အမှတ်မထင်ပါဘဲ ကံ့ကော်ဝတ်ဆံတွေက ၀ါခဲ့ကြတယ်
နေကွယ်တိုင်း ညှိုးရော်ပေးရတဲ့အထဲမှာ ငါ့လိပ်ပြာတွေ မပါဘူး။
ထူးခတ်ခံထားရတဲ့ ငါ့ရင်ဘတ်တစ်ခြမ်းကို
ငုံ့ကြည့်သံဝေဂရ နောင်တဆိုတာတော့ မရှိခဲ့ဘူး။
ဆိတ်ဖလူးပွင့်တွေကြွေတဲ့နံနက်ခင်းမှာ
မပွင့်ဖြစ်ခဲ့တဲ့ ရနံ့တွေကိုပြန်ကောက်
ကိုယ့်စိတ်ထဲမှာပဲ ကိုယ်ပြန်လမ်းလျှောက်ခဲ့တယ်။
ငါ့လက်နဲ့ မဆောက်ခဲ့တဲ့တောင်တန်းကို
ငါ... မဖြန်သန်းချင်တာ ဆန်းသလား ။

(ခွဲခွာခဲ့ရတဲ့နေ့ကစလို့)
ချစ်သောတစပြင်လေးမှာ ကဗျည်းပြာရီတွေလွင့်ဝေ ။
ဘာတတ်နိုင်ဦးမှာလဲ
ဟိုးမှာ... အမှောင်ဖြူဖြူတွေက မြူးလွင့်နေတယ်။
နောက်ဆုံးတော့...
ရထားက ဘူတာရုံကိုထားပြီး ထွက်ခွာသွားရရဲ့
ဥသြသံရယ်၊ ဖိနပ်ကလေးတစ်ဖက်ရယ်... စကားပွင့်လေးတွေရယ်
မိုးရွာပြီးကျန်ခဲ့တယ်... ။


မနော်ဟရီ

Posted by Unknown on Monday, January 7, 2013
0 comments
categories: | | edit post

သစ္စာနဲ့ဝေးခဲ့လို့ ... တဲ့။
ဘယ်လိုမှဆေးဖက်မ၀င်နိုင်တော့တဲ့ နွယ်မြက်သစ်ပင်တွေ
တရွေ့ရွေ့ရွာသွန်းပေါက်ရောက်လာကြ
ကျွန်မရဲ့ဆောင်းရာသီ ယာခင်းကလေး
ပေါင်းပင်တွေနဲ့ တအိအိညွှတ်ကွေးနေခဲ့။
နတ်ဝှက်ခံထားရတဲ့ မယ်ဇလီပွင့်လေးများ
ကြေးစားမဆန်တဲ့ လရောက်အောက်မှာ ယိမ်းနွဲ့လဲ့ဝါ။
ဆေးပေါင်းမခခင်မှာပဲ အဆိပ်ပေါင်းခခဲ့ရလို့
ကျွန်မရဲ့တန်ဆောင်မုန်းလပြည့်ညလေး
ကိုယ်ပိုင်မေးခွန်းတွေနဲ့ လန့်နိုးခဲ့ရ ။
ဆုတောင်းတိုင်းရတတ်တဲ့အရာတွေထဲမှာ
ကတိသစ္စာ မပါဘူး
လက်မှတ်တွေအပြည့်ထိုးထားတဲ့စွယ်တော်ပင်က
လောကအဖို၊အမအကြောင်း ပြောပြတယ် ။
ယတြာချေဖို့တစ်ခုပဲ ကျန်တော့တယ်
ဒါမှမဟုတ်
ဒါဟာ ဘုရားသခင်ရဲ့အလိုတော်ပါ လို့ ၀န်ခံလိုက်ရရင်ကောင်းမလား
ကိုယ့်ကိုယ်ကို မကြားတကြား ရယ်မိတာများပြီ။
ဖြေသိမ့်လိုက်ပါတယ်
တစ်ခါတစ်ခါ... ဘ၀ဟာပျင်းရိမနေဖို့
ဝှက်ဖဲတစ်ချပ်တော့ လိုလိမ့်မယ်... လို့။


မနော်ဟရီ

Posted by Unknown on
0 comments
categories: | | edit post

လူတွေ...
ပါးစပ်တစ်ပေါက်နဲ့...
အဆက်မပြတ်
သောက်နေလိုက်ကြတာများ....။

              ကိုကိုခန့်ချော

Posted by Unknown on Sunday, January 6, 2013
0 comments
categories: | | edit post

