ဆုတောင်းတွေ အတွက်
သူမမျှားဖြစ်တော့တဲ့
တိုက်ဆိုင်မှုတွေ အတွက်
သူမစိုက်ဖြစ်တော့တဲ့
သက်ပြင်းတွေ အတွက်
ယောင်လို့တောင်
သင်္ကာမကင်းမဖြစ်နဲ့
ခင်ဗျား
လူမှားတာ
သူတစ်ကယ်သေသွားပြီ ။ ။
သက်ထွေး
၇ ဒီဇင်ဘာ ၂၀၁၂ ည ၁၁း၂၂
ကိုးကား။ ။ “ရှုခင်းတွေက အလကားရတယ် ခံစားမှုအာရုံက အလကားမရဘူး” ပိုင်စိုးဝေ (လှိုင်းထန်တဲ့ယဉ်ကျေးမှု)
 http://thettwe.me/my-writings/454
Posted by Unknown on
0 comments
categories: | | edit post
တကောင်တည်း
အရည်အတွက်က၊
အဖြေမထွက်ပါလေ။
အရည်အသွေးမှ၊
အရှည်တွေးဆစရာပေ။
ပမာဏဟာ၊
ပဓာနအရာ မဟုတ်ပါအမေ၊
ထုတ်စရာအဖြေ မတွေ့။
အမြင်ရယ်မလျှမ်းပါဘူး၊
သမင်ဆယ်လှမ်း ကျားတလှမ်းတဲ့၊
သားလွမ်းရင် အမေရေ၊
ရေမြေခြားကာမနီးပေမဲ့၊
မီးတွေရယ် ဘယ်လို လောင်လို့၊
ခရီးရှည်ရယ် ဘယ်လို မှောင်လည်း၊
အောင်ပွဲတွေနဲ့ အစဉ်တွေ့မှာပေါ့၊
နောင်မခွဲ အမေရဲ့ ရင်ငွေ့မှ ...
တကောင်တည်းပေမဲ့ ခြင်္သေ့။ ။
အမေ့ဖို့ ရေးတဲ့ကဗျာ ..
 http://harrylwin.blogspot.com/2013/01/blog-post_26.html
Posted by Unknown on Friday, February 1, 2013
0 comments
categories: | | edit post
Related Posts Plugin for WordPress, Blogger...
۞۞۞အချိန်သည်လူ၏တန်ဖိုး۞۞۞
۞۞۞နွေးထွေးစွာကြိုဆိုပါတယ်۞۞۞
hit counter
۞۞۞ကိုယ်တော်စာပေ۞۞۞
http://www.kotawsarpay.com/
۞۞۞အွန်လိုင်းရွှေဝထ္ထုတိုဆု۞۞۞
۞۞۞ဘလော့ခရီးသည်۞۞۞
http://www.aungsanmks.com/
۞۞۞like လုပ်ပေးခဲ့ပါဦးနော်۞۞۞
Popular Posts
Blog Archive
Member ဝင်ပေးဖို့ဖိတ်ခေါ်ပါတယ်
သီချင်းလေးတွေနားထောင်ကြမယ်
dancer photo dancer_zpsbd8f2ed7.gif
သီချင်းတောင်းချင်ပါက dj@mmyos.com ကိုအပ်၍ တောင်းဆိုနိုင်ပါသည်
လိုအပ်သည်များပြောကြားခဲ့ပါနော်
Total Pageviews
လာရောက်အားပေးကြသူများ
လာရောက်သူတို့ရဲ့စကားသံလေးများ
flag counter
Flag Counter