ဝတ္ထုရေးလိုသူများ လိုက်နာရမယ့် အချက် ၁၃ ချက်
...............................................................
(အောက်ပါဆောင်းပါးလေးသည် ရွှေအမြုတေမဂ္ဂဇင်း အယ်ဒီတာချုပ် ဦးဝင်းငြိမ်း ဘာသာပြန်ထားသည့် ဆောင်းပါးဖြစ်ပါသည်။ ဝါသနာရှင် စာရေးသူများအတွက် ရည်ရွယ်၍ ဆရာဦးဝင်းငြိမ်း၏ ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြပါသည်။)
ရွှေအမြုတေ မဂ္ဂဇင်းရဲ့ ကလောင်သစ်များ ပေးပို့လာတဲ့ စာမူများကို ရွှေအသစ် အဖြစ် ရွေးချယ် ဖော်ပြနေတဲ့ ကဏ္ဍမှာ ပထမ စီစစ်တဲ့ ဆရာမ မသီတာ(စမ်းချောင်း)ရော ကျွန်တော်ပါ စာရေးလိုသူများ အတွက် ထားရှိရမယ့် အချက်အလက် တချို့ကို အလျဉ်း သင့်သလို ရေးသား ဖော်ပြ ခဲ့ကြပါတယ်။ တချို့ဆရာများက တစ်ပုဒ် ဖော်ပြ ခံရပြီးချိန်မှာ ကျွန်တော်၊ ကျွန်မ အချိန် မရတော့လို့ မရေးတော့ ပါဘူး ဆိုတာမျိုး ရှိသလို ဘာဆက် ရေးရမှန်း မသိတော့လို့ မရေးဖြစ်တာပါလို့ အကြောင်းပြတဲ့ သူတွေလည်း ရှိပါတယ်။ ၂၀၀၉ ခုနှစ်၊ အောက်တိုဘာလထုတ် The Writer မဂ္ဂဇင်းမှာ စာရေး ဆရာမ Mona Simpson ရေးသားခဲ့တဲ့ ဆောင်းပါးတစ်ပုဒ်ကို ရွှေအမြုတေရဲ့ အနှစ်နှစ်ဆယ်ပြည့် အထူးထုတ်မှာ မေတ္တာ လက်ဆောင်အဖြစ် ဖော်ပြပေး လိုပါတယ်။ သူ့ခေါင်းစဉ်ကိုက ၀တ္ထု ရေးလိုသူများ လိုက်နာရမယ့် အချက် ၁၃ ချက်လို့ ဆိုထားတဲ့ အတွက် ၀တ္ထုတို ရေးဖို့ ကြိုးစား နေကြတဲ့ သူများနဲ့ အထူး အံဝင်ခွင်ကျ ဖြစ်လိမ့်မယ်လို့ ယုံကြည် ပါတယ်။

စာရေးချင်တယ် ဆိုတဲ့ သူတွေကို အကြံပေးဖို့ ဆိုတာ တော်တော် ခက်ပါတယ်။ ကျွန်မက အကြံလည်း ပေးခဲပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ ၁၉၉၁-၉၂ တုန်းက နယူးယောက် တက္ကသိုလ်မှာ ဘွဲ့လွန် သမားတွေ အတွက် ၀တ္ထုရေး နည်း Workshop တစ်ခုမှာ ကျွန်မတို့ ဆွေးနွေးဖြစ်ကြတော့ လိုက်နာရမယ့် အချက် ၁၃ ချက်ကို တွေ့လာရပါတယ်။ ဒီအချက် ၁၃ ချက်ဟာ စာရေးချင်သူတွေ အတွက် အများဆုံး အထောက်အကူ ပြုနိုင်မယ်လို့ ယုံကြည် ပါတယ်။

စာရေးဆရာ ဖြစ်ရမည်ဟု မိမိကိုယ် မိမိ ဆုံးဖြတ်ချက် ချထားပါ
..................................................................................
ကျွန်မငယ်ငယ် အသက် ၁၉၊ ၂၀ လောက်တုန်းက ၀တ္ထုတိုတွေ ရေးပြီး မဂ္ဂဇင်း တိုက်တွေကို ပို့ပါတယ်။ အဲဒီကနေ အယ်ဒီတာ တစ်ယောက်နဲ့ အပြန်အလှန် စာ အဆက်အသွယ် ရခဲ့ပါတယ်။ အဲဒီ အယ်ဒီတာက ကျွန်မ ၀တ္ထုတွေကို အကြိမ်ကြိမ် အခါခါ ပယ်နေတဲ့သူ ဖြစ်ပေမယ့် ကျွန်မဆီ စာရေးတဲ့ အခါမှာတော့ အားပေး စကားတွေ အမြဲ ဆိုပါတယ်။ အဲဒီလိုနဲ့ နှစ်နှစ်လောက် ကြာတဲ့ အခါမှာ ကျွန်မ ကိုလံဘီယာ တက္ကသိုလ်မှာ စာရေးနည်း သင်တန်းကို လျှောက်ထား ခဲ့ပါတယ်။ ကျွန်မကို လက်ခံလိုက်ပြီလို့ ကြားသိရတဲ့ အချိန်မှာ အမေရိကန် ပြည်ထောင်စု အနောက်ပိုင်း ကနေ အရှေ့ပိုင်းကို ပြောင်းရွှေ့ နေထိုင် ရပါတယ်။ အဲဒီမှာ အသိအကျွမ်း ဆိုလို့ တစ်ယောက်မှ မရှိပါဘူး။ အကြွေးတွေ တင်နေတဲ့ ပညာသင် တစ်ယောက် ပေါ့။ အသက် ၂၄ နှစ် အရွယ် ရောက်တော့ မဂ္ဂဇင်း တစ်စောင်ရဲ့ အယ်ဒီတာထံကို “ကျွန်မမှာ စာရေးဆရာ ဖြစ်လောက်တဲ့ အရည်အချင်း ရှိပါသလား”လို့ စာရေးပြီး မေးခဲ့ပါတယ်။

သူ့အဖြေက ယူသော် ရ၏ ဆိုတဲ့ အဖြေမျိုးပါ။ တိကျ ပြတ်သားတဲ့ အဖြေ မဟုတ်ဘဲ စာရေးဆရာ ဖြစ်ဖို့ဆိုတာ ကိုယ်တိုင် ဆုံးဖြတ်ရမယ့် အချက်သာ ဖြစ်တယ်လို့ ပြန်ကြားခဲ့ပါတယ်။ သူဟာ စာရေးဖို့ ၀ါသနာပါသူများ အပေါ်မှာ ကြင်နာ စိတ်ရှိသူ တစ်ဦးပါ။ ဒါပေမယ့် သူ့အနေနဲ့ ကျွန်မကို စာရေးဆရာ ဖြစ်နိုင်တယ်၊ သို့မဟုတ် မဖြစ်နိုင်ဘူး ဆိုတာကိုတော့ လုံးဝမဖြေခဲ့ပါဘူး။ ဒါကြောင့် စာရေးဆရာ ဖစ်ဖို့ ဆိုတာဟာ မိမိ ယုံကြည်ချက်နဲ့ လုပ်မှသာ ဖြစ်နိုင်တဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ်။ အဲဒီ အယ်ဒီတာ ဆီကစာ ရပြီးတဲ့နောက်မှာ ကျွန်မ စာရေးဆရာ ဖြစ်ရမယ်လို့ ဆုံးဖြတ်ချက် ချခဲ့ပေမယ့် သူနဲ့တော့ အဆက်အသွယ် မရှိတော့ပါဘူး။ သူ့အနေနဲ့ ခုအချိန်ခါမှာ သူပြောခဲ့တဲ့ ကလေးမ တစ်ယောက်ဟာ စာရေးဆရာ ဖြစ်နေပြီ ဆိုတာကိုလည်း သိမယ် မထင်ပါဘူး။

စာရေးဆရာ ဖြစ်ရမယ်လို့ ချမှတ်ရတဲ့ ဆုံးဖြတ်ချက်ဟာ တိကျ ခိုင်မာဖို့ အရေးကြီးပါတယ်။ ဒီဆုံးဖြတ်ချက် အတွက် ကိုယ့်ဘ၀မှာ စွန့်လွှတ်ရတာ တွေ ရှိကောင်းရှိနိုင်ပါတယ်။ ဥပမာ အားလပ်ရက်တွေမှာ သူများတကာ တွေက အပန်းဖြေ နေကြပေမယ့် ကိုယ်က လက်လွတ် ဆုံးရှုံးတာမျိုးပေါ့။ စာရေးမယ်လို့ ဆုံးဖြတ်လိုက်ရင် နေ့စဉ် နေထိုင် လှုပ်ရှားရတဲ့ ကိုယ့်ဘ၀ကိုလည်း အလိုလို ထိန်းကျောင်း ပဲ့ပြင်ပြီးသား ဖြစ်စေပါတယ်။ စာရေးချင်စိတ် ပြင်းထန် လာလေ ရေးနိုင်ဖို့ အစစအရာရာ ကြို တင်ပြင်ဆင်မှုတွေကို ဆောင်ရွက်လေ ဖြစ်လာပါတယ်။

ဒါပေမယ့် တစ်ယောက်နဲ့ တစ်ယောက်တော့ မတူညီပါဘူး။ တချို့ ရဲရင့်တဲ့ လူငယ်များက ကောလိပ်ကျောင်းမှာ သူတို့ စာသင်စားပွဲတွေပေါ် မတ်တတ်တက် ရပ်ပြီး တစ်နေ့မှာ ကျွန်တော်တို့ဟာ စာရေးဆရာ ဖြစ်ကို ဖြစ်ရမယ်လို့ ကြေညာသူတွေ ရှိသလို တချို့ ကတော့လည်း ကိုယ့်ရည်မှန်းချက်ကို ကြိတ်ပြီး ထိန်းသိမ်းသူတွေ ရှိပါတယ်။ တစ်ခါတလေမှာ စာရေးချင် စိတ်ကြောင့် အလုပ်ပြုတ်တဲ့ သူတွေ၊ ထမင်းငတ်တဲ့ သူတွေ၊ ရည်မှန်းချက် စွန့်လွှတ် ရသူတွေလည်း ရှိတတ်ပါတယ်။ ဘ၀မှာ ဘယ်လိုပဲ အခက်အခဲတွေ ရှိပါစေ စာရေးဆရာ ဖြစ်ချင်သူကတော့ သူ့ရည်မှန်းချက်ကို ဘယ်တော့မှ လက်မလျှော့ပါဘူး။ မိမိ ယုံကြည်ချက်ကို ခိုင်မာအောင် တတ်စွမ်းသလောက် ကြိုးစားပါ။ ခံစားချက် ပြေပျောက်သွားအောင် စာကလေး တစ်ပုဒ်၊ နှစ်ပုဒ်လောက်ရေး မယ်ဆိုသူတွေ အတွက် မဟုတ်ပါဘူး။ ကိုယ်ကိုယ်တိုင်က ဇာတ်လမ်းတွေ အများကြီး ပြောပြချင်တယ်လို့ ယုံကြည် ထားသူတွေ အတွက် ပြောပြချင်ပါတယ်။ အချိန်ယူပြီး စာရေးပါ။ မိတ်ဆွေများနဲ့ ညစာစားချိန် သို့မဟုတ် စကားစမြည် ပြောဖြစ်ချိန်များမှာ ကိုယ့်ဇာတ်လမ်းကို ပြောပြကြည့်ပါ။ စာတစ်ပိုဒ် သို့မဟုတ် ၀တ္ထုတိုတစ် ပုဒ်ဖတ်ပြီးချိန်မှာ ကိုယ်တိုင် ပြန်ဖတ် ကြည့်ပါ။ ဒီစာက ထူးခြားမှု ရှိရဲ့လား ဆိုတာ ကိုယ်တိုင် ဆန်းစစ်ကြည့်ပါ။ ကိုယ့်ရင်ထဲမှ“ငါ စာရေးဆရာ ဖြစ်နိုင်တဲ့ အရည်အချင်း ရှိရဲ့လား” ဆိုတဲ့ အစွဲကြီး ဘယ်တော့မှ မထားပါနဲ့။



စာရေးချင်တဲ့ အခါ အထူးသဖြင့် ၀တ္ထုရေးချင်တဲ့ အခါမှာ အချိန်ကို သူ့အလိုလို ယူတတ်လာပါလိမ့်မယ်။ အချိန်က အများကြီးကို လိုအပ်တာပါ။ ဘာကြောင့်လဲ ဆိုတော့ ရေးသမျှတွေဟာ မှားကောင်း မှားနိုင်တယ်။ အဲဒါတွေကို ပြင်ဖို့ဆင်ဖို့ အချိန် ယူရဦးမယ်။ တစ်ခါတလေမှာ ဇာတ်လမ်းဇာတ် ကွက်ကလေး တစ်ခုရဖို့ အတွက် ရက်ပေါင်းများစွာ စဉ်းစားရတာ ရှိပါလိမ့်မယ်။ ဒါလည်း အချိန် လိုအပ်တာပါပဲ။ ကိုယ်က ဘာအလုပ်မှ လုပ်စရာမလိုဘဲ သန်းကြွယ် သူဌေးကြီး ဖြစ်ရင်ဖြစ်၊ ဘယ် သူနဲ့မှ ဆက်စပ်စရာ မလိုဘဲ တစ်ကိုယ်တည်း နေရတဲ့ သီလရှင်ဖြစ်ရင်ဖြစ်၊ အဲဒီလိုမှသာ လူ့အသိုက်အ၀န်းကနေ ဖယ်ထွက်လို့ ရမှာပါ။ ကိုယ်က လူထဲက လူတစ်ယောက်သာ ဖြစ်တယ်ဆိုရင်တော့ လူတွေနဲ့ နေရင်း၊ စားရင်း၊ သွား ရင်းကပဲ ကိုယ်ရေးချင်တာကို စဉ်းစား တွေးတောရမှာပါ။ တစ်ယောက်တည်း နေမှ တွေးလို့ရတယ် ဆိုတာ မဟုတ်ပါဘူး။