ကလေးရေ...
မုန်တိုင်းတွေဟာမောပန်းလာတယ်
ဘယ်မှာလဲ... ခိုလှုံနားစက်ရာတဲ့
မနက်ဖြန်တွေဟာ
အိပ်ချင်ယောင်ဆောင်နေကြလေရဲ့။

ကလေးရေ
နှုတ်ခမ်းတွေကိုကြားရလား...
စကားလုံးများစွာက ခုန်ထွက်လာရဲ့
အသိသညာတွေဟာ... ကွန်ပျူတာတွေလိုပဲ
အီလက်ထရောနစ် ခလုတ်တစ်ခု ပိုင်ဆိုင်ထားရမယ်... ။

ကလေးရေ...
မျက်ဝန်းတွေကိုဖတ်တတ်ပြီလား...
ယောင်မှားသံသယတွေသာရရှိခဲ့
ယုံကြည်မှုတွေဟာ... အိပ်ရာမထနိုင်ကြသေးဘူး
မူးယစ်နေတာမျိုးမဟုတ်ဘူးလေ... ။

ကလေးရေ...
နှလုံးသားတွေပျောက်နေတယ်
ဘယ်သူများခိုးယူသွားပါလိမ့်
တစ်ယောက်တည်းကလား...
အများကြီးကလား...
နှလုံးသားတွေကိုရှာဖွေဖို့
နှလုံးသားများစွာ ဖွင့်ရှာရတော့မှာ။

ကလေးရေ...
ပန်းတွေကိုခိုးခူးမထားနဲ့နော်
အပျော်ဆိုတာတခဏ...
ကြွေကျသွားတဲ့ပန်းပွင့်တွေလိုပဲ
ထာဝရမတည်မြဲဘူး
ဆူးစူးတတ်သေးတယ်... ။

ကလေးရေ...
အိပ်မက်တွေကိုတော့
ချိုးမကွေ့ခဲ့လိုက်ပါနဲ့
ပစ္စုပ္ပန်ရဲ့အရှိတရား
ခါးသက်လွန်းလှပါတယ်...
တွယ်ငြိနေတာလည်း မဟုတ်ပါဘဲ
ခွာချမရနိုင်ခဲ့...
ကိုယ်တို့ရဲ့အဆောင်အဖြစ်
အိပ်မက်တွေကိုပဲ ချစ်ရတော့မှာ... ။

ကလေးရေ...
ခန္တီစတရား... တဲ့
ပညာရှိစကားနဲ့သာဆိုခဲ့ရ
သက်သာရာရအောင်လေ...
အမှန်က... အားမတန်၊ မာန်ချ... တဲ့
အဲဒါတွေနဲ့ပဲ
ကိုယ့်ဘာသာကိုယ်လှည့်စားနေခဲ့ရ
တစ်ဘ၀စာမို့သာနော်... ။

ကလေးရေ...
သင်ခန်းစာတွေလေ...
သင်ခန်းစာတွေ...
ပျားရည်ဖွပ်ထားရသလိုပါပဲ
အရသာကတော့ချိုပါရဲ့...
ဒါပေမယ့်... ဒဏ်ရာတွေက နာကျင်လွန်းတယ်။


မနော်ဟရီ
၀၁.၀၈.၁၉၉၄

Posted by Unknown on Thursday, January 3, 2013
0 comments
categories: | | edit post

တစ်ခါတစ်ခါ...
ငါ့ကိုယ်ငါ မမှတ်မိဘူး
လူထူးလူဆန်းလိုမင်သက်
စိတ်ပျက်လက်ပျက်ကြည့်နေလိုက်ရတာ...
ပျော့ညံ့လိုက်တာကွာ
(အားမတန် မာန်ချ... တဲ့)
တစ်ခါတလေကျ
ငါ့ဟာငါတောင်အံ့သြ
နှမြောတသ ဖြစ်နေမိသေးတယ်...
နေရာလွဲမှားသွားလို့
ဒဏ်ရာဒဏ်ချက်ကြီးကြီးမားမားနဲ့
ငါ့ရဲ့မာနအတွက်လေ...
သေပစ်လိုက်စမ်းပါလား
(တလွဲဆံပင်ကောင်းခဲ့တာ မဟုတ်ပါဘူး... )
တစ်ခါတစ်ရံ
ပြန်ပြန်မေးယူရတယ်
ငါဟာငါဟုတ်သေးရဲ့လား
ပထမတန်းစားသတ္တိတွေနဲ့
သူရဲကောင်းတံဆိပ်တွေ အခါခါရ...
မိုးမလင်းချင်ကြတော့ဘူး...
(အိပ်မက်တွေကချိုတယ်... )
အဲဒါနဲ့...
ကာလတွေသာကြာရော...
ဝိရောဓိ တွေနဲ့ ရောယိမ်းလိုက်ရ
မှန်တစ်ချပ်လည်းကွဲကျ... ။
(ကျကွဲခြင်းမဟုတ်ပါ...)


