(၁)

စံပယ်တွေ တ၀ုန်းဝုန်း ရွာချခဲ့တာတောင်မှ
ငါဆိုတဲ့ကောင်ဟာ
ရနံ့ တစ်ခုတလေတောင် စိုစွတ်ခွင့် မရခဲ့ပါဘူး....

(၂)
သူမရဲ့ နဖူးကို ထိတယ်ဆိုရုံကလေး ငါနမ်းခဲ့တာပါ...။

(၃)
ဒါနဲ့များ...
အလွမ်းတွေ ငါ့ရင်ထဲ ၀င်ခွင့်ဗီဇာ ရသွားတဲ့ကာလက
ရှည်လျားလှချည်လားကွယ်.....
ပြောပါ မင်းငါ့ကို ဘယ်တော့ အိပ်မက်မက်မှာလဲ
မင်းပိုင်ဆိုင်တဲ့ အိပ်စက်ခြင်းရဲ့တံစက်မြိတ်အောက်မှာ
ငါတိတ်တိတ်ကလေး ရပ်စောင့်နေတာကြာပြီကွယ်....

(၄)
ငါဟာမင်းရဲ့ သက်ရှိမှတ်ပုံတင် တစ်ခုပါကွဲ့၊
ဟောဒီကောင်ရဲ့ရင်ဘတ်မှာ မင်းလက်ဗွေရာရှိတယ်လေ....
(မှတ်ပုံတင်တစ်ခုက
သူ့ပိုင်ရှင်ကို လိုက်ရှာနေပုံ
အို....လူတွေကို ပြောပြရင်တောင်
ယုံနိုင်စရာ မရှိပါဘူးကွဲ့)
ငါဆိုတဲ့ကောင်ကလည်း၊ မင်းအတွက်နဲ့
သူများတံတွေးခွက်ထဲ ရောက်ရင်တောင်
ပက်လက်တော့ အမျောခံမှာ မဟုတ်ဘူး၊
မင်းဆီကို လက်ပစ်ကူးပြီး လာခဲ့မယ်

(၅)
စံပယ်ပွင့်ရေ...
အချစ်တွေ ဖျားနာသွားတဲ့အထိ
ငါ့အပေါ်ရွာချလိုက်ပါကွယ်
နှင်းဆီအဖြူတစ်ပွင့် ထိုးစိုက်ထားတဲ့ နံနက်ခင်းနဲ့အတူ
ချစ်သူပြန်လာမယ်.....တဲ့
ရွာလှည့်ပါ......လာခဲ့ပါ......
အချစ်ရေ...
မင်း နောင်တ မရစေရပါဘူးကွယ်။

မင်းခိုက်စိုးစန် (၁၉၉၈)

Posted by Unknown on Sunday, January 13, 2013
0 comments
categories: | | edit post

နွေရာသီ ရောက်လာတာကိုက စောလွန်းတယ်...
အဲသည်လောက် မွန်းကျပ်မယ်မှန်း သိခဲ့ရင်
(အစကတည်းက)
အသက်ရှူတတ်အောင် ငါ မသင်ခဲ့ပါဘူး...

သစ်ပင်တွေ သွေ့ခြောက်
အသံတစ်သံကို ကြောက်နေရသလိုလို..
အချစ်ရေ... တို့စိတ်နဲ့ တို့ကိုယ်ပဲ
သစ်ရွက်တွေလိုပဲ အတူ ကြွေပစ်လိုက်ကြမယ်
“ဘာ...ဖြစ်...လို့...ခွဲ...ရ...မှာ...လဲ...ကွယ်”

မြက်ခင်းတွေ အမြဲစိမ်းနေတာ မြင်ရအောင်
ဘ၀ကို... ဘောလုံးကွင်းပဲ ဖြစ်လိုက်စေ့ချင်တော့တယ်...
အခုတော့...