စာရေးချင်သူ တစ်ယောက် အတွက် ဘယ်နေရာမှာပဲ နေနေ စာရေးဖို့ စဉ်းစားနိုင်တဲ့ အရည်အချင်း ရှိလာပါလိမ့်မယ်။
နောက်တစ်ခုက အချိန် ဇယားချပြီး အလုပ်လုပ်ပါ။ ကိုယ့်သတ်မှတ်ချိန် အတွင်းမှာ သတ်မှတ်ထားတာကို လုပ်ပါ။ အဲဒီ အချိန်အတွင်းမှာ ပေါ်ပေါက် လာတဲ့ တခြား ကိစ္စတွေကို မစဉ်းစားပါနဲ့။ ဘာကြောင့်လဲ ဆိုတော့ ဒါတွေက အမြဲတမ်းလိုလို ရှိနေမှာမို့ပါပဲ။ သူငယ်ချင်း တစ်ယောက် စိတ်ဓာတ် ကျနေလို့၊ အိမ်မှာ ဧည့်သည် ရောက်နေလို့၊ အိမ်က မွေးထားတဲ့ ခွေးကို ဆေးခန်း ပို့စရာရှိလို့ အဲဒါမျိုးတွေ ထွေလီကာလီ ပေါ်ပေါက် လာခဲ့ရင် ကိုယ့်အချိန် ဇယားကနေ သွေဖည် သွားပါလိမ့်မယ်။ မိမိကိုယ် မိမိ ခွဲစိတ် ဆရာဝန်ကြီး တစ်ယောက်လို၊ လွှတ်တော် အမတ်ကြီး တစ်ယောက်လို လုပ်စရာ ရှိတာကို မူလ သတ်မှတ်ထားတဲ့ အတိုင်း လုပ်နိုင်အောင် တိကျပြတ်သား ရပါမယ်။ ပထမပိုင်းမှာတော့ လူတိုင်းဟာ ကိုယ့်အချိန် ဇယားကို ကိုယ်မထိန်းနိုင်ကြဘဲ ဖောက်ဖျက် တတ်ကြပါတယ်။ ဒါပေမယ့် ကြာလာတော့ အချိန် ဇယားနဲ့ အသားကျသွားပါလိမ့်မယ်။

စာရေး စားပွဲမှာ သတ်မှတ်ထားတဲ့ အချိန်ရောက်ရင် ထိုင်ကိုထိုင်ပါ။ စိတ်ညစ်တာပဲ ဖြစ်ဖြစ်၊ ပျင်းနေတာပဲ ဖြစ်ဖြစ် ဖြစ်ချင်တာဖြစ်ပါစေ၊ စာရေး စားပွဲကိုရောက် ကိုယ်ရေးရမယ့် ဇာတ်လမ်း၊ ဇာတ်ကွက်တွေဟာ ပေါ်လာပါလိမ့်မယ်။ တစ်ခါတလေမှာ စားပွဲမှာ မထိုင်ခင် ရေးစရာတွေကို သတိရ လာတတ်တာလည်း ရှိပါတယ်။


ကိုယ့်အလုပ်မှာ ရင်းနှီးမြှုပ်နှံပါ
..........................................
စာရေးဖို့ အတွက် လိုအပ်လာပြီ ဆိုရင် အချိန်နဲ့သော်လည်းကောင်း၊ ငွေနဲ့ သော်လည်းကောင်း ရင်းနှီးမြှုပ်နှံဖို့ လို အပ်ပါတယ်။ ဆိုကြပါစို့၊ နေရာဒေသ တစ်ခုအကြောင်း နောက်ခံထားပြီးရေး မယ်လို့ စဉ်းစားထားတယ် ဆိုပါတော့။ အဲဒီအခါမျိုးမှာ ကိုယ်က ဒီနေရာ၊ ဒီ ဒေသကို မရောက်ဖူးဘဲနဲ့ ဘယ်လိုရေး နိုင်ပါ့မလဲ။ ဒါကြောင့် အဲဒီနေရာကို ရောက်အောင် ငွေကုန်ခံပြီးသွားသင့်ရင် သွားရပါမယ်။ အချိန်ကုန်ခံသင့်ရင် ခံရ ပါမယ်။ ကိုယ်က အိမ်အတွက် ပစ္စည်း တစ်ခုခုဝယ်မယ့်အစား စာရေးဖို့ ရင်းနှီး မြှုပ်နှံလိုက်ခြင်းလို့ ခံယူပါ။ ရဲရင့်ပါစေ။ အချိန်မတန်သေးခင် အောင်မြင်မှုကို မတမ်းတပါနဲ့။ ပင်ကို သဘာဝအားဖြင့် စိတ်ပူတတ်သူဖြစ်ရင် ဒီတစ်နှစ်အတွင်း စာရေးဆရာဖြစ်လာ မယ်လို့ ကြိုတင်ဆုံးဖြတ်ချက်ချပြီး ဖြစ် အောင်ကြိုးစားပါ။ ဖြစ်ရမယ်လို့လည်း ကိုယ့်ကိုယ်ကို သတိပေးပါ။ တစ်နှစ် ကုန်ဆုံးသွားတဲ့အခါမှာ ကိုယ့်လုပ်ရပ် တွေကို ပြန်လည်သုံးသပ်ပါ။ တစ်နှစ်ဆို တဲ့ အချိန်ကာလဟာ သိပ်များတဲ့အချိန် မဟုတ်ပါဘူး။ အဲဒီကာလအတွင်းမှာ ကိုယ် ဖြစ်မယ်လို့ ယုံကြည်ထားတာကို ဖြစ်အောင်လုပ်ပါ။


အားလပ်ချိန်များကို မေ့ထားလိုက်ပါ
........................................
စာရေးဆရာ ဖြစ်ချင်သူများ အတွက် အားလပ်ချိန် ဆိုတာ မလိုအပ်ပါ ဘူး။ အချိန်ပြည့်အလုပ်လုပ်ဖို့ လိုပါ တယ်။ ကိုယ်ရေးနေတဲ့ဝတ္ထုဇာတ်လမ်း တစ်နေ့ထက် တစ်နေ့ အရှိန် တက်လာဖို့ပဲ သတိပြုရပါမယ်။ မိတ်ဆွေအပေါင်းအသင်းများနဲ့ အပျော်ခရီး တစ်နေရာကိုထွက်ဖို့ရှိတယ် ဆိုရင်လည်း ငြင်းလိုက်ပါ။ သူတို့က မင်းစာအုပ်တွေ ယူခဲ့ပါကွာ၊ ငါတို့မှာ လည်း အလုပ်ရှိတာပါပဲလို့ ဆိုကြပါ လိမ့်မယ်။ ဒါပေမယ့် သူတို့စကားကို ယုံစားပြီး လိုက်သွားမယ် ဆိုရင် သူတို့နဲ့ အတူ ရောပြီး စီးမျောနေမိမှာ အမှန်ပါပဲ။ ဆိုကြပါစို့၊ သူတို့က တပျော်တပါးနဲ့ မြက်ရိတ် နေကြချိန်မှာ ကိုယ်က အခန့် သားထိုင်ပြီး စာအုပ်တစ်အုပ် ဖတ်နေလို့ ဖြစ်ပါ့မလား။ ဒါကြောင့် အစကတည်းက ရှောင်လိုက်ခြင်းက အကောင်းဆုံးပါ။

တာဝန်သည် အနုပညာ၏ ရန်သူဖြစ်သည်
......................................................
အချိန်ဇယား ကန့်သတ်ပြီး နေ့စဉ် ကိုယ့်စည်းကမ်းနဲ့ ကိုယ်နေထိုင်တတ်လာသူ တစ်ယောက်ဟာ အလုပ်ထဲမှာ ကိုယ့်ဘာသာ ကိုယ်လွတ်လပ်ပြီး ပျော်ရွှင် လာပါလိမ့်မယ်။ တချို့ စာရေးဆရာ များကတော့ တစ်နေ့ကို စာမျက်နှာ ဘယ်လောက်ပြီးရမယ် ဆိုတဲ့ သတ်မှတ် ချက်ထားပြီး စာရေးတတ်ကြပါတယ်။ ကျွန်မကတော့ အဲဒီလောက်ကြီး တိကျတဲ့ ဇယား ကန့်သတ်ထားဖို့ မလိုဘူး ထင်ပါတယ်။ ကိုယ်ရေးနေတဲ့ ၀တ္ထုမှာ ၀င်စား နေဖို့သာ လိုအပ်ပြီး တစ်ရက် ထက်တစ်ရက် ဇာတ်ရှိန် တက်လာဖို့သာ လိုအပ်ပါတယ်။


“သင့်တယ်”ဆိုခြင်းက “ကောင်းတယ်” ဆိုခြင်း၏ ရန်သူဖြစ်သည်
............................................................................
ကျွန်မ သူငယ်ချင်း Allan Gurganus က သူပို့ချတဲ့ စာရေးနည်း သင်တန်းများမှာ ဒီစကားလုံးကို အမြဲ သုံးပါတယ်။ သူပြောပြတာက တစ်ခါ တုန်းက Joseph Cladwell က ပြောဖူး တယ်တဲ့။ စာရေး ဆရာများ အနေနဲ့ လွယ်လွယ် ရေးပြီးနိုင်စေဖို့ လုပ်တဲ့ နည်းတစ်နည်း ရှိပါတယ်။ အဲဒါကတော့ ကိုယ့် အဆင့်ကို နှိမ့်ပြီး ရေးခြင်း ဖြစ်ပါသတဲ့။ တကယ်တော့ ဒီနည်းဟာ လက်တွေ့ ကျတဲ့နည်းတစ်နည်း မဟုတ်ပါဘူး။ ကျွန်မတို့ အနေနဲ့ စာရေးဆရာ တစ်ယောက်ရဲ့ ပထမဆုံး မူကြမ်းဟာ ဘယ် နည်းနဲ့မှ သူ့အတွက် ဂန္ထ၀င် စာတစ်ပုဒ် ဖြစ်မလာနိုင်ပါဘူး။ စာရေး ဆရာတိုင်း ဟာ စာမူတိုင်းကို အထပ်ထပ် အခါခါ ဖတ်၊ အထပ်ထပ် အခါခါ ပင်ရပါတယ်။ တချို့ဝတ္ထုရေး ဆရာများကတော့ ပထမ ဦးစွာ ဇာတ်လမ်း အကျဉ်းကို ရေးလိုက် ကြပါတယ်။ ပြီးတော့မှ လိုတဲ့ နေရာမှာ လိုသလို ဖြည့်စွက် ချဲ့ထွင်ခြင်း၊ အရောင် ဖြည့်ခြင်း စတာတွေကို လုပ်ကြပါတယ်။ တချို့ကတော့ ဇာတ်ကောင် များရဲ့ စရိုက်ကို ဦးစွာ စဉ်းစားကြပါ သတဲ့။ တချို့စာရေး ဆရာများက သူတို့ ချမှတ်ထားတဲ့ အချိန်ဇယား အတွင်း ဘောင်ဝင်အောင် ဖြည်းဖြည်းချင်းပဲ ရေးကြပါသတဲ့။ ဒီလူများက နောက်တစ်ကြိမ် အချောပြန် ရေးလေ့ မရှိကြတော့ပါဘူး။


ဝတ္ထုတစ်ပုဒ် ရေးနည်း တိတိကျကျကို မည်သူမျှ သင်ကြား မပေးနိုင်ပါ
ဝတ္ထုတစ်ပုဒ်ကို ဘယ်လိုရေးရ မယ်ဆိုတာ ဘယ်သူမှ တိတိကျကျ သင်ပေးလို့ မရပါဘူး။ ဘာနဲ့တူသလဲ ဆိုတော့ ကျွန်မတို့ တစ်ယောက်ကိုတစ် ယောက် ချစ်ကြတယ်ဆိုတဲ့ နေရာမှာ ဘယ်လို ချစ်တာလဲ ဆိုတာ မပြောနိုင်သလို တစ်ယောက်နဲ့ တစ်ယောက်လည်း မတူပါဘူး။ အဲဒီလိုပါပဲ၊ စာရေးတဲ့ နေရာမှာ ၀တ္ထုဆိုတာ ဘယ်လို ရေးရမယ်လို့ တိတိကျကျ သင်ပေးလို့ မဖြစ်နိုင်ပါဘူး။

စာရေးချင်စိတ် ရှိသူက သူ့အလုပ် ကိုသူလုပ်ရင်း သူ့နည်းကို သူတွေ့သွားပါလိမ့်မယ်။ မှားရင်း၊ ပြင်ရင်းကနေ နည်းလမ်း အမှန်တွေကို ရသွားမှာပါ။ များများရေးလေ နည်းလမ်းကောင်း တွေ့လေ ဖြစ်ပါလိမ့်မယ်။ ဒုတိယ အကြိမ် ရေးရာမှာ ပထမ အကြိမ်လောက် စိတ်ဖိစီးမှု မရှိနိုင်တော့သလို နောက် ထပ်ရေးလေ လွယ်ကူ လျင်မြန်သွားလေ ပါပဲ။