မနော်ဟရီ
Manor Hary

Posted by Unknown on
0 comments
categories: | | edit post

တန်ရာတန်ကြေး

နတ်ထွင်းတဲ့ခံတွင်းဆိုပေမယ့်
ဘယ်သူကမှထမင်းခဲကိုက်ပြီးမွေးလာတာမဟုတ်ဘူး
အဲဒါကြောင့်ငါ့ရဲ့စုံနံသာမြိုင်ပတ်ပျိုးမှာ
စောင်းကြိုးတစ်ချက်လျှော့ခဲ့တယ်။
အနုပညာဆိုတာ
မှော်ဆရာတိုင်းကလို့ရတဲ့ ဓားပညာမဟုတ်ဘူး
နေညိုချိန်တိမ်ပွင့်အမျောလေးပါဆိုတော့လည်း
ပြောသူကိုမယုံကြည်ချင်ကြဘူး။
ကြည့်ပါ...
ဒီမြှားကိုငါပစ်ပြပါ့မယ်။
ပစ်မှတ်ကိုလွယ်လွယ်နဲ့မှန်ရင်တော့
အဲသည့်သူယောင်နတ်သမီးကို
တို့တွေတန်ရာတန်ကြေးပေးလိုက်ကြတာပေါ့။

တာရာမင်းဝေ

Posted by Unknown on
0 comments
categories: | | edit post

 မိသားစုဆိုတာ
တစ်ယောက်ရှေ့ရောက်ဖို့
တစ်ယောက် နောက်ဆုတ်ရတယ်
သစ်ကိုင်းတစ်ကိုင်းတိုးထွက်ဖို့
သစ်ကိုင်းတစ်ကိုင်း အခုတ်ခံရတယ်
မိသားစု သီချင်းဟာ အတက်အဆင်းရှိတယ်
သံစုံမြည်တယ်။

မိသားစုဆိုတာ
လူခြောက်ယောက်ရှိ လူခြောက်ယောက်
လက်၁၀ချောင်းရှိ လက်ဆယ်ချောင်း
ခေတ်က တောင်းဆိုတဲ့အတိုင်း လှုပ်ရှားရတယ်
အိမ်ရှိလူအကုန်။

လဲကျသွားတဲ့ ငါ့အဖေနေရာကို
ငါ့ညီလေးဝင်ခဲ့တယ်
ယိုင်နဲ့သွားတဲ့ ငါ့အမေရဲ့ နေရာကို
ငါ့ညီမလေး ၀င်ခဲ့တယ်
မိသားစုကို ငါမမြင်ခဲ့ဘူး။

ငါ့အတွေးအခေါ်က သားသမီးဆိုတာ
သီးခြားရှင်သန်ရတဲ့ ဘ၀တစ်ခု
ငါက လမ်းပေါ်မှာကြီးပြင်းခဲ့လို့
လမ်းနဲ့ သွေးသားတော်စပ်တယ်လို့ ထင်တယ်။

ငါ့မိသားစုမှာ ငါဟာ မလင်းတဲ့မီး
ငါ့မိသားစာမှာ ငါဟာ မလုံခြုံတဲ့ထရံ
ငါ့ကြိုးကို တီးခတ်လိုက်တိုင်း အသံကြောင်ထွက်တယ်
ငါ့မိသားစုမှာ
မိုးယိုပေါက်လေး တစ်ပေါက်ရှိနေတယ် ဆိုရင်လည်း
ငါပဲဖြစ်မှာ
ငါ့မိသားစုမှာ
ကြမ်းခင်းတစ်ပေါက် ကျိုးပဲ့နေတယ်ဆိုလည်း
ငါပဲဖြစ်မှာ
မအောင်မြင်တဲ့ ဘောလုံးအသင်းဟာ ငါ့မိသားစုပဲ
မ၀င်တဲ့ဂိုးတွေကို ငါသွင်းခဲ့တာ။