နွေရာသီ ရောက်လာတာကိုက စောလွန်း
(မင်း...သွားမယ်ဆိုလည်း)
စကားတစ်ခွန်းတော့ နှုတ်ဆက်ခဲ့ဖို့ ကောင်းတယ်။


မင်းခိုက်စိုးစံ

Posted by Unknown on
0 comments
categories: | | edit post

အရေးတကြီး နိုးထစရာမလိုဘူးဆိုရင်
ငါ ဆက်ပြီး အိပ်နေချင်လို့ပါ ..။

“ဘ၀..” ဆိုတာနဲ့ ဘာလို့ “ရှင်သန်ခြင်း..”လို့
အဓိပ္ပါယ်ဖွင့်ဆိုရတာလဲ
ငါကတော့ အိပ်နေရတာကိုပဲ .. ကြိုက်တယ်၊
ရုပ်ရှင်ထဲက ဇာတ်လိုက်လောက်တော့
ငါလည်း တောက်လျှောက်ကြီး မကောင်းနိုင်ဘူးပေါ့..
သံပတ် ခပ်လျော့လျော့နဲ့ပဲ နေတတ်တယ်။

လေ့ကျင့်ခန်း မှန်မှန်လုပ်မှ
ပထမ ရမယ်ဆိုရင်
ငါ ရှင်ဘုရင်တောင် မဖြစ်ချင်ဘူး ၊
ကျေးဇူးပြုပြီး .. ငါ့ကို
“စောက်ရူး..” လို့ ခေါ်ပါ ။

မမြင်ချင်တာတွေ အားလုံးအတွက်
မျက်စိသေးသေးလေးနှစ်လုံးကို ပိတ်ထားလိုက်ရုံပါပဲ
ဟော .. ငါ ဘယ်လောက်လိမ္မာတဲ့ ကောင်လဲကွယ် .. ၊
ဟောဒီ .. စောက်ရူးမှာ
ယဉ်ကျေးမှု ထွန်းကားပါတယ် ။

ငါ့ဆီ ဂုဏ်ပြုဖိတ်စာ ပို့ဖို့မလို
ငါ့လိပ်စာကို ငါမသိ
ငါ့ အုတ်ဂူကိုလည်း မင်းတို့
အလေးပြုဖို့ အကြောင်းမရှိပေဘူး ။

အို ... မိတ်ဆွေတို့
နိုင်ငံကြီးသားအပေါင်းတို့ ..
သွေးနဲ့ကိုယ် သားနဲ့ကိုယ်
မှားယွင်းကြ၊
ပက်လက်မျောဖို့အတွက်
တံတွေးခွက်ကြီးကြီးလိုက်ရှာကြ၊
ငါကတော့
စောင်ထူထူကို ခေါင်းမြီးခြုံ
ကိုယ့် ကိုယ်ကျင့် .. ကိုယ်
စိတ်လုံလုံနဲ့ အိပ်တယ်။

နိုင်ငံကျော်တွေအားလုံးကို .. သနားတယ်၊
မင်းတို့ ငါ့လောက်
ဘယ်သူမှ အိပ်ရေးမ၀ခဲ့ကြပါဘူး ။


မင်းခိုက်စိုးစန်

Posted by Unknown on
0 comments
categories: | | edit post

သည့်ထက်ပိုပြီးမှောင်စရာ...
ဘာကျန်သေးလို့လဲ
လျှပ်စီးတွေ လက်လက်ပြနေတာကိုပဲ
ယုံကြည်ပစ်လိုက်ရတော့မယ်။

ကောင်...မ...လေး...ရေ...
စပယ်တွေ တ၀ုန်းဝုန်း ရွာချခဲ့တာတောင်မှ
ငါဆိုတဲ့ကောင်က
ရနံ့ တစ်ခုတစ်လေတောင်
စိုစွတ်ခွင့် မရပါဘူး။

စိတ်ကူးတွေ အအေးပတ်တာပဲ
အဖတ်တင်တော့ရဲ့...

အရောင်းပြခန်းတစ်ခုရဲ့ နံရံမှာ
ကိုယ့်ကိုကိုယ် ချိတ်ဆွဲပြသထားတာလည်း
၂၆ နှစ်သာ ကြာသွားတယ်
တစ်ခါမှ ဈေးကောင်းပေးဝယ်တာ မခံရပါဘူး။

အခုတော့ ... ဟောဒီ ကောင်မလေးကိုပဲ
ကျေးဇူးတွေ တင်ပစ်လိုက်ရတော့မယ်...
ဝယ်သူမရှိတဲ့ ငါ့ကို
နံရံပေါ်က ဖြုတ်ချ ခိုးယူသွားလို့...