များများရေးခြင်းအားဖြင့် ဘယ်ပုံစံဟာ မိမိနှင့် သင့်တော်မည်ကို တွေ့ရှိလာမည်
တချို့ စာရေးဆရာများက ၀တ္ထု တိုရော ၀တ္ထုရှည်ပါ ကျွမ်းကျွမ်းကျင်ကျင် ရေးနိုင်ကြပေမယ့် တချို့ဆရာ များကတော့ တစ်မျိုးကိုသာ ကျွမ်းကျင် ကြပါတယ်။ ၀တ္ထုတို ရေးသူများက ရုတ်တရက် ချက်ချင်း ဖြစ်ပေါ်လာတဲ့ အဖြစ်အပျက်များကို စိတ်အား ထက်သန်ပြီး ၀တ္ထုရှည် သမားများကတော့ အချိန် ကာလ ရှည်ကြာစွာ ဖြစ်ပေါ်လာတဲ့ဖြစ် ရပ်များ အပေါ်မှာသာ စိတ်ဝင်စားကြပါ တယ်။ သူတို့က ရှေ့တစ်လှမ်းတိုး နောက် နှစ်လှမ်းဆုတ် ဆိုတဲ့နည်းကို စိတ်အား ထက်သန်ကြသူတွေ ဖြစ်ပါ တယ်။

အောင်မြင်ကျော်ကြားသည့် အနုပညာ ရှင်ဖြစ်၊ မဖြစ် ပြောရန် ခက်သည်
စာရေးနည်း သင်ကြား ပို့ချတဲ့ သင်တန်းများမှာလည်း စာကို ဘယ်လိုရေးမယ် ဆိုတာသာ သင်ကြား ပို့ချတာပါ။ ၀တ္ထုကောင်းတစ်ပုဒ် ဖြစ်လာဖို့ ဘယ်လို ဆင့်ပွား တွေးယူမယ် ဆိုတာလောက် အထိ သင်ပေးလို့ မရနိုင်ပါဘူး။ အတွေးဥာဏ် ကွန့်မြူးနိုင်ဖို့က မိမိ အားထုတ်မှုသာ ဖြစ်ပါတယ်။


အတွေ့အကြုံများကို ၀တ္ထု ဇာတ်ကြောင်း အဖြစ် ပြန်လည် အသုံးချခြင်း
ဆရာမ တစ်ယောက် အနေနဲ့ အရက် သောက်ခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းကို ထောက်ခံတယ်လို့ ပြောလို့ မရပါဘူး။ ဒါပေမယ့် တစ်ခါတလေမှာတော့ စိတ်လွတ်ကိုယ်လွတ် နေတတ်တဲ့သူများ ဖန်တီးတဲ့ ၀တ္ထုများဟာ ပိုပြီး ကောင်းနေတာကို တွေ့ရပါတယ်။ ဒါဟာ မူးယစ် သောက်စားခြင်းကြောင့်လို့ ကျွန်မ တစ်ထစ်ချ မဆိုလိုပေမယ့် ပေါ့ပေါ့ပါးပါး နေထိုင်သူများ ထံမှ ထွက်လာတဲ့ ၀တ္ထုများဟာ ပိုကောင်းတယ် ဆိုတာကိုတော့ ကျွန်မ ၀န်ခံရပါလိမ့်မယ်။

အသံထုတ်ပြီး စာဖတ်သည့် အကျင့်
ကိုယ်ရေးထားတဲ့ စာကို ကိုယ့်ဘာသာကိုယ် စိတ်ထဲက ဖတ်ကြည့်နေရင် ချောနေပေမယ့် အသံထုတ်ပြီး ဖတ်ကြည့် လိုက်တဲ့ အခါမှာ မလိုအပ်ဘဲ ပွယောင်းနေတဲ့ စကားလုံးတွေကို တွေ့လာနိုင်ပါတယ်။ ဒါကြောင့် စာပိုဒ်တစ်ပိုဒ် ရေးပြီးတဲ့ အခါတိုင်း အသံထုတ်ပြီး ဖတ်ကြည့်ပါလို့ ကျွန်မ အကြံပြုချင်ပါတယ်။


စာအုပ်ကောင်းများကို ဖတ်ပါ
ဂန္ထ၀င် စာအုပ်ကြီးများကို ဖတ်ပါ။ ဖတ်ပြီးရင်လည်း ပြန်ဖတ်ပါ။ ဒီဝတ္ထု ကြီးများထဲက ဇာတ်ကောင်များကို အထူး ဂရုပြုပါ။ ဒါပေမယ့် ဒီစာရေး ဆရာကြီးများကို မနာလိုစရာ မဟုတ်ဘဲ အားကျဖို့သာ ဖြစ်ပါတယ်။ သူတို့လို ကိုယ်ရေးတတ်ဖို့ အားကျ စေချင်တာပါ။ ဒါပေမယ့် တစ်ခါတလေမှာ အရောင်းရ အတွင်ကျယ်ဆုံး စာရေးဆရာ၊ ဆရာမ တစ်ယောက်ရဲ့ဝတ္ထုကို ဖတ်ပြီး သိမ်ငယ် စိတ်ဝင်တတ်တဲ့ သူတွေလည်း ရှိပါတယ်။ အဲဒီလို မဖြစ်ရပါဘူး။ ချက်ကော့ဖ်တို့၊ တော်လ်စတွိုင်းတို့ ၀တ္ထုကြီးတွေကို ဖတ်ပြီး စိတ်ဓာတ်ကျလို့ ဘယ် ဖြစ်ပါ့မလဲ။ ကျွန်မ တပည့် တချို့ကတော့ သူတို့ စိတ်ဓာတ်ကျတဲ့ အခါမျိုးမှာ အဲဒီလို ၀တ္ထုကြီးတွေကို ဖတ်ပြီး ငါတို့လည်း ဒီလောက်တော့ ရေးတတ်ပါတယ် ဆိုတဲ့ အတွေး ၀င်လာကာ စာပြန် ရေးကြတယ်လို့ ကျွန်မကို ပြောပြဖူးပါတယ်။

မိတ်ဆွေများထဲမှာ ကိုယ့်ပရိသတ်ကို ရှာပါ
ကိုယ်ယုံကြည် စိတ်ချရတဲ့ မိတ်ဆွေ တစ်ယောက်က ကိုယ့်စာတွေကို ဝေဖန် အကြံဥာဏ် ပေးဖို့ လိုအပ်ပါတယ်။ တချို့ စာရေးသူများက ကိုယ့်အချင်းချင်း ၀ိုင်းဖွဲ့ပြီး တစ်ယောက်နဲ့ တစ်ယောက် ဖလှယ်ကာ ကိုယ့်စာသူဖတ်၊ သူ့စာကိုယ်ဖတ် ဆွေးနွေးကြပါတယ်။ ပြီးတော့ ကိုယ့်စာကို ဘယ်သူက ဘယ်လို ဆွေးနွေးတယ်၊ ဘယ်လို ဝေဖန်တယ် ဆိုတာကိုလည်း မှတ်စု စာအုပ်မှာ ချရေးထား တတ်ကြပါတယ်။ ဒီမှတ်ချက်တွေကို နောင်မှာ ပြန်ဖတ်ရင်း အကြံကောင်း ဥာဏ်ကောင်းတွေကို ရယူ ပြင်ဆင်ကြပါ တယ်။ တချို့ ဝေဖန်ချက်တွေက ပျစ်ပျစ်နှစ်နှစ် ရှိတဲ့အတွက် ကိုယ့်ကို အရှိုက် ထိုးသလို ဖြစ်တတ်တဲ့ အခါတွေလည်း ရှိပါတယ်။ ဒီအခါမျိုးမှာ သူက ကိုယ့်ကို မလိုလို့ တမင်တကာ ရေးသလား သုံး သပ်ကြည့်ပါ။ သက်သက်မဲ့ ရေးတာ ဆိုရင်တော့ သူ့မှတ်ချက်ကို လျစ်လျူရှု ထားလို့ ရပါတယ်။ အများအားဖြင့်ကတော့ ဒီလို စုပေါင်း ဆွေးနွေးခြင်းဟာ စာကောင်း ပေကောင်းများကို ထွက်ပေါ် လာစေတတ်ပါတယ်။

ဒါက ဆရာမ Mona Simpson ရေးသား ဖော်ပြထားတဲ့ ဆောင်းပါး ဖြစ်ပါတယ်။ စာရေးချင်စိတ် ရှိသူများ အတွက် လိုက်နာသင့်တာတွေ အများ ကြီးပါတာ တွေ့ရပါလိမ့်မယ်။ ဒီနည်းနဲ့ ကိုယ့်ခံစားချက်တွေကို စာမျက်နှာများ ထက်ပေါ်မှာ ချရေးနိုင်ကြလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။


ဝင်းငြိမ်း
*အွန်လိုင်းရွှေဝထ္ထုတိုဆု မှပြန်လည်ကူးယူဖော်ပြပါသည်။ခွင့်ပြုချက်မတောင်းခံဘဲကူးယူခဲ့သည်အတွက်ခွင့်လွှတ်
နားလည်ပေးပါရန်တောင်းပန်အပ်ပါသည်။စာပေတန်းဖိုးချစ်မြတ်နိုးစွာဖြင့်.............

Posted by ကိုကို ခန့်ချောကြီး on Sunday, October 6, 2013


ပျံသန်းလိုက်တိုင်းလဲ
ဒီအတောင်ပံတွေကကောင်းကင်နဲ့မလွတ်နိုင်ဘူး
ဖြစ်ရိုးဖြစ်စဉ်တစ်ခုပါပဲ
မနက်ဖြန်အတွက်မှ ငါ ကကြိုတင်အသက်မရှင်တက်ခဲ့တာ..
စိတ်ပျက်လက်ပျက်
နှစ်နှစ်ကာကာမွန်းကြပ်လိုက်တယ်
ဘယ်လိုသီးပွင့်ရမလဲ…?
ဘယ်လိုဝေဆာရမလဲ..?
.......................လဲ?
ငွေကြေးဆိုတာလည်း
ချွေးနံ့ပျောက်ဆေး တစ်မျိုးပါပဲကွယ်
အခြေအနေအရဆိုတဲ့
ဒီစကားလုံးကြီးနဲ့ပဲ
သိက္ခာတွေဖွင့်ဖွင်ချခဲ့ရတယ်.။
ရွှေဖြစ်ခွင့်မရခဲ့လို့
ကြေးဖြစ်ခဲ့ရတဲ့ငါ့ဘဝကို မင်း နားလည်မယ်ဆိုရင်…
ပန်းပွင့်တစ်ချို့တစ်လေနဲ့လည်းဥယာဉ် ဖြစ်ခွင့်ရချင်ပါရဲ့..
အမြန်ဆုံးသီးပွင့်လှည့်ပါ..ကောင်မလေးရယ်…။

Posted by ကိုကို ခန့်ချောကြီး on Saturday, October 5, 2013


                                                         လမ်းခွဲတေး

တစစ်စစ်နာကျင်ကိုက်ခဲနေတဲ့
အသိတစ်စုံကနှလုံးသားကိုခြေမွနေခဲ့
ခွဲရမယ်ဆိုတဲ့အသိနဲ့  
ငါနှစ်ခါသေဆုံးခဲ့ရတယ်။
ငါစိုက်ပျိုးခဲ့တဲ့ဥယာဉ်ငယ်
မလိုသူခြွေယူဖျက်ချိုးသွားမှာစိုးရိမ်မိတယ်။
ဆန္ဒနဲ့ဘဝဘယ်ချိန်မှာထပ်တူကျပါ့မလဲ
ဝေးကွာခြင်းလက်တံတစ်စုံရယ်
အချိန်တွေစောလွန်းပါသေးတယ်။
နာရီတွေနောက်ပြန်ဆုတ်
နောင်တတွေလှလှပပထုပ်ပြီး
ငါနှုတ်ဆက်ခဲ့ပါတယ်။
လေသင့်ရာမွှေး
လူတိုင်းရင်ကိုအေးမြပါစေတော့
ဥယာဉ်ငယ်...။

                                                                                          