စိုင်းဝင်းမြင့်
နားနားပြီးပြော ကဗျာစာအုပ်မှ

Posted by Unknown on
0 comments
categories: | | edit post

သားချော့တေး

သားရေ
ငိုသံတွေကို လမ်းခင်းပြီးမှ
မင်းရဲ့နန်းတော်ကြီးဆီ ရောက်မယ်ဆိုရင်
အဲဒီလမ်းကို မလျှောက်လေနဲ့။

မိုးလောက်ကြီးပဲ မြင့်ပါစေ
လူတွေရဲ့ ပခုံးကို တက်နင်းပြီးမှ
မင်းဘ၀ အထက်တန်းကျမယ်ဆိုရင်
အဲဒီအမြင့်ကိုလည်း မလှမ်းလေနဲ့။

မင်းရဲ့ ယုံကြည်ချက်ကြောင့်
ဘ၀တွေပျက်
အိုးအိမ်တွေပျက်
မိသားစုတွေရဲ့ ပျော်စရာအနာဂတ်တွေလည်း
ကြေကွဲ ပျက်စီးရမယ်ဆိုရင်
အဲဒီယုံကြည်ချက်ကိုလည်း မင်းအကောင်အထည် မဖော်လေနဲ့။

မသိနားမလည်သူ
လူတွေကို လှည့်စားပြီးမှ
ဇိမ်ခံခွင့်ရမယ်ဆိုရင်
အဲဒီစည်းစိမ်ကိုလည်း မင်း မမက်မောလေနဲ့။

ဒီလောကကြီးမှာ
သစ်သီးကလေးတစ်လုံး သီးဖို့
အချိန်တွေ အများကြီးယူရတယ်
ပန်းကလေးတစ်ပွင့် ပွင့်ဖို့
အဆင့်ဆင့် တည်ဆောက်ခဲ့ရတယ်
မြေနီလမ်း နံဘေးက
တောပန်းကလေးတွေကအစ ကြင်နာပါ
ဒုက္ခရောက်သူကို ဖေးကူပါ
လူ့သိက္ခာကို စောင့်ရှောက်ပါ
အပြစ်ကင်းမှုတိုင်းကို ချစ်ပါ။

ရိုးသားဖြူစင်သူတွေကို
တစ်ဖက်သတ် အနိုင်ယူပြီးမှ
မင်းရဲ့ သရဖူကို ရမယ်ဆိုရင်
အဲဒီသရဖူကိုလည်း မင်းလုံးဝမယူလေနဲ့။ ။

မိုဃ်းဇော်
(မိုဃ်းဇော် သေတမ်းစာ ကဗျာစာအုပ်မှ)

Posted by Unknown on Wednesday, January 2, 2013
0 comments
categories: | | edit post

နင့်အသံနဲ့ သံစဉ်တစ်စင်းက
ငါ့ရင်မှာစီးမျောရင်း
 ဒဏ်ရာရနေခဲ့တယ်။
 မြစ်နှစ်စင်းဖြစ်
တို့ တွေစီးဆင်းကြတဲ့ခါ ...
 မဆုံနိုင်တဲ့ မျဉ်းပြိုင်လိုပဲ
ဘယ်လောက်ထိ..
 သက်ဆင်းနေကြမယ်ဆိုတာ 
နင်နဲ့ ငါပဲ သိမယ်ထင်တယ်။
 နင့်နာမည်နဲ့ လတစ်စင်းဟာ
 ငါ့ရင်မှာ ...
ထွန်းလင်းရင်း ကြေကွဲနေခဲ့တယ်။ 
ငါတို့ ရဲ့  ဆွတ်ခူးရာသီကို မျှော်မိတဲ့ခါ 
ခါးသက်တဲ့ မနက်ဖြန်လိုပဲ
ဘယ်လောက်ထိ ..
ပုပ်အက်နေကြမယ်ဆိုတာ
 နင်နဲ့ ငါပဲ သိမယ်ထင်တယ်။
 ခုတော့...... 