ငါ့ရဲ့ မွတ်သိပ်ခြင်းတွေကို သယ်ပိုးသွားတဲ့
ချစ်လှစွာသော သူခိုးမလေးရေ...
ပေးပါ... ပေးခဲ့ပါ...


မင်းခိုက်စိုးစံ

Posted by Unknown on
0 comments
categories: | | edit post

တောင်ပံမီးစွဲနေတဲ့ ငှက်တစ်ကောင်
ဖြောင့်ဖြောင့်တန်းတန်း မပျံနိုင်ဘူး
*မြို့ရဲ့အူသံတွေဆီ
ဘယ်အကိုင်းမှာ နားမလဲ
ရင်ကို မြားတစ်စင်းလာစိုက်တယ်
ရွပ်ရွပ်ချွံချွံ လမ်းမှားပုံက
ကိုယ့်အမည် ကိုယ်မှန်းလောက်အောင်ပါပဲ။
လေထဲပျံတာတောင်
အရိပ်ကို ကြောင်ခုတ်ခံရတယ်
စက္ကူပန်းတွေလိုပဲ
ရနံ့မပါဘူး
စက္ကူပန်းတွေလိုပဲ
အရောင်မလွင့်ဘူး
ဒုက္ခစစ်စစ်တွေ မာခဲပုံက
ကဗျာတွေတောင် ဖျတ်ခနဲသေတယ်
သိပ်သိပ်သည်းသည်း လမ်းကလေးအတိုင်း
အတွေးတွေ တွယ်စီးလာရ
မြို့အူသံထဲက
တိုးထွက်လာခဲ့ပေမယ့်
တည့်တည့်မတ်မတ် မပြန်နိုင်တော့ဘူး
ဦးခေါင်းမီးစွဲလာတဲ့ ငှက်တစ်ကောင်။ ။
*မြို့အူသံ။ ။ အရှင်ဇနကာဘိဝံသ၏ အခြေပြုပဌာန်းစာအုပ်မှ
ကိုရွေး
ရုပ်ရှင်တေးကဗျာ
ကြည်လင်သောရေတံခွန်၊ ပကြိမ်၊ မတ်လ၊ ၂၀၁၁