ဖရဲသီးလေးတစ်လုံးရဲ့ခံစားချက်လေးပါ။

Posted by ကိုကို ခန့်ချောကြီး on

 
(၁)
သည်ရွာကလေးကို လူတွေက လက်ပဒေါ လို့ပဲခေါ်တယ်။ တကယ်စာနဲ့ပေနဲ့ ရေးရင်တော့ လက်ပံတော ဖြစ်ရမှာပေါ့လေ။ ဖိတ်စာတွေဘာတွေမှာ လက်ပံတော ရွာနေ အဘဦးဖိုးဂေါင်ကို အမှူးထား၍…. ဘာညာစသည်ဖြင့် ရိုက်ရင်တော့ လက်ပံတောလို့ ရိုက်ကြတာပေမယ့် လူတွေပါးစပ်ကတော့ လက်ပဒေါ ခေါ်တာပါပဲ။ လက်ပဒေါ ဆိုရင်လည်း သည်ရွာကို ညွှန်းမှန်းသိတယ်။ ခက်တာက ရွာကိုသာသိတာပါ ၊ သွားတာတော့ ဘယ်သူမှ မသွားချင်ဘူး။ သွားရတာလည်း လွယ်တာမဟုတ်ဘူး။
         ဆည်မြောင်းလက်တံမြောင်းကို ကန့်လန့်ဖြတ်ရတာလည်း ရှိတယ်။ လက်တံမြောင်းကြီးကလည်း တစ်ခါတစ်ခါ ပဲချိန် ၊ နှမ်းချိန် ရေလွှတ်ထားရင် လူ့ခါးစောင်းလောက် ရေရှိနေတာဆိုတော့ တော်ရုံလူက တော်ရုံကိစ္စနဲ့ မဖြတ်ကြဘူး။ တော်တော်ဝေးတဲ့ နေရာမှာတော့ မြောင်းကူးအုတ်တံတားဟောင်းကြီး ရှိပေမယ့် ဘယ်သူက အဲသည့် သွားကူးနေမှာတုန်း။ ဝေးသမှ တော်တော့်ကိုဝေးတာ။ ကူးပါပြီတဲ့။ တစ်ဖက်ကမ်းရောက်လို့ ပြီးသေးတာ မဟုတ်ဘူး။ ပြောင်းတောကြီးဖြတ်ရသေးတာ။ ပြောင်းတောထဲ မရောက်ခင် ပတ်ကြားအက်နေတဲ့ လယ်တောခြောက်ခြောက်ကြီးထဲကို တော်တော်လေး ဆင်းရသေးတယ်။ ပြီးမှ ပြောင်းခင်းထဲ ရောက်တယ်။ ပြောင်းခင်းကို ဖြတ်ပြီးရင် လက်ပဒေါရွာစပ်ကို ရောက်ပြီ။ ယာခင်းမြေနီစပ်က ကိုလုံးထန်းရွက်တဲဟာ လက်ပံတောရဲ့ ရွာဦးဆိုင်းဘုတ်ပဲ။
          ဒါပေမယ့် ပါးစပ်က ပြောရတာ လွယ်တာကလား။ တကယ်သွားတော့ သည်လောက် လွယ်တာမဟုတ်ဘူး။ ဒါဖြင့်ရင် စက်ဘီးနဲ့ သွားပါလား ဆိုတော့လည်း စက်ဘီးစီးစရာကိုပဲ လမ်းမရှိတာ။ မြင်းလှည်းတော့လည်း ဖြစ်ဖြစ်မည် သွားရင် ရပေမယ့် အုတ်တံတားရှိတဲ့နေရာထိက ဝေးတော့ မြင်းလှည်းက လက်ပဒေါ ဆိုတာနဲ့။ “အားပေါင်ဗျာ” လုပ်တော့တာ။ ဒါက လက်ပဒေါကို သွားဖို့ ကိုယ့်ဘက်က စဉ်းစားတာ။ လက်ပဒေါ ဘက်ကတော့ စဉ်းစားနေတာ မဟုတ်ဘူး။ မြောင်းလက်တံကြီးကျော်ပြီး ကမ်းပေါ်တက်လိုက်မှ မြစ်လောင်း ဧရိယာထဲ ရောက်တာဆိုတော့ လာရတာပဲ။ ကူးရတာပဲ။ ကျားတံဆိပ် မီးခြစ်တစ်ဖာနဲ့လည်း မြောင်းရေထဲ ကူးရတာပဲ။ ဘီအိုစီဖယောင်းတိုင်လေး တစ်တိုင်နဲ့လည်း ပြောင်းခင်းထဲ မြွေမကြောက် ၊ ကင်းမကြောက် ကူးရတာပဲ။ လင်က ကွင်းကြိုကွင်းကြားထဲက ထိုးလာတဲ့ကြွက်ကို ခုတ်ထစ်ပြီး ရင်နှစ်ခြမ်းခွဲ ၊ မီးရဲရဲမှာကင်ပြီးရင် ကင်ထားတဲ့ တုတ်တံမည်းမည်းနဲ့ပင် ထမီရင်လျားကြီးနဲ့ မြစ်လောင်းကို ပြေးရောင်းရတာကလည်း ကြွက်ရရင် ရသလိုကိုး။
          မီးခြစ်တစ်ဖာ ၊ ဖယောင်းတစ်တိုင်နဲ့ မြစ်လောင်းသွားရလို့ လက်ပဒေါမှာ အိမ်ဆိုင်မရှိဘူးလားဆိုတော့လည်း မရှိဘူး။ အိမ်ဆိုင်နေနေသာသာ ဖျားလို့ ၊ နာလို့ ဆေးခန်း၊ ဆေးရုံ မရှိတာထား ၊ ကျားခေါင်းလေး ၊ ချမ်းအေးလေး တစ်ထုပ်လောက် ဝယ်ချင်လို့တောင် ကိုယ်ခွဲမရှိရင် အဖျားတက်ကြီးနဲ့ ပြေးရတဲ့ရွာကိုး။ လက်ပဒေါရဲ့ နာမည်ကျော် ရောင်းကုန်ကတော့ လယ်ကြွက် ၊ ကွင်းကြွက်ကို တုတ်နှစ်ချောင်း ထိပ်ဆိုင်ချည်ပြီး ကင်ထားတဲ့ကြွက်ကင်ပဲ။ ကြွက်ကင်သွားရောင်း ၊ ရောင်းရတဲ့ ပိုက်ဆံနဲ့ ဆန်နို့ဆီနှစ်ဘူး ၊ သုံးဘူး ဝယ်ပြီး ပြန်လာတာဟာ မြစ်လောင်းနဲ့ လက်ပဒေါရဲ့ ကုန်ကြမ်းပေး ၊ ကုန်ချောယူ ဆက်ဆံရေးပဲ။ မြစ်လောင်းက လူတွေကလည်း လက်ပံတော ကြွက်ကင်များတော့ ကြိုက်တယ်။ ကြိုက်တဲ့ အချိန်ယူသာလာခဲ့။ နောက်ဆုံး လူတွေအိပ်ချိန်ဆိုရင်တောင် ဘုံဆိုင်ကိုသာ နှိုး ၊ ယူတယ်။ ပိုက်ဆံမယူချင်ပါဘူး ဆိုရင် ဆန်နှစ်ဘူး ချင်ပေးတယ်။ လက်ပဒေါမှာ ကြွက်ကင်ဟာ ပိုက်ဆံပဲ။ လက်ပံတောမှာ ကြွက်တွင်းရှာတာဟာ ပိုက်ဆံရှာတာပဲ။ ဒါမှမဟုတ် ဆန်ရှာတာပဲ။
         မြစ်လောင်းဆိုတာကတော့ သည်နားတကြောမှာ တိုက်နယ်ရွာကြီးဆိုတော့ ဂတ်တဲရှိတယ်။ စာသင်ကျောင်းရှိတယ်။ တူတူတန်တန်ဈေးကလေး ရှိတယ်။ ကျေးလက်ကျန်းမာရေး ဆေးခန်းရှိတယ်။ ဆန်စက်တောင် တစ်လုံးလား ၊ နှစ်လုံးလားရှိတယ်။ ထားပါတော့။ သောင်သာတယ်။ ဆိုတော့ကာ မြစ်လောင်းသူ ၊ မြစ်လောင်းသားက ဈေးထဲမှာ ယောက်ျား၊ မိန်းမ အရောင်မွဲမွဲတွေ့ရင် ဒါ လက်ပဒေါက ဆိုတာ သိတော့ ၊ သူတို့ အချင်းချင်း စကားပြောရင်တောင် “လူကိုက လက်ပဒေါကာလာနဲ့” လို့ ပြောတတ်ကြတာတွေလည်း ရှိတယ်။ လက်ပဒေါက လူတွေဟာ ဆင်းရဲကြတာကို ပြောချင်တာပါ။ ဆင်းရဲပေမယ့် လက်ပဒေါသားတွေဟာ ရိုးသားကြတယ်။ မြစ်လောင်းဂါတ်တဲက လက်ပဒေါကို တရားခံသွားဖမ်းရတယ်ဆိုတာ တစ်ခါမှ မရှိခဲ့ဖူးဘူး။ လက်ပဒေါက တဲကလေးတွေဟာ ဘာတံခါးမှ မရှိတာတောင်မှ သစ်သားယောင်းမတစ်ချောင်း မပျောက်ဖူးဘူး။
         ရွာသားအားလုံးကတော့ ကြွက်ထိုးစားတာ မဟုတ်ပါဘူး။ သည်ဆည်မြောင်း လက်တံကြီးကို ဖာဖို့ ထေးဖို့ ပြုဖို့ ပြင်ဖို့ ရာသီအလိုက် ခန့်ထားတဲ့ အလုပ်သမားတွေလည်း ရှိတယ်။ သူတို့ကို သည်အရပ်က “မြောင်းလျှောက်” လို့ ခေါ်တယ်။ မြောင်းကြီးတလျောက် လမ်းလျှောက်ရင်း မြောင်းကျိုးတာ ၊ မြောင်းပဲ့တာ လိုက်ဖာရတဲ့လူတွေဆိုတော့ မြောင်းလျှောက်လို့ ခေါ်တာလည်း မမှားဘူး။ ခက်တာက သည်အလုပ်က မိုးတွင်းမှာမှ ခဏလေးခန့်တာ။ နွေမှာ အလုပ်မရှိဘူး။ ကိုယ့်ဟာကိုယ်ရှာလုပ်ပဲ။ ရှာစားပဲ။ ရှာသောက်ပဲ။ လက်ပဒေါကို ခရီးကြုံမှာရင်လည်း ရတယ်။
          “လက်ပဒေါက မြောင်းဆောက်ဘုံတီးကို ပြောလိုက်စမ်းပါကွာ၊ နက်ဖျင်ညှ အဆေ့ကျောင်းကို လာပါလို့….. မြင့်လောင်းက စံထွန်းအလှူမတိုင်ခင် မြေညှိချင်လို့ လို့ …. နှော” လို့ မှာလိုက်ရုံပဲ။ မြောင်းဆောက်ဆိုတာ မြောင်းလျှောက်လို့ ပြောတာပါ။ နက်ဖျင် ဆိုတာ မနက်ဖြန်။ ညှ ဆိုတာ ည။ အဆေ့ကျောင်းဆိုတာ အရှေ့ကျောင်း ၊ နှော…ဆိုတာက နော….ကိုပြောတာပါ။ သူတို့ချင်းကတော့လည်း အဆင်ကိုပြေလို့ပါ။ ဒါဆို လက်ပံတောက မြောင်းလျှောက်ကိုဘုံတီးက ပေါက်တူးကိုင်ပြီး မြစ်လောင်းကို သုံးလေးရက် ကူးသွားတာပါပဲ။ ပြောချင်တာက လက်ပဒေါက လူတွေဟာ အဲသလို လူတွေ။ လက်ပဒေါဟာ အဲသလို ရွာကလေး။

(၂)