အလွမ်းတွေသာ မျက်ဝန်းမှာလျှံကျ
 စိုက်ပျိုးဆဲအနာဂတ်မှာတင်ပဲ
 ငါတို့ ရဲ့  အိပ်မက်တွေလည်း
 ကြွေကျသွားခဲ့ပေါ့။ 

 ဧပရယ်ဆွေဆွေ

Posted by Unknown on Sunday, December 9, 2012
0 comments
categories: | | edit post

အရိပ်တွေကို 
တဖွဖွပွတ်သပ်ကြည့်မိတော့ 
ပိုက်ကွန်ထဲက ငှက်ငယ်လို 
ထ ထခုန်နေတာကလွဲပြီး (တခြား)
ဘာမှထွက်မလာဘူး။
 အတိတ်တွေကို 
တစစ လှစ်ဟကြည့်မိတော့
 ပြဒါးပြယ်မှန်တစ်ချပ်လို
 ထ ထအက်တာကလွဲပြီး (တခြား)
ဘာမှထွက်မလာဘူး၊ 
 အချစ်တွေကို 
တသသ ဖွင့်ကာကြည့်မိတော့
 မီးအုံးတဲ့ ထင်းစိုတစ်စလို
 ထ ထအူတာကလွဲပြီး (တခြား)
ဘာမှထွက်မလာဘူး။ 

  ဧပရယ်ဆွေဆွေ

Posted by Unknown on
0 comments
categories: | | edit post

 
အမေ.....
ကြေကွဲမှုတွေနဲ့
အမေ့မျက်လုံးတွေ....
မျှော်လင့်ချက်တွေပါးနေ
ဇရာနဲ့အမေအကြွမ်းဝင်ခဲ့ပြီလေ..။

အမေ....
ဘဝတစ်ခုလုံးလောင်းကြေးထပ်ခဲ့ရတဲ့
အမေ့မျှော်လင့်ချက်အိပ်မက်ဆိုတဲ့အရာ
သားကိုယ်တိုင်ဆိုတာ
ကျွန်တော်နောက်ကျစွာသိခဲ့ရတယ်...။

အမေ...
အရွယ်မရောက်ခင်ကပေါ့
လောကဓံဆိုတဲ့လှိုင်းတံပိုးတွေ
ကျွန်တော်ကိုဝင်မတိုးခဲ့တာ
သားအရှေ့မှာအမေဝင်ကာခဲ့လို့ဆိုတာ
ကျွန်တော်မိုက်မဲစွာမသိခဲ့ပါ အမေ..။
အမေ...
အနောက်တောင်မှာ
တိမ်ညိုတွေပြိုဆင်းတိုင်း
တိတ်ဆိတ်တဲ့ငိုကြွေးခြင်းများအကြောင်း
ကျွန်တော်စာလုံးပေါင်းတက်ခဲ့ပါပြီ...။
အမေ...
''အမေ့ဘဝ နေညိုပြီ''
အမေပြောတက်တဲ့စကား
သားရင်မှာအထပ်ထပ်ကြားနေဆဲပါ အမေ..။
အမေ..
တကယ်တော့...
အမေဟာ'နေ'လို 'လ'လို
ကျွန်တော်ဘဝအတွက်အလင်းရောင်ကို
နွေးလိုက်၊အေးလိုက် ပေးတက်သူ
သားဘဝရဲ့ အလင်းလက်ဆုံး
ကြယ်စင်တစ်လုံးပါအမေ..။

             ကိုကိုခန့်ချော

Posted by Unknown on Saturday, December 8, 2012
0 comments
categories: | | edit post
Related Posts Plugin for WordPress, Blogger...

۞۞۞အချိန်သည်လူ၏တန်ဖိုး۞۞۞

۞۞۞နွေးထွေးစွာကြိုဆိုပါတယ်۞۞۞


hit counter

۞۞۞ကိုယ်တော်စာပေ۞۞۞

http://www.kotawsarpay.com/

۞۞۞အွန်လိုင်းရွှေဝထ္ထုတိုဆု۞۞۞

۞۞۞ဘလော့ခရီးသည်۞۞۞

http://www.aungsanmks.com/

۞۞۞like လုပ်ပေးခဲ့ပါဦးနော်۞۞۞

Popular Posts

Blog Archive

Member ဝင်ပေးဖို့ဖိတ်ခေါ်ပါတယ်

သီချင်းလေးတွေနားထောင်ကြမယ်

dancer photo dancer_zpsbd8f2ed7.gif
သီချင်းတောင်းချင်ပါက dj@mmyos.com ကိုအပ်၍ တောင်းဆိုနိုင်ပါသည်

လိုအပ်သည်များပြောကြားခဲ့ပါနော်

Total Pageviews

လာရောက်အားပေးကြသူများ

လာရောက်သူတို့ရဲ့စကားသံလေးများ

flag counter

Flag Counter