Posted by Unknown on
0 comments
categories: | | edit post

 ခြုံထည်ကြီးထဲက ရုန်းထွက်လို့မရတော့ဘူး
ကတ်ကြေးသံတချပ်ချပ်က နားယားတယ်
ငါ့ကိုကြည့်နေတဲ့ မှန်ထဲက မျက်လုံးဟာအသည်းယားစရာ
မှန်အပြင်က ငါ့ခေါင်းကိုစမ်းကြည့်မိတယ်၊ ရှိသေးတယ်
ဆံသဆရာဟာ ဘောလုံးပွဲမှာ
သူကိုယ်တိုင်ဝင်ကန်ခဲ့သလိုမျိုးပြောတယ်
ဒိုလေး၊ ဘက်ခမ်း၊ ဘန်ပါစီ၊ မက်စီ၊ ကာကာ
ငါ့ရှေ့ရောက်လာသလိုပဲ
ငါတွေ့နေရတဲ့ မှန်ထဲက ဂျာနယ်အပုံဟာ ထခုန်နေတော့တာပဲ
ဘရိတ် ခဏခဏအုပ်တယ်
အဆိုတော်ဟာ သီချင်းဆိုရင်း စာသားမေ့သွားဟန်ရပ်တန့်
စဆိုတဲ့ စာသားက တီးလုံးရှေ့ ပြေးထွက်လာ
သရဲနဲ့ ရုတ်တရက်တွေ့လိုက်ရသလိုမျိုး
သရဲဆိုလို့ ညက သူကြည့်ခဲ့တဲ့ သူရဲကားအကြောင်း
စိတ္တဇလူသတ်သမားဟာ ကြည့်သူကိုတောင်
စိတ္တဇဖြစ်လာစေတယ်ဆိုပဲ
မြို့ကြီးတစ်မြို့မှာ စိတ္တဇလူသတ်သမားဟာ ဆံသဆရာဆိုလား
ဆံသဆရာဟာ မြို့ကြီးတစ်မြို့မှာ စိတ္တဇလူသတ်သမားဆိုလား
သူကိုယ်တိုင်က ဆံသဆရာလား၊ စိတ္တဇဝေဒနာသည်လား
သူ့အမူယာတွေ လေယူလေသိမ်းတွေ ခွဲခြားရခက်လာ
ဘုရား ဘုရား ငါ ထပြေးရမလား
တစ်ခြမ်းပြောင်၊ တစ်ခြမ်းမှောင်နေတဲ့ ငါ့ဦးခေါင်းနဲ့ ဖြစ်ပါ့မလား
တကယ်တော့ဗျာ နံရံမှာချိတ်ထားတဲ့ ကျားခေါင်းနေရာမှာ
ခင်ဗျားဆံပင်ပုံမျိုးနဲ့ လူဦးခေါင်းတစ်ခု ချိတ်ထားရမှာ
ဒါမှ ဆိုင်ရဲ့ကြော်ငြာဟာ ပေါ်လွင်မှာမဟုတ်လား
လူတွေ စိတ်ဝင်စားမှာ မဟုတ်လား
ဘုရား ဘုရား ဒီလူ အတည်ပြောနေတာများလား
သူ့ခြေထောက်ကို ပွတ်သပ်နေတဲ့ ကြောင်ကလေးကို ကန်ထုတ်လိုက်ပုံ
ကြောင်ကလေး ဘောလုံးတစ်လုံးလို လွင့်သွားပုံ
နံရံနဲ့ထိပုံ၊ ပြုတ်ကျလာပုံ၊ ကြောင်ကလေးညည်းညူနေပုံဟာ
တစ်စက္ကန့်အတွင်း အဖြစ်အပျက်
သူ့မျက်နှာဟာ သူဘာမှ မလုပ်လိုက်သလိုမျိုး အေးစက်
ဓားအိမ်ထဲမှာ ဘလိတ်ဓားအသစ်ထည့်နေပုံက
အေးဆေး တိကျ မြန်ဆန်လွန်းတယ်
သူ့မျက်နှာရှေ့ တဝီဝီပျံသန်းနေတဲ့ ယင်ကောင်ကို ပိုင်းချလိုက်ပုံဟာ
ငါ့ ပါးစပ်ကို အဟောင်းသားပွင့်သွားစေတယ်
ငါ့ ဝတ်ရုံအဖြူပေါ် ပြုတ်ကျလာတဲ့ ယင်ကောင်တစ်ပိုင်းဟာ
ငါ့ဆံပင်နဲ့ရောထွေးလို့ တောင်ပံတစ်ဖက် ခတ်နေတုန်းပဲ
ငါ့ ကုတ်ပေါ်မှာ ဆံပင်မရှိတော့ဘူး
ငါ မျက်တောင်မခတ်ရဲဘူး မျက်တောင်တွေပြတ်ကျမှာစိုးလို့
ငါ မျက်စိမမှိတ်ရဲဘူး မြင်ကွင်းတွေပြတ်ကျမှာစိုးလို့
ထွက်ပြေးတဲ့ ငါ့စိတ်ဟာ ငါ့ခန္ဓ္ဓာထဲကထွက်မရဘူး
တဖျတ်ဖျတ်ခတ်နေဆဲ ယင်ကောင်တစ်ပိုင်းကို ကောက်ယူပြီး
သူ့လက်နဲ့ချေမွလိုက်တယ် အေးဆေးပဲ
သူ့အပြုံးဟာ ပန်းပွင့်သလို အနှေးပွင့်လို့
တရုတ်သိုင်းကားထဲက သူရဲကောင်းလိုလို
စိတ္တဇလူသတ်သမားလိုလို မျက်လုံးဟာ အေးစက် မာကျော တောက်ပ
နှုတ်ခမ်းကို တင်းတင်းစေ့လို့ မှန်ထဲက ငါ့မျက်လုံးကို
သူ့မျက်လုံးနဲ့ထိုးစိုက်ထားတယ်
သူ့လက်ဟာ တဆတ်ဆတ်တုန်လို့
ကျုပ်မှာ လိုင်စင်ရှိတယ်လို့ပြောတယ်။
ကိုရွေး
Idea မေလ၊ ၂၀၀၉
ကြည်လင်သောရေတံခွန်၊ ပကြိမ်၊ မတ်လ၊ ၂၀၁၁