          လက်ပဒေါဟာ ရှိလှရင် အိမ်ခြေ ၂၀ ကျော်ပါပဲ။ လက်ပံပင်ကြီးတစ်ပင်တည်း ရွာထိပ်ရှိနေတာကို ဘယ်သူက လက်ပံတောလုပ်ထားတာလဲ ဘယ်သူမှ မသိဘူး။ ဒါက အကြောင်းလည်း မဟုတ်ပါဘူး။ နာမည်ရှိတာပဲ တော်လှပြီ။ နောက် ရွာအနောက်က သင်္ဂျိုင်းရာကလေးရှိတယ်။ သည်သင်္ဂျိုင်းရာကလေးက လက်ပဒေါသင်္ဂျိုင်းသက်သက်တော့ မဟုတ်ဘူး။ လက်ပဒေါနောက်ဝေးဝေးက ကြက်ဆူပင် ၊ မိုးနှံကုန်း ၊ ပျဉ်းမကုန်း ရွာတွေကလည်း လူမှသေရင် ဒီသင်္ဂျိုင်းလာတာပဲ။ သင်္ဂျိုင်းစပ်မှာ ညောင်ပင်အိုကြီး တစ်ပင်ရှိတယ်။ တစ်ခြမ်းးက ခြောက်တောင်နေပါပြီ။ တစ်ခြမ်းက ခြောက်လို့ တစ်ခြမ်းက စိမ်းလို့။ ထားပါတော့ ၊ အပင်ကလည်း ကြီးကြီးဆိုလို့ လက်ပံတောမှာ သည်လက်ပံပင်နဲ့ ဒီညောင်ခြောက်ပင် နှစ်ပင်ပဲရှိတယ်။
          တစ်နေ့တော့ လူဦးရေ တစ်ရာကျော်လောက် ဆင်းဆင်းရဲရဲနေရတဲ့ ၊ သစ်ပင်ကြီးနှစ်ပင်နဲ့ လက်ပဒေါမှာ လူသေမှုစဖြစ်တယ်။ လူသေမှုကို ပြောတာနော်။ လူသတ်မှုမဟုတ်ဘူး။ သူ့ဟာသူ နေရင်းထိုင်ရင်းသေတာကို ပြောချင်တာ။ ဟ… လူနေတဲ့ရွာပဲ ၊ လူသေတာပြောစရာရှားလို့ မေးချင်ရင်လည်း မေးဖို့ပဲ။ ဒါပေသိ လက်ပဒေါမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ၊ အစိတ်ကတည်းက ကနေ့ထိ တစ်ခါမှ လူသေဖူးတာမဟုတ်ဘူး။ နာမည်ကသာ လက်ပဒေါသင်္ဂျိုင်း ၊ လက်ပဒေါသား၊ လက်ပဒေါသူ တစ်ယောက်မှ မြေကျဖူးတာ မဟုတ်ဘူး။ နှစ်အစိတ် ဟိုဘက်ကတော့လည်း ရှိချင်ရှိမယ်။ ဒါတော့ဘယ်သူမှ မပြောနိုင်ဘူး။ မှတ်မိသလောက်တော့ သည်နှစ်ပေါင်း အစိတ် သုံးဆယ်လောက်ထဲမှာတော့ မသေဖူးသေးဘူး။ ဒါတော့ သေချာတယ်။
          တစ်ညတော့ လက်ပဒေါရွာကို ကန့်လတ်ဖြတ် ပျံသွားတဲ့ ငှက်တစ်ကောင်က စူးစူးကြီးအော်ရင်း လက်ပဒေါညကို ခပ်ပြင်းပြင်းပုတ်နှိုးလိုက်တယ်။ သည်ငှက်အော်သံမျိုးကို လက်ပဒေါက အင်မတန်ဆင်းရဲတဲ့လူတွေ မကြားဖူးတာကြာပြီ။ သည်ရွာက လူတွေကလည်း ဟိုဘက်က တစ်တဲ ၊ သည်ဘက်က တစ်အိမ် ၊ လက်ပဒေါလာစုရင်းက နေကြရတာဆိုတော့ ကိုယ်ဖြတ်သန်းကြီးပြင်းခဲ့ရာ ငယ်ဘဝတုန်းကတော့ ကြားဖူးကြတာချည်းပေါ့။ ဒါဟာ ငှက်စုန်းတစ်ကောင်ရဲ့ အော်သံဆိုတာလောက်တော့ သိတာပေါ့။ သည်ကောင်မှ အပေါ်ကဖြတ်အော်ရင် ၊ ဒါမှမဟုတ် လူမမာအိမ်ခေါင်က ဖြတ်အော်ရင် ဒါဟာ မင်္ဂလာမရှိဘူး ဆိုတာလောက်တော့ သိတာပေါ့။ ကျက်သရေ မရှိဘူးဆိုတာလောက်တော့ သိတာပေါ့။ အဲသည်ညက သိခြင်းနဲ့ ကြောက်ခြင်းဟာ တစ်ချိန်တည်းဖြစ်တယ်။
         အဲသည်မှာတင် တစ်ရွာလုံးက ငှက်စုန်းသံကြားတာနဲ့ အိပ်ယာထဲ လှဲနေရာက ထကြတယ်။ ပါးစပ်ကလည်း “ဖွဟဲ့…. နင့်ဒဏ်နင်ခံ … နင့်ဒဏ်နင်ခံ” လို့ ရေရွတ်ကြတယ်။ ပြီးတော့ မိသားစုတွေဟာ မီးတိုင်ခွက်ရောင်နီကျင်ကျင် ၊ မှုန်တိမှုန်မွှားထဲမှာ တစ်ယောက်ရဲ့မျက်နှာ တစ်ယောက် လိုက်ကြည့်နေကြတယ်။ မိန်းမကလည်း ယောက်ျားကို “တော်နေကောင်းပါတယ်နော်” ဆိုတဲ့ မျက်နှာနဲ့ ကြည့်တာ။ ယောက်ျားကလည်း “နင် နေရထိုင်ရတာ ကောင်းရဲ့လား မိသေးရာ” ဆိုတဲ့ မျက်နှာနဲ့ ကြည့်နေတာ။ နီးစပ်ရာ ကိုယ့်ကလေးတွေရဲ့ နဖူးတွေကိုလည်း မှတ်မှတ်ရရကြီး စမ်းလိုက်ကြတာလည်း လက်ပဒေါက တဲကလေးတွေထဲမှာ အားလုံး အတူတူလောက် နေမှာပါပဲ။
          အေးလေ။ ညဘက်ထွက်တဲ့ ညငှက်တစ်ကောင်က သူ့ဟာသူ သူ့ငှက်လမ်းကြောင်းပေါ်မှာ ပျံသန်းရင်း အော်ဟစ်လိုက်တဲ့အသံဟာ လူတွေအားလုံး ငုတ်တုတ်ထ ထိုင်ကြရတယ်။ ပါးစပ်ကလည်း ပြိုင်တူ တစ်စုံတရာ ရေရွတ်လိုက်ရတယ်။ သည်ငှက်သံကပဲ သေခြင်းတရားကို ကိုက်ချီပြီး ရွာကလေးပေါ်မှာ ပစ်ချထားခဲ့တာမျိုးလို့ မျက်နှာထားတွေ ဖြစ်သွားကြရတယ် ဆိုတာကလည်း စဉ်းစားကြည့်ရင် ရယ်တော့လည်း ရယ်စရာကြီးပေါ့လေ။

(၃)

          ဒါပေမယ့် ဒါဟာ ရယ်စရာ မဟုတ်ပါဘူး။ လက်ပဒေါမှာ နှစ်တော်တော်ကြာကြာ ပျောက်ကွယ်နေတဲ့ သေခြင်းတရား ရုတ်တရက်ရောက်လာတာဟာ ရယ်မောစရာ ကိစ္စမဟုတ်ပါဘူး။ လူသေတာဟာ နှစ်သက်စရာ မဟုတ်ဘူး။ ဒါပေသိ လက်ပဒေါမှာ လူက တကယ့်ကို အဲ့သည်ညက သေတယ်။ သေတဲ့လူက လှတင် လို့ ခေါ်တယ်။ မြောင်းလျှောက်ပါပဲ။ လက်ပဒေါကို ငှက်စုန်းဖြတ်သွားပြီး လူတွေအားလုံးက အိပ်မောကျနေချိန်မှာ လှတင် ကြွက်ထိုးတဲ့ မှိန်းကိုထောက်ရင်းသူ့တဲကို ပြန်ရောက်လာတယ်။
          “မြမေ… ထစမ်း ၊ ငါ့ကို အကောင်ကိုက်လိုက်လို့”
ဒါပဲ ပြောနိုင်တယ်။ တဲဝမှာ ဝုန်းကနဲ လဲသွားတယ်။ သူ့မိန်းမ မြမေက နိုင်သလောက်ပွေ့ပြီး တဲအတွင်းဘက်ကို သွင်းတယ်။ အကောင်ကိုက်လိုက်တယ် ဆိုတဲ့နေရာတွေကို ရှာကြည့်တယ်။ လယ်ထဲ ကွင်းထဲ ကြွက်သွားထိုးတဲ့သူ အကောင်ကိုက်တာ ခြေဖျားဘက်ဖြစ်ရမှာပေါ့လို့ တွက်ရင်း ကြည့်လိုက်တော့ ဆေးလိပ်မီးနဲ့ထိုးထားလို့ အသားစတွေလန်နေနဲ့ ညာဘက် ခြေဖခုံဟာ မောက်မောက်ကြီးယောင်ကိုင်းနေတယ်။
“ကိုလှတင်… ကိုလှတင်…”
မရဘူး။ ခေါ်လို့ မရတော့ဘူး။ တော်တော့်ကို ဝေးတဲ့နေရာလောက်က ငှက်စုန်းထိုးသံကြီး တစ်ချက်ကြားပြီး ဘာကြာတုန်း လှတင်သေရော။ မမြမေ ငိုသံက ငှက်စုန်းထက်ကျယ်တော့ အားလုံးနှိုးကုန်ကြရော။ မမြမေတို့ တဲကလေးရှေ့ကို စုစုဝေးဝေးရောက်လာကြတယ်။ မိုးမလင်း တလင်း ညကြီးသန်းလွဲမှာ လက်ပဒေါက လူတွေဟာ သေသူရဲ့ခြေထောက်က ဒဏ်ရာကိုမကြည့်ဘူး။ မဲနက်နေတဲ့ကောင်းကင်ကို မော့ကြည့်နေကြတယ်။ ငှက်တစ်ကောင်ကို ရှာနေကြတာထင်ပါရဲ့။
“မနက် မြစ်လောင်းက ဘုန်းကြီးပင့်ဖို့စီစဉ်ကွာ”
တစ်ယောက်က အကြံပေးတယ်။ လက်ပဒေါမှာ သရဏဂုံတင်စရာ ဘုန်းကြီးမှ မရှိတာကိုး။

(၄)

လက်ပဒေါမှာ ငှက်စုန်းကြီးအော်လို့ ငါးရက်တောင် မပြည့်သေးဘူး။ လက်ပဒေါမှာပဲ နောက်တစ်ယောက်သေပြန်ရော။ သေတဲ့လူက ကျင်စိန်တဲ့။ အရက်သမားပါ။ လက်ပဒေါမှာ လူကောင်းသူကောင်းချည့် ရိုးရိုးသားသားနေတယ် ဆိုပေမယ့် အရက်ကလေးတမြမြနဲ့ လူလည်းရှိတာပေါ့လေ။ ပြီးတော့ရွာမှာ ဘုန်းကြီးကျောင်းသာမရှိတယ်။ ဘုံဆိုင်ကလေးတော့ရှိတယ်။ ကျင်ဆိုင်သေတာကလည်း ဆန်းတယ်။ အဲ့သည် ညဦးက ကျင်စိန်အရက်ကလေးထွေထွေနဲ့ သီချင်းတွေဆိုရင်းက တဲရှေ့ကွပ်ပျစ်ကလေးမှာ လှဲရင်းက မူးမူးနဲ့ အိပ်ပျော်သွားတာပါ။ မနက်မိုးလင်းတော့ ကွပ်ပျစ်ပေါ်မှာပဲ သေနေတယ်။ မနက်ခင်း ကျင်စိန်နဲ့ သိုးကျောင်းသွားနေကျ ထွန်းပေါ် လာနှိုးတော့ နှိုးမရတော့ဘူး။ စမ်းကြည့်တော့ မာတောင့်နေပြီ။
“ကျင်စိန်တော့ သေပြန်ပြီ… အင်း… ငါထင်တယ် ၊ ညက ငှက်စုန်းထိုးကတည်းက တစ်ခုခုတော့ ဖြစ်တော့မှာပဲ ဆိုတာ”
“ဟာ… ဘကြီးကလည်း ဘယ်တုန်းက ထိုးလို့တုံး ၊ ညက မထိုးပါဘူး”
“ထိုးပါသော်ကော မောင်ရာ ၊ ညက လေတွေ တဝူးဝူး အော်တိုက်နေတာ အကြာကြီး ၊ လေလေးလည်း ငြိမ်ရော ငှက်စုန်းထိုးလိုက်တာ သံပြာကြီးနဲ့”
ကျင်စိန့် အလောင်းရှေ့ရောက်နေတဲ့ လက်ပဒေါသားတွေ အားလုံး ငိုင်သွားကြတယ်။ အင်မတန် ကြမ်းတမ်းခက်ခဲတဲ့ သည်နေရာကလေးကို အင်မတန် ဆင်းရဲကျပ်တည်းကြတဲ့ သည်နေရာစုကလေးကို သေမင်းက ဘယ်လိုရှာတွေ့သွားရတာတဲ့လဲ။ သည်ငှက်စုန်းကကော ဘယ်သူက လွှတ်လိုက်တာလဲ။ နှစ်ပေါင်းများစွာ တစ်ခါမှတောင် မကြားဘူးတဲ့ ငှက်အော်သံကြီးဟာ ဘယ်က ဘယ်လို ရောက်လာရတာတဲ့လဲ။ မသိဘူး။ သူတို့ ဘာမှကို မသိတာပါ။ သူတို့ ဘယ်လိုမှကို ဥာဏ်မမီနိုင်တာကိုပဲ တွေးနေကြတာ အကြာကြီး။ ပြီးတော့ ကိုယ့်တဲကလေးတွေဆီကို ကိုယ်ပြန်ကြတယ်။
လက်ပဒေါသားတွေ ကြွက်ကောင်းကောင်းမထိုးနိုင်ဘူး။ မြောင်းကောင်းကောင်း မလျှောက်နိုင်ကြဘူး။ သည်ညကော ငှက်စုန်းလာဦးမှာလား ၊ လာရင်ကော အော်ဦးမှာလား ၊ အော်ရင်ကော သေဦးမှာလား ၊ သေရင်ကော … ဘယ်သူလဲ။

(၅)

ကျင်စိန်သေလို့ တစ်လကျော်ကျော်ကြာတော့ လူတွေဟာ ငှက်စုန်းကို မေ့သွားကြတယ်။ လက်ပဒေါမှာ လူသေတာဟာ ပြောစရာတော့ဖြစ်သွားတာပေါ့လေ။ လက်ပဒေါသားတွေဟာ သည်အကြောင်းကို အခုတွေးရင် အခုကြောက်ကြတယ်။ ငှက်စုန်းကလည်း မလာပြန်ဘူး။ တချို့ညတွေကျတော့လည်း ရွာစပ်ကဖြတ်ပျံသွားရင်း ခပ်ဝေးဝေးက အော်သံလောက်နဲ့ ပြီးသွားတာမျိုးပဲရှိတယ်။ သည်အတောအတွင်း လက်ပဒေါက ကလေးတွေအားလုံးရဲ့လည်ပင်းမှာ ကနုကမာခွံလိုလို လက်မလောက် ယောက်သွားခွံကလေးတွေ တပ်ကြလို့။ သည်လိုနဲ့ နေလာကြရာက တစ်ညတော့ အားလုံးက မေ့နေကြတဲ့ ငှက်စုန်းဟာ လက်ပဒေါရွာပေါ်က တည့်တည့်ကြီးအော်သွားပြန်ရော။ အော်တာမှ စူးစူးရဲရဲကြီး။ ဂီး ကနဲအော်သံဟာ တော်ရုံလူမမာရဲ့အသက်ဝိညာဉ်ကို ကိုင်ညှစ်ပြီး သူ့နှုတ်သီးကြီးနဲ့ တပေါက်ပေါက် ထိုးဆိတ်လိုက်သလိုအော်သွားတာမျိုး။
“ဖွဟဲ့… နင့်ဒဏ်နင်ခံ… နင့်ဒဏ်နင်ခံ”
နင့်ဒဏ်နင်ခံသာပြောတာ။ ငှက်စုန်းက ခံဖို့သာ လက်ပဒေါသားတွေက တဖွဖွရွတ်နေတာ။ တကယ်ခံနေရတာက သူတို့ပဲ။ အဲ့သည်ညက လ က လက်သည်းခြစ်ရာလောက်ကလေးနဲ့ ည။ ပြောင်းခင်းဘက်က ကွင်းလေက တသွေးသွေးနဲ့ည။ ဆည်မြောင်းလက်တံကြီးထဲမှာ ရေမရှိချိန်ဆိုတော့ ကလေးတွေတောင် ပြောင်းခင်းကြီးကျော်ပြီး မြောင်းခြောက်ထဲ ကစားနေတဲ့ည။ ငှက်စုန်းထိုးသံကြီးဟာ လက်တံမြောင်းတဲကလေးတွေပေါ်ကို ဗုံးကြဲလိုက်သလို ၊ မိုးကြိုးများပစ်ချလိုက်သလို ကျလာတော့ ကလေးတွေအားလုံးဟာ လက်တံမြောင်းနှုတ်ခမ်းပေါ်ပြေးတက်ရင်း ပြောင်းခင်းကို ညမှောင်မှောင်ထဲမှာ ကျော်ဖြတ်ရင်း တဲစုကလေးတွေရှိရာကို ပြေးလာကြတယ်။ မိဘတွေကလည်း ပြောင်းစပ်ခင်းက ကြိုရင်းက ပြေးလာတဲ့ကလေးတွေရဲ့ ရင်ပတ်က ကမာခွံကို အရင်စမ်းကြည့်ကြတယ်။
“ဟဲ့… ငကွန်း … ဘယ်မှာလဲ … နင့်”
မအေလုပ်သူတွေထဲက အော်လိုက်သံဟာ လက်ပဒေါညထဲမှာ တုန်ခါနေတယ်။
“ဘယ်မလဲ ငါမေးနေတယ်လေ… ဘယ်မလဲ”
ငကွန်းက မျက်လုံးတွေကြောင်နေပြီး မအေလုပ်သူကို ကြည့်နေတာကလွဲရင် သူ့လည်ပင်းကို သူစမ်းနေတာပဲရှိတယ်။ ဘာမှ မပြောဘူး။ မပြောနိုင်ဘူး။ သည်လိုနဲ့ လက်ပဒေါဟာ ခဏလေး ငြိမ်သက်သွားတယ်။ အဲ့သည်ညက ကိုယ်တွေခြစ်ခြစ်တောက်ပူပြီး ငကွန်းကလေးသေတယ်။
သည်တစ်ခါတော့ လက်ပဒေါဟာ ချောက်ချားသွားခဲ့ကြတယ်။ ထိတ်လန့်ကြောက်ရွံ့နေကြတယ်။ ညမှောင်ပြီဆိုတာနဲ့ လက်ပဒေါမိုးကောင်းကင်ပေါ်က ဖြတ်သန်းသွားမယ့် ငှက်တိရစ္ဆာန် တစ်ကောင်ကို ဘာမဟုတ်ညာမဟုတ် ကြောက်နေကြတယ်။ သည်ငှက်ကပဲ လက်ပဒေါကို သေခြင်းလက်ဆောင်တွေ ကောင်းကင်က ချချပေးနေတာကိုး။
ပထမ လှတင်သေတယ်။ နောက် ကျင်စိန်သေတယ်။ ခုတစ်ခါ ငကွန်းကလေးသေပြန်ပြီ။ နောက်ဘယ်သူသေဦးမှာလဲ။ လက်ပဒေါသင်္ဂျိုင်းမှာ လက်ပဒေါသား သုံးယောက်တောင် ရောက်နေပြီကော။ လက်ပဒေါသင်္ဂျိုင်းက နောက်ဘယ်သူ့ကို မျက်စပစ်နေပြန်ပြီလဲ။ ဘယ်သူမှ မပြောနိုင်ဘူး။ သည်ငှက်စုန်းကြီးအော်နေသ၍ လက်ပဒေါသူ လက်ပဒေါသားတွေဟာ နေ့လား ညလား ၊ သူလား ငါလား ဘယ်သူမှ မပြောနိုင်ဘူး။

(၆)

တစ်ရွာလုံးမှာ အသက်အကြီးဆုံးဖြစ်တဲ့ ဘကြီးသောင်က ပရိတ်တွေရွတ်တယ်။ မေတ္တာတွေပို့တယ်။ မျက်စိမမြင် ဘာမမြင်နဲ့ ရွာကို တတ်သမျှ မှတ်သမျှ စည်းချပေးတယ်။ လက်ပဒေါသူ လက်ပဒေါသားတွေကလည်း ကွင်းကြို ကွင်းကြား ကြွက်ထိုးနေရလို့ မေ့နေတဲ့ ဘုရားရှိခိုးအမျိုးမျိုးကို ရတတ်သမျှရွတ်ကြတယ်။ သည်လိုနဲ့ တစ်နေ့တော့ ဘကြီးသောင်က လက်ပဒေါသားတွေကို လူစုတယ်။ သူ့သဘောထားကို ပြောတယ်။
“ဘကြီးတော့ အိပ်မက်တွေလည်း မကောင်းဘူး။ အတိတ်နမိတ်များလည်း မကောင်းဘူး။ သည်တော့ ဘကြီးတတ်သမျှ မှတ်သမျှ စည်းတော့ချပြီးပြီ။ ဒါပေမယ့် သည်ငှက်တွေ ရောက်မလာဘူး ဘယ်သူမှ မပြောနိုင်ဘူး။ သည်တော့ ငါတို့ ဘာလုပ်ကြမလဲ။”
မြောင်းလျှောက်သမား ကိုခင်ကလည်း သူ့သဘောထားကို ချပြတယ်။
“ငှက်အော်လို့ သေတာမဟုတ်ဘူး… ဘကြီးရာ လူသေတာ သေနေ့စေ့ သေတာပါပဲ။ ငှက်က လူ့ဝိညာဉ်ကို မနှုတ်နိုင်ပါဘူး။ ဒါ ဘကြီးတို့က ဥပါဒ်ဒါန်စွဲနေတာ။ ဒါကြောင့် ဥပါဒ်ပြန်ဖြစ်နေတာ”
ဆိုတော့ လာစုမိတဲ့ လက်ပဒေါသူ လက်ပဒေါသားတွေက ကိုယ်ခင့်ကို ဒေါကန်ကြတယ်။ အရေးထဲမှာ ရွာလာပြီး ကန့်လန့်တိုက်နေတဲ့ ကောင်ပါလားဆိုတဲ့ မျက်နှာနဲ့ ကိုခင့်ကို ဝိုင်းကြည့်ကြတယ်။ ကိုခင်ကတော့ ဂရုမစိုက်ပါဘူး။ ဆင်နှစ်ကောင်ဆေးလိပ်တောင် တထောင်းထောင်းဖွာနေလိုက်သေးတယ်။ သူ့လေးထောင့်မျက်နှာကြီးထဲက မျက်ပေါက်ကျဉ်းကျဉ်းကလေးတွေနဲ့ လူတွေကိုတောင် ပြန်ကြည့်နေလိုက်သေးတယ်။
ခက်တာက ဘကြီးသောင်ကသာ ဘာလုပ်မလဲ မေးနေတာ ဘယ်သူက ဘာလုပ်တတ်မှာတုန်း။ ငှက်စုန်း ဘယ်နားနေမှန်းသိရင်လည်း ကောင်းသားကလား။ ညှိလို့နှိုင်းလို့ ရရင်လည်း ကောင်းသားကလား။ တောင်းပန်လို့ တိုးလျှိုးလို့ ရရင်လည်း ကောင်းသားကလား။ ဒါပေမယ့် ဒါက လူလူချင်းကိစ္စ မဟုတ်ဘူး။ ငှက်နဲ့ လူတွေ ရဲ့ နားမလည်နိုင်တဲ့ ကိစ္စ။ ဒါက မြစ်လောင်းဂါတ်တဲနဲ့လည်း မဆိုင်ဘူး။ မြစ်လောင်းသူကြီးနဲ့လည်း မပါတ်သက်ဘူး။ မြေကျင်းထဲက ကြွက်ကိုသာ မှိန်းနဲ့ထိုးတတ်ကြတဲ့ လက်ပဒေါသားတွေဟာ ကောင်းကင်က ငှက်ကို ဘာလုပ်ရမှန်းမသိဘူး။
“သည်လိုလုပ်ချင်တယ်”
တစ်ကိုယ်လုံးပွေးတွေနဲ့ အကွက်လည်နေတဲ့ စံမြက စကားစတယ်။ အားလုံးက စံမြကို အာရုံရောက်သွားကြတယ်။ စံမြက လက်ဖျံပေါ်က ပွေးဒင်္ဂါးတွေကို လက်သည်းနဲ့ ကုတ်ဖဲ့နေရင်းကပြောတယ်။
“ကျုပ်တို့ရွာမှာ ငှက်ခိုလို့ရတာ သစ်ပင်ကြီးနှစ်ပင်ပဲရှိတယ်။ ရွာထိပ်က လက်ပံပင်နဲ့ သင်္ဂျိုင်းစပ်က ညောင်ခြောက်ပင် ၊ သည်နှစ်ပင်မရှိရင် ငှက်မနေနိုင်ဘူး။ ငှက်စုန်းဟာ ညောင်ပင်မှာရှိရင်ရှိ ၊ မရှိရင် လက်ပံပင်မှာ ရှိမယ်။ သည်တော့…”
စံမြက စကားတွေကို ရပ်ထားတယ်။ သည်တော့ ဘာဖြစ်သလဲ … ဘာဖြစ်သလဲ…။ လက်ပဒေါသားတွေက စံမြကိုပဲ ငေးနေကြတယ်။
“သည်တော့ ဒီနှစ်ပင်ကို လှဲချင်တယ်”
ဒါပါပဲ။ စံမြက ဒါပဲ ပြောပြီး ပွေးစတွေကို တောက်ထုတ်နေတယ်။ လူတွေအားလုံးဟာ ဘာမှ မပြောနိုင်တော့ဘူး။ ဟုတ်သားပဲ။ စံမြလောက်တောင် ငါတို့ ဘာလို့ မတွေးမိရတာလဲ။
“ကောင်းတယ်ကွာ ၊ စံမြ မင်းတာဝန်ယူနိုင်မလား”
“ယူနိုင်ပါတယ်။ ဒါက သုံးလေးယောက်ဝိုင်းလိုက်ရင် ပြီးတဲ့ကိစ္စပဲ ၊ ဒါပေမယ့်… ”
လူတွေကတော့ နားမလည်ဘူး။ ခုတ်လိုက်ရင်ပြီးမယ့် ကိစ္စပဲ။ ဟာ ဒါပေမယ့်လည်း….။ ဘာလဲ မလုပ်ချင်တာလား။ မလုပ်ချင်ရင် ဘေးဖယ်နေ။ ငါတို့ လုပ်စမ်းမယ်။ သစ်ခေါင်းထဲတွေ့မယ့် ငှက်စုန်းတော့လား မြစ်လောင်းအရက်နဲ့တွေ့ပြီပေါ့။ လူတွေက ဒေါသနဲ့ တွေးနေကြတာပါ။
“ဒါပေမယ့်… ညောင်ပင်ကို ဘယ်သူ ခုတ်ရဲလို့လဲ ၊ ကျွန်တော်မခုတ်ရဲဘူး။ ညောင်ပင်မှာ တစ်ရွာလုံးက ကိုးကွယ်ထားတဲ့ နတ်ကွန်းတွေပြည့်နေတာ၊ ကျုပ်မလုပ်ရဲဘူး။”
ဟာ… ဒါလည်း ဟုတ်သားပါလား။ လူတွေအားလုံးငိုင်သွားလိုက်ကြတာ တော်တော့်ကိုကြာတယ်။ သည်ညောင်ပင်ကလည်း တစ်ခြမ်းသာခြောက်နေတာ တစ်ရွာလုံးက စင်ကလေး နေရာလပ်မကျန်အောင် ရိုက်ထားပြီး ကိုယ့်အစွဲနဲ့ကိုယ် ကိုးကွယ်နေကြရတဲ့ညောင်ပင်။ ညနေမှောင်ပြီဆိုတာနဲ့ မီးကလေး တလက်လက် နဲ့ ရှိနေတတ်တဲ့ ညောင်ပင်။ တစ်နှစ် တစ်ခါ ကိုယ်တတ်နိုင်သလောက်နဲ့ မိသားစု ဝတ်မပျက် ပူဇော် ပ သ နေရတဲ့ ညောင်ပင်။
ဒါကို ခုတ်ရမယ်လို့ ဖြစ်လာတော့ ခုတ်ဖို့ နေနေသာသာ ဘယ်သူမှ စိတ်တောင်မကူးရဲဘူး။ သည်ညောင်ခေါင်းထဲမှာ ငှက်စုန်းရှိမယ် မရှိမယ်ကလည်း သေချာတာမဟုတ်ဘူး။ ညောင်ပင်က ရွာကို မီးနဲ့တိုက်မှာက အရင်ကိုး။ သည်လိုနဲ့ လက်ပဒေါသူ လက်ပဒေါသားတွေဟာ ငှက်စုန်းရှာမလား။ ညောင်ပင်ခုတ်မလား ဆိုတဲ့ ပြဿနာကြီးနဲ့ တွေ့နေကြတယ်။
“ကျုပ်ခုတ်မယ်… ညောင်ပင်ကို ကျုပ်ခုတ်မယ်”
ကိုခင်။ သူ့လေးထောင့် မျက်နှာကြီးနဲ့ မျက်ပေါက်ကျဉ်းကျဉ်းကို မှေးထားရင်းက တစ်ခွန်းတည်း ထ အော်တယ်။ လူတွေအားလုံးဟာ ညောင်ပင်ခုတ်ဖို့ကိစ္စ ကိုယ်က ခုတ်ဖို့နေနေသာသာ ခုတ်ကွာ… လို့တောင် မပြောရဲတဲ့လူတွေကိုး။ ကိုခင်က ခုတ်မယ်ဆိုတော့ ဝမ်းထဲက ကျေနပ်ကြပေမယ့် ပါးစပ်က မပြောရဲဘူး။
“ကျုပ်ဒါတွေ ယုံတာမဟုတ်ဘူး။ ငှက်အော်လို့ လူသေတာလည်း ကျုပ်မယုံဘူး။ ဒါပေမယ့် ခင်ဗျားတို့ ယုံတယ်မဟုတ်လား။ ယုံလို့လည်း ငှက်နေတယ်လို့ ထင်ရတဲ့ညောင်ပင်ကျတော့ ခင်ဗျားတို့ မခုတ်ရဲကြပြန်ဘူး ၊ ဘာတွေလဲ ခင်ဗျာတို့ ၊ ကျုပ်ခုတ်ပေးမယ်။ အိုဗျာ… ကျုပ်က ခုတ်နေမှာမဟုတ်ဘူး ၊ ခင်ဗျားတို့ တစ်ခုပဲ ပြောလိုက်မယ်။ ခင်ဗျားတို့ ကိုးကွယ်ထားတဲ့ နတ်ကွန်းစင်တွေ ကနေ့ညနေစောင်း အပြီးဖြုတ်ထား။ မနက်ဖြန်မနက် ကျုပ်က ညောင်ပင်ခေါင်းထဲ ရေနံထည့်ပြီးမီးရှို့မှာ။ ကန်တော့ချင်တဲ့သူ ကနေ့ အပြီးကန်တော့ထား။ လက်ပဒေါမှာ မနက်ဖြန် ညောင်ပင်လည်းမရှိစေရဘူး။ ညောင်ခေါင်းထဲ ငှက်စုန်းနေတယ်ဆိုရင် ငှက်စုန်းလဲ မသာပေါ်ပြီသာမှတ်”