Posted by Unknown on
0 comments
categories: | | edit post

ဒီညနေခင်းဟာ သူ့ညနေခင်းလို့
ဒီကြိုးနဲ့ ဒီစွန်လေးဟာ ထာဝရဆက်သွယ်ခြင်းလို့
ဖေဖေဟာ အရာရာကို အောင်နိုင်သူလို့
တွေးထင်ထားတဲ့ မျက်ဝန်းလေးတစ်စုံ၊ ပျော်လို့

အပြာရောင်နောက်ခံမှာ
အနီစက်လေးတစ်စက်
သူခတ်နှိပ်ထားတဲ့ကောင်းကင်ရဲ့ တံဆိပ်တော်

မြင်ကွင်းထဲ ရုတ်တရက်
ထောင့်ဖြတ်ဝင်လာတဲ့စွန်ကလေး
သူ့အဖော်လို့ထင်ခဲ့

သူ့လက်ဟာတုံ့ခနဲ
သူ့ရင်ဟာဆတ်ခနဲ

သူ့နှုတ်ခမ်းမှာ မှန်စာမပါတဲ့မေးခွန်း
သူ့မျက်ဝန်းမှာ အံ့သြတဲ့ နားမလည်ခြင်း

“ဖေဖေ
တခြားစွန်တွေမှာ ဓားပါသလား
သားစွန်လေးက ပြန်မလာတော့ဘူးလား”
ကျွန်တော်
အဖြေကိုစဉ်းစားရင်း
သူ့မေးခွန်းတွေကို
ရစ်ဘီးထဲ ရစ်သွင်းနေမိတယ်
ကျွန်တော်နဲ့သား လွင့်ငေး၊ ငေးနေရ
ပြတ်သွားတဲ့စွန်ကလေးကို စိတ်နဲ့ လိုက်ဆယ်နေကြ

အမှောင်တွေ ပြိုဆင်းလာပြီသားရေ
မှန်စာတိုက်ထားတဲ့ လမ်းကလေးအတိုင်း
ကျွန်တော်က သားလက်ကိုဆွဲလို့
သားက စွန်မပါတော့တဲ့ ရစ်ဘီးကလေးကိုကိုင်လို့။

(သားငယ်လေးစွန် စ လွှတ်သောနေ့ အမှတ်တရ)
ကိုရွေး
ရတီ၊ ဒီဇင်ဘာ၊ ၂၀၀၄
ကြည်လင်သောရေတံခွန်၊ ပကြိမ်၊ မတ်လ၊ ၂၀၁၁