(၇)

အဲသည်တုန်းက တကယ်လည်း လက်ပဒေါသားတွေက လက်ပံပင်ကို ခုတ်တယ်။ ကိုခင်က ညောင်ပင်ကို မီးရှို့တယ်။ လက်ပံပင်ကတော့ ငုတ်တိုတောင် မကျန်တော့ပါဘူး။ ထင်းဖဲ့စိုက်ကြတာနဲ့ကို နောက်ခေတ်ကလေးတွေက ကြည့်ချင်လို့တောင် မရှိတော့ဘူး။ ညောင်ပင်ကတော့ ဘယ်လိုပြောရမလဲ။ ကိုခင်ကလည်း ညောင်ခေါင်းထဲ ရေနံထည့်ပြီး မီးရှို့ခဲ့တာပါပဲ။ ညောင်ပင်တစ်ပင်လုံးလည်း မည်းချိတ်ပြီး နလန်မထူဘဲ သေသလိုဖြစ်သွားခဲ့တာပါပဲ။ ဘာငှက်တစ်ကောင် တစ်မြီးမှလည်း မတွေ့ခဲ့ဘူးလို့ ပြောကြတာပါပဲ။ အခုတော့ ကိုခင်တောင် လက်ပဒေါမှာ ဘကြီးခင် ဖြစ်နေပါပြီ။ နှစ်ပေါင်းကလည်း သုံးဆယ်သီသီ ကျော်ခဲ့ပြီကိုး။ နှစ်ကလည်း နည်းတော့တာမှ မဟုတ်ဘဲလေ။
ဒါပေမယ့် အဲသည် ညောင်ပင်က မသေဘူး။ အငုတ်က ပြန်တက်လာတဲ့ အကိုင်းလေးကနေ စလိုက်တာ အခုတော့ ရွက်အုပ်ဖားဖားနဲ့ ဝေဝေဆာဆာကြီးကို ဖြစ်လို့။ ထုံးစံအတိုင်းပါပဲ နတ်ကွန်းကျောင်းဆောင်ကလေးတွေလည်း ပြန်ရောက်လာပြီ။ ညဘက်မီးကလေး တလက်လက်နဲ့လည်း ဘယ်သူ့ကိုမှန်းတော့ မသိဘူး ပူဇော်သူက ပူဇော်လို့။
အေးလေ။ လက်ပဒေါကလည်း အရင် လက်ပဒေါမှ မဟုတ်တော့တာ။ ဗီဒီယိုတွေ ဘာတွေနဲ့ လက်ပဒေါ ဖြစ်သွားခဲ့ပြီကိုး။ နှစ်ပေါင်း သုံးဆယ်အတွင်းမှာ လက်ပဒေါလည်း ဘာသားမို့လို့တုံး။
မနေ့တစ်နေ့ကတော့ လက်ပဒေါမှာ ဘကြီးခင်သေတယ်။ လူတွေက ဘကြီးခင်သေတာ လူကြီးပဲ လူကြီးရောဂါပဲပေါ့လေ။ ဘယ်သူမှ သိပ်လည်း ခံစားမနေပါဘူး။ ဒါပေမယ့် သတိထားမိတဲ့လူတွေပြောတာက ဘကြီးခင်သေတဲ့ညက ငှက်စုန်းထိုးသေးသတဲ့။ ငှက်စုန်းကလည်း ညောင်ခေါင်းကလေးထဲက ထွက်တာတဲ့။
သေတော့ မသေချာပါဘူး။ လက်ပဒေါက နောက်ပေါက်တွေက အဲ့သည်ညက ဗီဒီယိုရုံထဲရောက်နေကြတာကိုး။
~~~~~~~~~~~~~~~~~~

ရွှေအမြုတေမဂ္ဂဇင်း ၁၉၉၆ ၊ ဖေဖော်ဝါရီလ မှာ ဖော်ပြသွားတဲ့  ဆရာနေဝင်းမြင့်ရဲ့ဝတ္ထုတိုလေးပါ။
 အွန်းလိုင်းရွှေဝထ္ထုတိုဆု မှကူးယူဖော်ပြပါသည်။ကျေးဇူးအထူးတင်ရှိပါသည်။စာပေတန်ဖိုးချစ်မြတ်နုးနိုင်ကြပါစေ။

Posted by ကိုကို ခန့်ချောကြီး on Friday, October 4, 2013


    အသိဥာဏ်ရှိသော လူသားများသည် မိမိခန္ဓာ၏လိုအပ်ချက်၊ ရာသီဥတု၏ လိုအပ်ချက်အတိုင်း ၀တ်စား ဆင်ယင်ကာ ပြုပြင်ယူကြရပါသည်။ အဲဒီလို ၀တ်ဆင်မူများဖြင့်ပင် ကမ္ဘာပေါ်ရှိလူသားတို့ တွင် မိမိတို့ ၏ကိုယ်ပိုင် ရိုးရာဝတ်စုံများ သတ်မှတ်လာခဲ့ကြသည်။
စာရေးသူအနေနှင့် မြန်မာလူမျိုးတို့ ၏ မြန်မာအမျိုးသမီးဝတ်စုံသည် လွန်စွာမှ ကျက်သရေရှိကာ လုံခြုံမှုရှိသည်ဟု ထင်မြင်သည်။ လုံခြုံမှုရှိသော အ၀တ်အစားသည် သင့်ကို ယုံကြည်မှုရှိစေပါသည်။
    ဆရာပေါ်ဦးသက်က-
" မြန်မာအလှဆိုတာ တကယ်ယဉ်ကျေးတဲ့ အဖြူထည်စစ်စစ်ပဲ။ လျှပ်ပေါ်လော်လီမူနဲ့  မြူဆွယ်ခြင်းကင်းတယ်။ ရင်ကို အေးစေသော အလှ " လို့ ဆိုခဲ့ဖူးပါသည်။
    ယဉ်ကျေးမှုဓလေ့ထုံးစံတို့ သည် လူမျိုးအသီးသီးအလိုက် ခြားနားခြင်းရှိသော်လည်း လူမျိုးတစ်မျိုးထံမှ တစ် မျိုးက အတုယူသင့်သော အချက်၊ ရှောင်ကြဉ်သင့်သောအချက်များလည်း ရှိပါသည်။ ထိုနေရာတွင် ယူသင့်တာကိုသာ ယူရန်နှင့် မယူသင့်တာကို မယူမိဖို့ က အရေးကြီးပါသည်။
    ခေတ်မီခြင်းနှင့် ခေတ်ဆန်ခြင်းသည် ကွာခြားသည်။ ထို့ အတူ အကျင့်စာရိတ္တနှင့် အမူအရာယဉ်ကျေးခြင်း သည်လည်း မတူညီပါ။ ခေတ်ပညာတတ်၍ အကျင့်စာရိတ္တကောင်းသော်လည်း အမူအရာ အပြောအဆို ယဉ်ကျေးမှု မရှိလျှင် အကျိုးရှိသင့်သလောက် မရှိမျှမက တခါတရံ အကျိုးယုတ်ခြင်းနှင့်ပင် တွေ့ ရတတ်သည်။
    ယဉ်ကျေးခြင်းအမူအရာသည် ၀မ်းတွင်းပါသဘောတရား မဟုတ်ပါ။ သင်ကြားပြသ အတုယူခြင်းဖြင့် ရကောင်း သောအရာများဖြစ်ပါသည်။ အကျင့်စာရိတ္တကောင်းတွင် ယဉ်ကျေးခြင်းထပ်ကောင်းပါက အလွန်အဖိုးတန်လာပေလိမ့် မည်။ဆရာသုတေသီ သက်ထွန်းမြင့်က-
" မိန်းကလေးတစ်ယောက်အတွက် အလှတရားအစစ်ကို ရယူနိုင်ရန် အရှက်တရား၊ အကြောက်တရားနဲ့ ပြည့်စုံဖို့ လို တယ်။ အရှက်အကြောက်ကင်းရင် အလှအပနဲ့ ကင်းကွာသွားတာ ဓမ္မတာပဲ " ဟုဆိုခဲ့ဖူးသည်။
    မြန်မာလူမျိုးတို့ တွင် လောကပါလတရားနှစ်ပါးရှိပါသည်။ လူတိုင်းနီးပါးလည်း သိကြပြီးဖြစ်လိမ့်မည်။
ဟိရိ   - မကောင်းမှုပြုရန် ရှက်ခြင်း
သြတ္တပ္ပ - မကောင်းမှုပြုရန် ကြောက်ခြင်း တို့ ဖြစ်သည်။
    ဤတရားနှစ်ပါးသည် လောကကိုစောင့်ထိန်းသည်မည်၍ လောကပါလတရားနှစ်ပါးဟုခေါ်ခြင်းဖြစ်ပါသည်။ ဘုရားရှင်ကမူ ဤတရားနှစ်ပါးသည် ဖြူစင်သောတရားနှစ်ပါးဖြစ်သည်ဟု ဟောတော်မူ၏။
    ထိုတရားနှစ်ပါးကိန်းဝပ်သော် ကမ္ဘာသူကမ္ဘာသားများ ကိုယ်၊ နှုတ်၊ စိတ် ယဉ်ကျေးလိမ္မာနိုင်သည်။ အရှက် ၊ အကြောက်တရားနှစ်ပါး ပျက်ပြားသော် လူတို့ ၏ ကိုယ်၊ နှုတ်၊ စိတ်အမူအရာများ ရိုင်းပျတတ်သည်။ ထို့ ကြောင့် မြန်မာမိန်းကလေးများအနေဖြင့်လည်း ဟိရိ သြတ္တပ္ပတရားနှစ်ပါးကို စောင့်ထိန်းခြင်းဖြင့် အဖိုးတန်သော အမျိုးသမီး များဖြစ်အောင်ကြိုးစားသင့်ပါသည်။
    ယဉ်ကျေးမှုထိန်းသိမ်းခြင်းဆိုသည်မှာ ကိုယ်ယဉ်ကျေးမှုကို ကမ္ဘာကြီးအတွက် အသုံးတည့်အောင် လုပ်ခြင်း ဖြစ်မည်။တိုးတက်ခြင်း၊ မတိုးတက်ခြင်းဆိုသည်မှာလည်း တခြားကလာသော ယဉ်ကျေးမှုများအပေါ် ကိုယ်က ဘယ်လောက်ထပ်ဆင့်ဖန်တီးနိုင်သလဲ၊ အသုံးဝင်အောင် လုပ်နိုင်သလဲဆိုသော အချက်များတွင်သာ မူတည်သည်ဟု မှတ်သားဖူးပါသည်။
    နိုင်ငံတစ်နိုင်ငံ၏ ယဉ်ကျေးခြင်းအဆင့်အတန်းမှာ ဂုဏ်အင်္ဂါနှင့်ပြည့်စုံသော နိုင်ငံသားအရေအတွက် အနည်း အများပေါ်တွင် အထောက်အထားပြုပါသည်။ ဒီမိုကရေစီခေတ်တွင် လူထု၏ဆန္ဒမှာ အရေးကြီးသော အစိတ်အပိုင်း ဖြစ်၍ ကောင်းကျိုး၊ မကောင်းကျိုးမှာ လူထု၏အသိဥာဏ်ပေါ်တွင် တည်ပေသည်။
    လူမျိုးတိုင်းသည် မိမိတို့ ၏ ဘာသာ၊ ယဉ်ကျေးမှု၊ အမျိုးအနွယ်ကို စောင့်ရှောက်ရန် လိုပါသည်။ လူမျိုးပျောက် လျှင် ဘာသာ၊ သာသနာ၊ ဓလေ့ထုံးစံ၊ ယဉ်ကျေးမှုနှင့် နိုင်ငံပါ ပျောက်မည်။
    ခေတ်မီဖွံ့ဖြိုးတိုးတက်သော မြန်မာပြည်ဆီသို့ ချီတက်နေရာတွင်-
မြန်မာအမျိုးသမီးများသည်လည်း မိမိ၏ ကိုယ်ပိုင်အသိ၊ ကိုယ်ပိုင်ခံယူချက်၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်များသုံးပြီး ယဉ်ကျေးမှုနှင့် လူ့ အဖွဲ့ အစည်းကို ပြောင်းလဲဖန်တီးရန် ကြိုးစားကြရမည်သာဖြစ်သည်။
    အမိမြတ်သူကား ကောင်းသောစကားရှိ၏။
    အဖမြတ်သူကား ကောင်းသော အမူအကျင့်ရှိ၏။
    မိဘနှစ်ပါးစုံမြတ်မူကား စကားလည်းကောင်း၊ အကျင့်လည်းကောင်း၏။ ဟု လောကနီတိကျမ်း၏ သုဇနကဏ္ဍ ပိုင်းတွင် ဖွင့်ဆိုထားသည်။စောင့်လေမျိုးနွယ်ဟူသော သားသမီးဝတ်ငါးပါးသည်လည်း မြန်မာမိန်းကလေးများအတွက် အရေးကြီးသောအချက်ဖြစ်ပါသည်။
    မိမိသည် မြင့်မြတ်သော အနွယ်မှဖြစ်သည်။
    မိမိသည် မြင့်မြတ်သော မိဘမှဆင်းသက်သည်။
    မိမိသည် မြင့်မြတ်သော ဘာသာတရားနှင့်မွေးဖွားသည်။
    မိမိသည် မြင့်မြတ်သော ယဉ်ကျေးမှုရှိသူမှန်လျှင် မှန်ကန်သော အ၀တ်အစားနှင့် မှန်ကန်သောအလှကို ဖန်တီး သင့်၊ ဖန်တီးတတ်ကြရမည်။
    ပေါ်အောင်ဖော်ထားခြင်းသည် အလှမဟုတ်။
    ခွဲ၍ လှစ်ဟထားခြင်းသည် အလှမဟုတ်။
ထိုသို့ ဝတ်စားထား၍ လူအများကကြည့်ခြင်းသည် လှ၍မဟုတ် ဟု သိထားရမည်။
    မိမိသည် မြန်မာပြည်တွင် မွေးသည်။ မြန်မာလူမျိုးများထဲတွင် နေထိုင်သည်။ အားလုံးသည် မြန်မာမျက်စိ များပင်ရှိသည်။ မြန်မာမျက်စိနှင့် မြန်မာအလှသည်သာ သဟဇာတဖြစ်သည်။
    သင်ဖန်တီးကာ ၀တ်စားလိုက်သောအလှက သင့်အား အကျိုးရလာဒ်တစ်ခု ဖြစ်ပေါ်စေပါလိမ့်မည်။ လူတို့  သည် ထိုပုံစံနှင့်ကိုက်ညီသော အမြင်၊ အတွေးတို့ ဖြင့်သာ သင့်ကိုမှတ်ယူလိမ့်မည်။
    မိမိ၏အလှသည် ဘ၀ကိုအမှီပြုနေသည်။ သို့ သော် ထိုမိမိ၏အလှသည် မိမိဘ၀ကို မထိပါးစေသင့်ပါ။
ကဲ- တို့ ဘယ်လိုဝတ်စားသင့်ပါသလဲ။
                                (ချစ်လှစွာသော မြန်မာမလေးများအတွက်)
                                            ဧပရယ်ဆွေဆွေ

Posted by ဧပရယ် ဆွေဆွေ on


အလျား အနံ ပေတံတွေဟာ
 ငါ့ခံစားမှုကိုတော့ မှီအောင်
တိုင်းနိုင်ကြမယ် မထင်ပါဘူး
   
 လိုအပ်ချက်တွေရဲ့ နိဂုံး
ဆန္ဒတွေရဲ့ အဆုံး
 သန့် စင်တဲ့နှောင်ထုံးဟာ
အသွား အပြန် နိယာမတွေမပါဘဲ
ဒီရင်ထဲချည်နေခဲ့တာ ကြာပါပြီ။

     ချစ်သူရေ ……….
 မင်းကို ဘယ်လောက်ချစ်လဲ
ရေတွက်ကြည့်ရင်တောင် ဂဏန်းမဆုံးတဲ့
 အချစ်ရဲ့ မြှုံးထဲမှာ
ဝဲကာလည်နစ်ရင်း
ပျော်မွေ့ စွာ ကူးခတ်နေခဲ့သူပါ။
    အံ့မဆုံးတဲ့ ကမ္ဘာကြီးမှာ
စစ်ပွဲတွေဖြစ်ချင်ဖြစ်စေ
အဓိကရုဏ်းတွေ ဖြစ်ချင်ဖြစ်နေပစေ
    ငါ့ရင်တွင်းက အချစ်စစ်ခင်းသလောက်
ငါစိတ်ဝင်စားမှာမဟုတ်ပါဖူး
    မင်းရဲ့ တစ်နေတာသာ
ငါ့ရဲ့ မနက် ငါ့ရဲ့ နေ့ ခင်း
ငါ့ရဲ့ ညတွင်းနဲ့ အရာအားလုံးဟာ
မင်း ဖြစ်နေခဲ့တာမို့ ပါ။

ဧပရယ်ဆွေဆွေ

Posted by ဧပရယ် ဆွေဆွေ on


လူတွေဟာ များသောအားဖြင့် အတိတ်မှာပဲ အချိန်ပေးတတ်ကြတာများပါတယ်။ ဘာမှလုပ်လို့ မရတော့တဲ့ အတိတ် အတွက် တန်ဖိုးရှိတဲ့ ပစ္စုပ္ပုန်ကိုသာမက အနာဂတ်လမ်းကိုပါ မေ့လျော့ပြစ်တတ်ကြသေးသည်။
    သင်သည် အတိတ်၏ သားကောင်လော။ထိုမေးခွန်းကို ဖြေလိုလျှင်လွန်ခဲ့သောနှစ်နဲ့  ယခုနှစ်၏ မိမိအခြေအနေကို ဆန်းစစ်ကြည့်နိုင်ပါသည်။ ယခင်နှစ်ကလည်း ဒီနေရာ ယခုနှစ်လည်း ဒီနေရာဆိုလျှင် သင်သည် ပိုကောင်းသော မနက်ဖြန်နှင့် လက်ရှိအချိန်တို့ ကို တော်တော်လေးဖြုန်းခဲ့ပြီဟု သဘောပေါက်သင့်သည်။ဆရာတာရာမင်းဝေပြောသလို ဘယ်နေရာမှ မရွေ့ တဲ့ လှုပ်ကုလားထိုင်ပေါ်ကလူ ဖြစ်နေပါပြီ။
    လှုပ်ပေမဲ့ မရွေ့ ဘူးဆိုရင် လမ်းပေါ်ဘယ်ရောက်တော့မလဲ။ တကယ်တော့လည်း လူတွေဟာ အနာဂတ်ထက် နိစ္စဓူဝ စားဝတ်နေရေး အခက်အခဲတွေရဲ့ ကြားမှာဘဲ တကယ်လက်တွေ့ ဘ၀ကို ပေးထားရပါတယ်။ နာရီ ၂၄ နာရီမှာ အလုပ်ချိန် ၈ နာရီ အိပ်ချိန် ၈ နာရီထား ကျန် ၈ နာရီကို ဘာအတွက် သုံးပါသလဲ။ 
    ခေါင်းတစ်လုံးချင်းတူသော်လည်း လူ လူချင်းပင် ကွဲပြားသွားရခြင်းမှာ ဦးနှောက်၏သတ္တိကြောင့်ပင်ဖြစ်သည်။  James Russel Loerl က ပြောဖူးသည်။ " အမှားအယွင်းများသည်  ဓားနှင့်တူသည်။ ကျွန်ုပ်တို့ ကို အကျိုးပြုမည်လော၊ ဒုက္ခပေးမည်လား ဆိုသည်မှာ ကျွန်ုပ်တို့  ဓားနှောင့်ကို ကိုင်မိသလား၊ ဓားသွားကို ကိုင်မိတာလားဆိုတာ အပေါ်တွင် မူတည်၏ "
ဓားနှင့်တူသော အမှားအယွင်းမှ သင်ခန်းစာမယူဘဲ ဆက်မှားနေဦးမည်လား။
တကယ်တော့ အတိတ်သည် အစွမ်းသတ္တိမရှိတော့သော ခြေရာလေးသာဖြစ်သည်။ ထိုခြေရာပေါ်တွင် ထပ်တင်ကာ အသစ် အသစ်တို့ ကိုဖြစ်စေခြင်းထက် ပြောင်းလဲမှုတွေနဲ့ ပြန်သီသင့်သည်။
အမှားမကင်းသောလူသားများတွင် အတိတ်က လုပ်မိခဲ့သောအမှားများစွာ ရှိကြမည်သာဖြစ်သည်။ ထိုအမှားသည် ဆက်မှားသင့်သည့်အမှားမဖြစ်ဖို့ သာလိုသည်။ ထိုအမှားကို ကြောက်ရွံ့ ပြီးနောင်တွင် မလုပ်မိအောင်သာ သင်ခန်းစာယူ ရမည်ဖြစ်သည်။အတိတ်၏အကြောင်းသည် မိမိ၏စိတ်တွင် မပြတ်ကျင်လည်နေပြီဆိုလျှင် ထိုလူ၏ လမ်းသည် ရှေ့ သို့ မည်သို့ မျှမရောက်နိုင်တော့မည်မဟုတ်ပေ။
    ကိုယ်လမ်းကိုယ်လျှောက်နေသည့် တန်ဖိုးကြီးသည့်လူသားများသည် အတိတ်ကိုပြန်မတမ်းတ။ အနာဂတ်ကို လည်း မမျှော်လင့်။ ပစ္စုပ္ပန်တည့်တည့်တွင်သာ သူတို့ ရှင်သန်၏။ နောင်တကင်းသော အတိတ်၊ လောဘမရှိသော အနာဂတ်အတွက် အကျိုးရှိသောပစ္စုပ္ပန်ကိုသာ အသုံးချသည်။ သင်၏ပိုကောင်းသော ………..အတွက်ကော ဘယ်လို အသုံးချမလဲ။

                                    ဧပရယ်ဆွေဆွေ

Posted by ဧပရယ် ဆွေဆွေ on
Related Posts Plugin for WordPress, Blogger...

۞۞۞အချိန်သည်လူ၏တန်ဖိုး۞۞۞

۞۞۞နွေးထွေးစွာကြိုဆိုပါတယ်۞۞۞


hit counter

۞۞۞ကိုယ်တော်စာပေ۞۞۞

http://www.kotawsarpay.com/

۞۞۞အွန်လိုင်းရွှေဝထ္ထုတိုဆု۞۞۞

۞۞۞ဘလော့ခရီးသည်۞۞۞

http://www.aungsanmks.com/

۞۞۞like လုပ်ပေးခဲ့ပါဦးနော်۞۞۞

Popular Posts

Blog Archive

Member ဝင်ပေးဖို့ဖိတ်ခေါ်ပါတယ်

သီချင်းလေးတွေနားထောင်ကြမယ်

dancer photo dancer_zpsbd8f2ed7.gif
သီချင်းတောင်းချင်ပါက dj@mmyos.com ကိုအပ်၍ တောင်းဆိုနိုင်ပါသည်

လိုအပ်သည်များပြောကြားခဲ့ပါနော်

Total Pageviews

လာရောက်အားပေးကြသူများ

လာရောက်သူတို့ရဲ့စကားသံလေးများ

flag counter

Flag Counter