Posted by Unknown on
0 comments
categories: | | edit post



ဘာလုပ်လုပ်
ဇွဲမရှိတဲ့ ကျွန်တော်က
ပွဲဈေးတန်းတစ်ခုမှာ
ဇွဲ ဆိုတဲ့ စာလုံးကို
လက်ဖျံမှာ ရေးထိုးလိုက်တယ်။
အသားနည်းနည်း နာပေမယ့်
ကျွန်တော့်မှာ ဇွဲ ရှိနေဖို့ လိုအပ်တယ် မဟုတ်လား။
ပြီးတော့
တခြားလူငယ်တွေလိုပဲ
ပင်လယ်ကို ရင်ဆိုင်ဖို့ သဘောင်္ပေါ် ကျွန်တော် တက်သွားတယ်
နှစ်အနည်းငယ်ကြာတော့
တခြား သဘောင်္သားတွေလိုပဲ
လှတပတ ရေသူမ ပုံတွေ၊ ရောင်စုံ နဂါးရုပ်တွေ၊ လက်ဝါးကပ်တိုင်တွေ၊ အရိုးခေါင်းတွေ၊ ကျောက်ဆူးတွေ
အမိနိုင်ငံတော်ရဲ့ အမည်စာလုံးတွေ
ကိုယ်ခန္ဓာ အနှံ့ စုံလင်အောင် ရေးထိုး ဝတ်ဆင်ရင်း
မုန်တိုင်းဆန်တဲ့ နေ့ရက်များရဲ့ အတိုက်အခိုက်ကို ကာကွယ် ငြင်းဆန်ခဲ့ရတယ်။
ချစ်သူရေ
နောက်ဆုံးမှာတော့
မင်းရဲ့ ခါးသည်းရက်စက်လှတဲ့ အချစ်များမှာ
သဘောင်္မပျက်ပဲ ရေမျောကမ်းတင် ဖြစ်ခဲ့ရ။
ရင့်ကျက်ခြင်းကို အလိုရှိဖို့ အနေအထိုင်ကို ဆင်ခြင်ရမယ်။
ရေကြောင်း လေကြောင်းနဲ့ ကံကြမ္မာရဲ့ စေစားရာ တစ်နေရာရာကို လွင့်သွားလိုက်တော့မယ်။
ညနက်နက် မြေအောက် ဘူတာရုံတွေက နံရံများပမာ
ခံစားချက် ၊ အနုပညာနဲ့ အတွေးအခေါ်များကို
ငါ့စိတ်မျက်နှာစာပေါ် ကျဲပက်
ဆေးရောင်စုံတွေ ပြည့်နှက် တောက်ပနေဆဲ
လျှို့ဝှက်သော အနက်အဓိပ္ဗာယ်များဟာ ဘဝရဲ့ နောက်ဆုံး တက်တူများပါပဲ။ ။



နိုင်မွန်အောင်သွင်
(၂၀၀၇ သြဂုတ်၊ ချယ်ရီ မဂ္ဂဇင်း)

Posted by Unknown on
0 comments
categories: | | edit post


အမြစ်တွေ ရှည်လျားလွန်းလိုက်တာ ...
ငါဟာ ဘာသစ်ပင်ပါလိမ့်ကွယ်။

မျှာ်လင့်ချက်တွေကလည်း သစ်ရွက်တွေလိုပဲ...
တစ်ဖွဲဖွဲကြွေ (ဒီက...)
လေပြေလေညှင်းတိုက်မှာကိုတောင်
ကြာက်နေရတဲ့ကောင်ပေါ့။

နေ့ခင်းကြောင်တောင်မှာမှ အလွမ်းတွေက
တောမှောက်ရက်လေတယ်။ 
(တစ်ဖက်သတ်ပဲ စိမ်းလန်းခွင့်ရတဲ့
ဟောဒီ့ တောအုပ်တဲမှာ
ငါ.. ဘာလို့ဆက်ရှင်သန်မှာလဲ)
လူတွေရဲ့ မျက်ဝန်းကိုက ညှီစော်နံတယ်။
ထားလိုက်ပါတော့လေ..
မနက်ဖြန်ဆိုရင်ပဲ 
မနက်ဖြန်ဟာ ဒီကနေ့ဖြစ်တော့မယ်။

နာကျင်ခြင်းဆိုတဲ့အမြစ်တွေနဲ
မြေကြီးနက်နက်ထဲတွယ်ကုပ်
ဟောဒီ့မှာ မျက်ရည်တွေ
ငုတ်တုတ်ခြောက်ခဲ့ရတဲ့ သစ်ပင်ဟာ ငါ... ပါပဲ။

သေချာသထက် သေချာချင်လို့
တက်ခဲ့ရတဲ့
လှေခါးထစ်တွေသာ များလာတယ်။
ကမ်းဝေးသွားတဲ့ လရောင်ကတော့
ရွက်လွှင့်ထွက်သွားလိုက်တာ
ပြန်ကိုမလာတော့ဘူး။ 


မနက်ဖြန်ဆိုရင်ပဲ
မနက်ဖြန်ဟာ ဒီကနေ့ဖြစ်တော့မယ်
ငါဟာ.. ဘာသစ်ပင်ပါလိမ့်ကွယ်။

မင်းခိုက်စိုးစန်

Posted by Unknown on Tuesday, January 8, 2013
0 comments
categories: | | edit post


ကိုယ့်လက်ခုပ်ထဲ ပြန်ကြည့်မိတော့မှ
အလွမ်းက တစ်ပွင့်နှစ်ပွင့်နဲ့ ... ခြောက်ကပ်ကပ်
ငါ ... ရေငတ်လာတယ်။

တေလေလို ရွက်လွှင့်နေခဲ့ရာက
ငါ့ဝိညာဉ်ရဲ့ ကျောက်ဆူးကိုချ
ဒီညတော့ မင်းရင်ခွင်ထဲမှာပဲ
စိတ်ချလက်ချ ... အိပ်စက်ပါရစေ။

ကောင်မလေးရယ်
ငါဟာ
ဖျားနာမှုကိုမ
ှ တွယ်တာတတ်သူပါ
တစ်စုံတစ်ခုဖြစ်လာမှာကို
ငါ စောင့်မျှော်နေမိ ...
တံခါးဖွင့်သံ ..
ခြေသံ
လာ ..
မြန်မြန်သာ ၀င်ခဲ့ပါတော့။

လူ ၈၀% က အလုပ်လုပ်ကြတယ်
(ဒါပေမယ့်)
ကျန်တဲ့လူ ၂၀% က ဆုရတယ်
ငါကတော့ သူတို့ကို
ရယ်ရယ်မောမောနဲ့သာ ထိုင်ကြည့်နေမိ
သွေးအေးအေးရက်စွဲတွေကိုသာ
အသိအကျွမ်း ဖွဲ့နေခဲ့တယ်။

ကောင်မလေးရယ် ငါဟာ .. "တေလေ" ပါ
ဆောင်းဦးပေါက်နှင်းတွေနဲ့
ကောင်းကင်မှာ တိမ်တွေက အပြာနုနု
ဟော .. အရပ်ပုပု ကောင်မလေးတစ်ယောက်
လမ်းလျှောက်လာနေတယ် !
အို .. မဟုတ်သေးပါဘူး
ကယောင်ကတမ်းနဲ့
အရောင်ကန်းနေတဲ့ အိပ်မက်တွေ
ငါမက်နေမိ
ချစ်လှစွာသော
ငါ့ရဲ့ညီမသေးသေးလေးရေ ..
လွမ်းတယ် .. 
ဒါပဲတတ်နိုင်တာမို့ လွမ်းပါရစေ။

မင်းခိုက်စိုးစန်

Posted by Unknown on
0 comments
categories: | | edit post

မေမေက

သူ့အိပ်မက်တွေ

ပုခက်ထဲထည့်ထည့်လွှဲ


ကျွန်တော်က

သားချော့တေးတွေစီးရင်း

ကြယ်တွေဆီ ရွှက်လွှင့်

အနားသတ်မရှိတဲ့လောဘထဲ

မျောလွင့်သူဖေဖေ

ကျွန်တော်နဲ့ဘယ်မှာဆုံမလဲ။ ။


ကိုရွေး

Posted by Unknown on
0 comments
categories: | | edit post
Related Posts Plugin for WordPress, Blogger...

۞۞۞အချိန်သည်လူ၏တန်ဖိုး۞۞۞

۞۞۞နွေးထွေးစွာကြိုဆိုပါတယ်۞۞۞


hit counter

۞۞۞ကိုယ်တော်စာပေ۞۞۞

http://www.kotawsarpay.com/

۞۞۞အွန်လိုင်းရွှေဝထ္ထုတိုဆု۞۞۞

۞۞۞ဘလော့ခရီးသည်۞۞۞

http://www.aungsanmks.com/

۞۞۞like လုပ်ပေးခဲ့ပါဦးနော်۞۞۞

Popular Posts

Blog Archive

Member ဝင်ပေးဖို့ဖိတ်ခေါ်ပါတယ်

သီချင်းလေးတွေနားထောင်ကြမယ်

dancer photo dancer_zpsbd8f2ed7.gif
သီချင်းတောင်းချင်ပါက dj@mmyos.com ကိုအပ်၍ တောင်းဆိုနိုင်ပါသည်

လိုအပ်သည်များပြောကြားခဲ့ပါနော်

Total Pageviews

လာရောက်အားပေးကြသူများ

လာရောက်သူတို့ရဲ့စကားသံလေးများ

flag counter

Flag Counter